Politics

ရွှေဝါရောင် တော်လှန်ရေးနှင့် အရှင်ဂမ္ဘီရ

This article has been converted from Zawgyi One to Unicode

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဒုတိယအကြီးမားဆုံး လှုပ်ရှားမှုကြီး ဖြစ်သည့် ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးသည် ယခု စက်တင်ဘာလတွင် ၇ နှစ်တိုင်ခဲ့လေပြီ။

၂၀၀၇ ခုနှစ်ရွှေဝါရောင် တော်လှန်ရေးသည် ဆင်းရဲတွင်းနက်နေသည့် မြန်မာပြည်သူများ၏ စားဝတ်နေရေး မပြေလည်မှုများနှင့် ဖိနှိပ်ခံနေရမှုများအပေါ် စာနာ၍ သံဃာတော်များက ရန်ကုန်နှင့်နယ်မြို့များတွင် မေတ္တာပို့လျက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

သံဃာတော်များက“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ….”စသည်ဖြင့် မေတ္တာပို့များ ရွတ်ဆို၍ စီတန်းလှည့်လည် ခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတိတိတွင် သံဃာထုက ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြသည်။

အရှင်ဂမ္ဘီရ(ဓာတ်ပုံ – Khin Maung Win)

အစိုးရ အပါအဝင် ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုများကို ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်များက မည်သည့် အလှူပစ္စည်း ကိုမျှ လက်ခံခြင်း မပြုသည့်အပြင် တရား ဓမ္မလည်း ဟောကြားခြင်းမပြုရ ဟူသည့် ကံဆောင်မှုကို မြန်မာနိုင်ငံ မြို့ကြီးများစွာနှင့် တပြိုင်တည်း အမေရိကန်၊ ဥရောပ စသည့် နိုင်ငံတကာတွင် ရောက်ရှိ သီတင်းသုံးနေသော သံဃာတော်များကပါ ကမ္မဝါစာ ရွတ် ဖတ်၍ တညီတညွတ်တည်း ကံဆောင်ခဲ့ကြသည်။

ထိုအချိန်က မြန်မာနိုင်ငံတဝန်း လမ်းမများပေါ် ထွက်၍ သံဃာတော်များ၏ မေတ္တာပို့ ဆုတောင်း ဆန္ဒဖော်ထုတ်မှုကြီးတွင် အများပြည်သူများစွာကလည်း ပါဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စက်တင်ဘာ ၂၆ ရက်၊ ၂၇ ရက်နေ့များ၌ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များက သံဃာ တော် များနှင့် ဘာသာပေါင်းစုံ ပြည်သူများအား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများဖြင့် ဖြိုခွဲမှုများပြုလုပ်ခဲ့သည်။

ဘုန်းတော်ကြီးကျောင်း တချို့ကိုလည်း အကြမ်းဖက် စီးနင်းဝင်ရောက်၍ သံဃာတော်များကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်သည်။ ထိုစဉ်က နအဖ စစ်အစိုးရတွင် ယခု သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ဝန်ကြီးချုပ် တာဝန်ယူထားသည်။

ရွှေဝါရောင် တော်လှန်ရေး ကာလ သံဃာတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို လက်အုပ်ချီ တောင်းပန် နေစဉ် (ဓာတ်ပုံ – Reuters)

စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ ထိုသို့ ရက်စက်စွာ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖမ်းဆီးပစ်ခတ် အရေးယူမှုများကို ကမ္ဘာတလွှားက အံ့သြတုန်လှုပ်ခဲ့ကြသည်။

ထိုစဉ်က ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ ကို အစိုးရစစ်တပ်က ပစ်ခတ်၍ သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးဖြစ်ပေါ်စေရန် ထင်ရှားသည့် အချက်တခုမှာ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် အစိုးရက လောင်စာဆီ ဈေး ရုတ်တရက် မြှင့်တင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချက်အပေါ် မကျေနပ်မှုများ ဖြစ်လာပြီး ကန့်ကွက် တောင်းဆိုမှုများ လုပ်ဆောင်လာသည်ကို သံဃာတော်များ အနေဖြင့် လည်း ပြည်သူ လူထုဘက်မှ ရပ်တည်၍ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ပခုက္ကူ၊ စစ်တွေ၊ ပဲခူး စသည့် ဒေသများက သံဃာများကလည်း ငြိမ်းချမ်းစွာစုဝေး၍ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ပခုက္ကူ သံဃာတော်တချို့ကို စစ်သားများက ရိုက်နှက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။

ယင်းသို့ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ၂၀၀၇ စက်တင်ဘာလ ၁၇ ရက် မတိုင်ခင် ပခုက္ကူ သံဃာများကို ကျေနပ်သည်အထိ တောင်းပန်ရန် အစိုးရကို တိုက်တွန်းပြောကြားခဲ့သည့် သံဃာ့လှုပ်ရှားမှု စတင်ခဲ့သည်။

 

