ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ DKBA တပ်သား ၅ ဦးသေဆုံးပြီး အစိုးရစစ်တပ်မှ စစ်သား ၂ ဦးဒဏ်ရာ ရရှိကာ တိုက်ပွဲများကြောင့် ဒေသခံရာချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၈ ရက်နေ့ညက မြဝတီမြို့ပေါ်မှာ DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းနှင်လာတဲ့ အနက်ရောင် SURF အမျိုးအစား ကားကို အစိုးရ လုံခြုံရေး အဖွဲ့တွေက စစ်ဆေးဖို့ တားမြစ်ရာမှာ မောင်းထွက်သွားတဲ့ အတွက် စစ်တပ်က ပစ်ခတ် ဖမ်းဆီး ရာမှ DKBA တဦး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရစစ်တပ်က ထိရောက်သော ဖြေရှင်းမှုမျိုး ဆောင်ရွက်ခြင်းမရှိသည့်အတွက် DKBA နဲ့ အစိုးရစစ်တပ်အကြား တင်းမာမှုတွေ ဖြစ်ပွားပြီး ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တိုက်ပွဲများ စတင်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်၁၁ နာရီတွင် မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်တွင် မောင်းနှင်လာသော အစိုးရ စစ်တပ်ကားကို DKBA က အာပီဂျီနှင့် ပစ်ခတ်ခဲ့ပြီး ၂ ဘက်တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း၊ ယင်းနောက် အစိုးရ စစ်တပ် က မြဝတီမြို့တွင် စစ်တပ်အင်အား တိုးမြှင့်ချထားလိုက်ပြီး DKBA ဌာနချုပ် တည်ရှိရာ မြဝတီခရိုင်၊ ဝေါလေမြို့နယ် တွင် အစိုးရတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဝေါလေတွင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဆက်ဆံရေး အရာရှိဖြစ်သူဗိုလ်မှူးစောဇောရိုးက မြဝတီမြို့သည် အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး DKBA ဌာနချုပ်တည်ရှိရာ ဝေါလေတွင် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပြောဆိုသည်။
“မွန်ပြည်နယ်မှာ တိုက်ပွဲတွေ ဒီနေ့ (စက်တင်ဘာ ၂၉ ရက်) ပြန်ဖြစ်နေတယ်။ နောက်ထပ် တိုက်ပွဲတွေလည်း ဝေါလေ မှာ ထပ်ဖြစ်နေတယ် ဆိုပြီး သတင်း ပို့လာတယ်။ မနက် ၉ နာရီ နဲ့ ၁၁ နာရီ ၁၅ လောက်မှာ ၂ ခေါက်ဖြစ်သွားတယ်လို့ သတင်းပို့လာတယ်”ဟု ဗိုလ်မှူး စောဇောရိုးက ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အထိအခိုက်နှင့် အသေအပျောက် စာရင်းကို အတိအကျ မသိရှိရသေးသော်လည်း တိုက်ပွဲမှာ ပြင်းထန်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပါဝင်ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်တွင်လည်း DKBA နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး DKBA တပ်သား ၅ ဦးသေဆုံးပြီး အစိုးရစစ်သား ၂ ဦးဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲ စတင်ဖြစ်ပွားရခြင်းမှာ ကျိုက်မရောမြို့နယ်တွင် DKBA ၏ သေနတ်များကို အစိုးရစစ်တပ်က သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ စစ်တပ်နှင့် DKBA ကြား ဆွေးနွေးမှု တရပ် စက်တင် ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်စဉ် DKBA က စစ်သား ၂၀ ကို ထိန်းသိမ်းလိုက်ကြောင်း သိရှိရသည်။
စစ်သားများကို DKBA က ဖမ်းဆီးသည့်အတွက် အစိုးရစစ်တပ်က ကျိုက်မရောအနီးတွင် တပ်စခန်းများချထားရာမှ ၂ ဖက် တင်းမာ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်မှ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် DKBA က ဖမ်းဆီးထားသော စစ်သား ၂၀ ၏ သေနတ်များကို သိမ်းဆည်းပြီး စစ်သားများကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်မရော အနီးတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားကြောင်း သိရှိရသည်။
တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာတွင် တာဝန်ထမ်းဆောင် လျက်ရှိ သော ရဲအထူးသတင်းတပ်ဖွဲ့မှ ရဲအရာရှိ စိုးနိုင်ဦးက တိုက်ပွဲများအတွင်း DKBA တပ်သား ၅ ဦးကျဆုံးကြောင်း ထုတ်ဖော် ပြောဆိုပြီး အစိုးရစစ်တပ်မှ အထိအခိုက်ကျဆုံးမှုများနှင့်ပတ်သက်၍မူ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။
ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းထောက်တဦးနှင့် ဓာတ်ပုံဆရာတဦး တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းမှ ရွှေဝါချောင်ကျေးရွာသို့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိသွားရာ လမ်း တလျှောက်တွင် အစိုးရစစ်တပ်မှ စစ်သား ၁၀၀ ခန့် ချထားသည်ကို တွေ့မြင်ခဲ့ရသည်။
မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတချို့၏ အဆိုအရ အစိုးရစစ်တပ်မှ အင်အား ၁၀၀၀ ကျော် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ချထားကြောင်း သိရှိရသည်။
“ဒီ ကျိုက်မရော မှာ အစိုးရတပ်တွေ အများကြီးပဲ။ ကျွန်တော်တို့ ကိုဓာတ်ပုံလည်းပေးမရိုက်ကြဘူး။ ကျနော်တို့က ဒီပဋိပက္ခ ဖြစ်တဲ့ နေရာတွေ နဲ့ ဝေးဝေးမှာ သွားနေခိုင်းကြတယ်” ဟု ကျိုက်မရောမြို့ရောက် ဧရာဝတီ သတင်းထောက် က ပြောဆိုသည်။
အစိုးရစစ်တပ် နှင့် DKBA တပ်များအကြား မွန်ပြည်နယ် ကျိုက်မရော မြို့နယ်နှင့် ကရင်ပြည်နယ် မြဝတီခရိုင်များတွင် တိုက်ပွဲများ သီးခြားစီ ဖြစ်ပေါ်ခဲ့ရာ မြဝတီမြို့ခံ ၁၀၀ ခန့် သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် သောင်ရင်း မြစ်ကို ဖြတ်ကျော်၍ မဲဆောက်သို့ ပြောင်းရွေ့ ခဲ့ကြကြောင်း၊ သို့သော်လည်း တိုက်ပွဲများ ရပ်တန့် သွားပြီးနောက် မြဝတီမြို့သို့ ပြန်လည် ရွှေ့ပြောင်းလာကြောင်း၊ အလားတူ ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်မှာ လည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။
(စောရန်နိုင်နှင့် လဝီဝမ် ပူးပေါင်းရေးသားသည်)