မွတ်စလင်ဆန့်ကျင်ရေး ဦးဆောင်သံဃာတဦးဖြစ်တဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ (အရှင်ဝိစိတ္တာ ဘိဝံသ) က ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ သီရိလင်္ကာနိုင်ငံ အခြေစိုက် အစွန်းရောက် ဘာသာရေး အုပ်စု လို့ သတ်မှတ်ခံနေရတဲ့ Bodu Bala Sena (ခေါ်) ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့နဲ့ ၉၆၉ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် မယ်လို့ ပြောဆိုလိုက်တာမို့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ အဓိက ရုဏ်း တွေ ထပ်ဖြစ် မလား ဆိုပြီး နိုင်ငံရေးလေ့လာစောင့်ကြည်သူတွေက စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ Bodu Bala Sena အဖွဲ့ရဲ့ညီလာခံမှာ ဦးဝီရသူက မြန်မာနိုင်ငံက ၉၆၉ လှုပ်ရှားမှုနဲ့ Bodu Bala Sena(BBS) အဖွဲ့ တို့ ပူးပေါင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုကို ရည်ညွှန်း ပြောဆို တဲ့အခါမှာ “My 969 Movement” ဆိုပြီး ရည်ညွှန်းပြောဆိုပါတယ်။ ဦးဝီရသူဟာ BBS အဖွဲ့ရဲ့ အထူး ဧည့်သည်တော် အဖြစ် ညီလာခံကို တက်ရောက်ခဲ့တာဖြစ်ပြီး ဦးဝီရသူကို ပြည်ဝင်ခွင့် မပေးဖို့ သီရိလင်္ကာ ခရစ်ယာန်၊ အစ္စလမ် ဘာသာဆိုင်ရာ အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဦးဝီရသူကြောင့် သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထပ်ဖြစ်လာမလားဆိုပြီး သီရိလင်္ကာနိုင်ငံ သားတွေ စိုးရိမ်ကြသလို မြန်မာ့နိုင်ငံရေးလေ့လာသူတွေကလည်း ဦးဝီရသူအနေ နဲ့ သီရိလင်္ကာ အစွန်းရောက် ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ BBS အဖွဲ့နဲ့ ချိတ်ဆက်လာမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အဓိကရုဏ်းတွေ ထပ်ဖြစ်မှာကို စိုးရိမ် နေကြ ပါ တယ်။ ဒီလို စိုးရိမ်ရတဲ့ အကြောင်းအရင်းကလည်း BBS ရဲ့ ဖွဲ့စည်းလာပုံနဲ့ နိုင်ငံရေးမှာ သက်ရောက်မှု ကြီးမားပုံတို့ကြောင့် ပါပဲ။
ထေရဝါဒ ဗုဒ္ဒ္ဓဘာသာ ထွန်းကားတဲ့ သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေး က ရောယှက်လွန်းလှပြီး ဘုန်းကြီးတွေက နိုင်ငံရေး မှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပါတယ်။ အစွန်းရောက် ဘုန်းတော်ကြီး ၂ ပါးက ၂၀၁၂ ခုနှစ်မှာ BBS အဖွဲ့ကို ထူထောင်ခဲ့ပြီး မွတ်စလင် ဆန့်ကျင်ရေး ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ BBS အဖွဲ့ရဲ့ လှုံ့ဆော်မှုတွေကြောင့် ၂၀၁၄ ခုနှစ် ၊ ဇွန်လမှာ ဗုဒ္ဓဘာသာ ဝင် တွေနဲ့ အစ္စလမ်ဘာသာဝင်တွေကြားမှာ အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံး ကာ ၈၀ ကျော်ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့လူမျိုးရေး အဓိကရုဏ်းတွေမှာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ခဲ့ပြီး ၉၆၉ တံဆိပ် တွင်ကျယ်ရေး လုပ်ဆောင်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်က မွတ်စလင် ဆန့်ကျင်ရေး တရားတော်တွေ ဟော ပြောခဲ့ကြ ပါတယ်။
၉၆၉ လှုပ်ရှားမှုနဲ့ နာမည်ကျော်ကြားလာတဲ့ အရှင်ဝီရသူက “ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့” တရား ဟော ပြော မှုမှာ မွတ်စလင် ဆန့်ကျင်ရေးကို ဦးတည်ပြောဆိုတဲ့အပြင် မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံခေါင်းဆောင် တွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းကိုနိုင်ကို မွတ်စလင် နောက်လိုက်တွေ ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ ၉၆၉ လှုပ်ရှားမှုတွေ အရှိန်မြှင့်လာပြီးနောက် ၂၀၁၂ ခုနှစ် ရခိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း၊ မိတ္ထီလာအဓိကရုဏ်း အပါအဝင် အဓိကရုဏ်း များစွာ ဆက်တိုက် ဆိုသလို ဖြစ်ပွား ခဲ့ပါ တယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ အမုန်းစကား ဖြန့်ချိနေတဲ့ ဟောပြောချက်အခွေတွေနဲ့ ဦးဆောင် လှုပ်ရှားသူ တွေ ကို အရေးမယူတဲ့အပြင် လွှတ်တော်မှာ မျိုးစောင့် ဥပဒေ တွေ ရေးဆွဲတင်သွင်းဖို့အထိ လုပ်ဆောင် လာ ပါတယ်။
အဲဒီနောက် အစိုးရရဲ့ အရေးမယူမှုကြောင့် ၉၆၉ လှုပ်ရှားမှုနဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေက တဖြည်းဖြည်း ကြီးထွားလာပြီး နိုင်ငံရေး ဆန်လာပါတယ်။ နိုင်ငံခြားသား သားသမီး၊ ဆွေမျိုးရှိရင် သမ္မတဖြစ်ခွင့်မရှိဆိုတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေး ဆိုတဲ့ ဦးတည် ချက်တွေအဖြစ် သိသိသာသာ အသွင် ပြောင်းသွားပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြွေးကြော်နေတဲ့ သမ္မတ ဦးသိန်းစိန် ကလည်း အမျိုးသားရေးဝါဒီ တဦး အဖြစ် ပုံစံပြောင်းလဲသွားခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ ပြုပြင် ပြောင်း လဲရေး လို့ ဘယ်လိုပဲ ပြောပေမယ့် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစေမယ့် အမုန်းစကား ဖြန့်ဖြူး နေမှု တွေကို အရေးယူဖို့ ပျက်ကွက် နေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို အခုအချိန်အထိ မချေဖျက်နိုင် သေးပါဘူး။
ဦးဝီရသူအနေနဲ့ သီရိလင်္ကာ အခြေစိုက် BBS အဖွဲ့နဲ့ ၉၆၉ လှုပ်ရှားမှု ချိတ်ဆက်မယ်လို့ ဆိုလာတာကြောင့် ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီ အဓိကရုဏ်းတွေ ထပ်ဖန်တီးပြီး ရွေးကောက်ပွဲမှာ ရှုပ်ထွေးအောင်၊ နိုင်ငံရေး အမြတ်ထွက်အောင် လုပ်လာမှာတွေကို စိုးရိမ်စရာရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဖိနှိပ် အုပ်ချုပ်တဲ့ စစ်အစိုးရလက်အောက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့တဲ့ NLD ကို လူထုက ထောက်ခံခဲ့ပေမယ့် ဘာသာ ရေး နဲ့လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားလာ ချိန်မှာ လူများစုဘက်ကို မလိုက်ဘဲ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုပဲ NLD က အလေးပေး ပြောဆိုခဲ့ပါတယ်။
ဒီအတွက်ကြောင့်ပဲ NLD ကိုထောက်ခံတဲ့ ဆန္ဒမဲ လျော့ကျသွား နိုင်တယ်လို့ သုံးသပ်မှု တွေလည်းရှိပါတယ်။ BBS ညီလာခံ တက်ရောက်ခဲ့တဲ့ ဦးဝီရသူအနေနဲ့ ၉၆၉ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့နေရာမှာ နည်း စနစ် အသစ်၊ ပုံစံ သစ် တွေအပြင် ထောက်ပံ့မှုအသစ်တွေလည်း ရကောင်းရနိုင်တာမို့ ပိုပြီး စိုးရိမ်စရာရှိတယ်လို့ ဆိုသူတွေ လည်းရှိပါတယ်။
မြန်မာနိုင်ငံနဲ့ မဟာမိတ်ဖြစ်ဖို့ ကြိုးစားနေတဲ့ အမေရိကန်နိုင်ငံအတွက် မြန်မာအစိုးရရဲ့ အမုန်းစကားပင်မ ဖြန့်ဖြူးသူတွေကို အရေးမယူမှုနဲ့ အဓိကရုဏ်းတွေအပေါ်မှာ ကိုင်တွယ်ပုံညံ့ဖျင်းတာတွေက မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြီးမားတဲ့ အဟန့်အတားကြီးတွေဖြစ်နေပါတယ်။
မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ စတင် ပြီး သိပ်မကြာခင် ၂၀၁၂ ခုနှစ်အတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတဦး မုဒိမ်းကျင့်ခံရာ ကစလို့ နိုင်ငံတဝန်း ဘာသာရေး အဓိကရုဏ်းတွေ စတင်ခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေမှာ အစိုးရရဲ့ ကိုင်တွယ်မှု က မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ အဓိကရုဏ်းတွေ အချိန်မီ မတားဆီးနိုင်ခဲ့ပါဘူး။
အထူးသဖြင့် ၂၀၁၃ ခုနှစ် မိတ္ထီလာ အဓိကရုဏ်းအစပျိုးချိန် ဦးဝီရသူ မိတ္ထီလာသွားရောက် ပြီးကာမှ အဓိကရုဏ်းတွေ အရှိန်မြှင့် လာခဲ့ပါတယ်။ အစိုးရအနေနဲ့ မွတ်စလင် ဆန့်ကျင်ရေး ဟောပြော လှုံ့ဆော်နေတဲ့ ဦးဝီရသူကို အရေးမယူ တဲ့အပြင် မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး လှုပ်ရှားမှုတွေ၊ သာသနာ ဆိုင်ရာ အစည်းအဝေးတွေမှာ လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားပါတယ်။
အခုနောက်ဆုံး သီရိလင်္ကာ နိုင်ငံကို သွားရောက်ပြီး အစွန်းရောက် BBS အဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက် ခွင့်ပြုလာတဲ့ အထိပါပဲ။ မွတ်စလင် ဆန့်ကျင်ရေး အမုန်းစကားတွေ ဖြန့်ဖြူး နေတဲ့ ဦးဝီရသူ ကို အရေး မယူဘူး ဆိုရင် အမေရိကန်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်တဲ့အပြင် ဘာသာရေးနဲ့ လူမျိုးရေး အပေါ် အခြေပြုတဲ့ မဲဆွယ်လှုပ်ရှားမှုတွေ ၂၀၁၅ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာနိုင်တာမို့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို လည်း ပျောက်ဆုံး စေမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကြောင်းကို သွားမလဲဆိုတဲ့ စံသတ်မှတ်ချက် တခုဖြစ်လိမ့်မယ်လို့ ပြောဆိုထားတာမို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အဓိကရုဏ်း တွေမဖြစ်ပွားဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာ ထင်ရှားစေပါတယ်။ နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အာရှထိပ်သီး အစည်း အဝေးကို အမေရိကန် သမ္မတ အိုဘားမား တက်မယ့် ကိစ္စ၊ အမေရိကန်တပ်မတော်နဲ့ မြန်မာတပ်မတော် ဆက်ဆံရေး၊ ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေရတဲ့ ၂ နိုင်ငံဆက်ဆံရေး အတွက် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ဖို့ အရေး ကြီးပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ဘာသာဝင်တွေကြား ပဋိပက္ခ တွေ နဲ့ပတ်သက်လို့ အထူးစိုးရိမ်တယ်လို့ စက်တင်ဘာလဆန်းပိုင်း နယူးယောက်၊ ကုလသမဂ္ဂမှာ ကျင်းပတဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများ အစည်းအဝေးမှာထုတ်ဖော်ပြောဆိုထားပါတယ်။ မြန်မာ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရင်း ခံတွေကို သေချာစွာ မဖြေရှင်း၊ အရေးမယူဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ထိခိုက်မယ်လို့ ဘန်ကီးမွန်းက သတိပေးပါတယ်။
သီရိလင်္ကာ BBSအဖွဲ့ နဲ့ ၉၆၉ လှုပ်ရှားမှုတို့ ဆက်ဆံရေး ထူထောင်ပြီးမှ အဓိကရုဏ်းတွေဖြစ်လာမယ်ဆိုရင် အဓိကရုဏ်း တွေရဲ့ ပင်မ အမုန်းစကား ဖြန့်ဖြူးသူ မှန်သမျှကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဖို့လိုတဲ့အပြင် အဓိကရုဏ်း တွေ ထပ်မဖြစ်ပွားဖို့ အခုအချိန်ကစလို့ မျက်ခြေမပြတ် သတိထားစောင့်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။