စက်တင်ဘာ ၉ ရက်နေ့တွင် အခြား သံဃာ့ အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကိုလည်း ဖွဲ့စည်းခဲ့သည်။

အစိုးရဘက်က မတောင်းပန်ခဲ့၍ ၁၉၉၁ ခုနှစ်ပြီးနောက် ဒုတိယ အကြိမ် ရဟန်း သံဃာတော်များက တညီတညွတ်တည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့သူများအနက် ထင်ရှားသူတဦးမှာ သံဃာ့ တပ်ပေါင်းစု အဖွဲ့မှ အရှင် ဂမ္ဘီရ ဖြစ်သည်။

အရှင် ဂမ္ဘီရသည် ရွှေဝါရောင်လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး စခန်းများတွင်လည်း ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည်။ မိသားစုဝင် တချို့လည်း ဖမ်းဆီး အရေးယူခံခဲ့ရသည်။

စစ်အစိုးရက အရှင်ဂမ္ဘီရကို အမှု ၁၇ မှုဖြင့် တရားစွဲဆို၍ ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ် (သီးခြား) ပြစ်ဒဏ် ပေးခဲ့သည်။ တခြား သော သံဃာများကိုလည်း စံနမူနာပြ အနေနှင့် ထိုသို့ ပြစ်ဒဏ်ချပြခြင်း ဖြစ်သည်ဟု ယူဆရသည်။

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရဟု လူသိများခဲ့သည့် လူအမည် ကိုညီညီလွင် ကို မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ကိုင်းလယ် ကျေးရွာ၌ ဆန်စက်လုပ်ငန်း လုပ်ကိုင်ကြသည့် အဘ ဦးမင်းလွင်၊ အမိဒေါ်ရေးတို့က ၁၉၇၉ ခုနှစ် ဇွန်လ ၁၉ ရက်တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦး အနက် ပဉ္စမမြောက် သားဖြစ်သည်။

မွေးချင်းများမှာ ကိုအောင်ကျော်ကျော်၊ မခင်သူေဋ္ဌး၊ ကိုသူရ(ကွယ်လွန်)၊ မလွင်လွင်မြင့်၊ ကိုအောင်ကိုကိုလွင်၊ ကိုလွင်မောင်မောင် တို့ဖြစ်သည်။

အသက် ၅ နှစ်သားအရွယ်တွင် ကိုင်းလယ်ရွာမှ ပေါက်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် အမှတ် ၄ အခြေခံ ပညာ မူလတန်းကျောင်းတွင် မူလတန်းပညာကို စတင် ဆည်းပူးခဲ့သည်။ စတုတ္တတန်း ကျောင်းသားဘ၀ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အထွေထွေ သပိတ်ကြီးဖြစ်ပွားချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်က ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် ကိုညီညီလွင်၏ ဖခင်နှင့်အစ်ကိုကြီးတို့သည် ပခုက္ကူ ထောင်၌ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

၁၉၉၂ ခုနှစ် ဖခင်ထောင်က ပြန်လွတ်လာပြီး ပဉ္စမတန်းတွင် ပညာဆည်းပူးနေခိုက် တပ်မတော်သားဟောင်း ဖခင်က သားသမီး အပေါ် ဆုံးမမှု ကြမ်းတမ်းသည်ကို မကျေနပ်၍ ပခုက္ကူ စစ်သား စုဆောင်းရေးတပ်သို့ သွားရောက်ပြီး ကလေး စစ်သားအဖြစ်နှင့် စစ်မှုထမ်းခဲ့သည်။

ပခုက္ကူ စစ်သားစုဆောင်းရေးမှတဆင့် မန္တလေး နန်းတွင်းရှိ စစ်သားစုဆောင်းရေးကို ထပ်မံ ပို့ဆောင်ခံရပြီး မင်္ဂလာဒုံ ဗဟို စစ်သား စုဆောင်းရေးသို့ ရောက်ခဲ့သည်။ ထိုမှတဆင့် ပဲခူးတိုင်း အင်းတကော်မြို့နယ်ရှိ တပ်မ ၇၇ လက်အောက်ခံ အမှတ် ၁၀၇ ခြေမြန်တပ်ရင်း၏ စစ်သားလေ့ကျင့်ရေး သင်တန်းကျောင်းသို့ အပတ်စဉ် ၉/၉၂ တွင် ကလေးစစ်သားအဖြစ် စစ်သင်တန်း တက်ရောက်ခဲ့သည်။

၆ လကြာ တပ်သားသင်တန်းတွင် ပင်ပန်းကြီးစွာ လုပ်ရသည့် အလုပ်များကို အဓမ္မ ခိုင်းစေခြင်း၊ ပြင်းထန်သည့် အပြစ်ပေးခြင်း၊ စသည့် ကြီးနိုင်ငယ်ညှဉ်း လုပ်ရပ်များကိုမခံနိုင်၍ သင်တန်းတက်ရောက်ပြီး ၄ လ ခန့်အကြာတွင် ထွက်ပြေးခဲ့သည်။

ထို့နောက် ၁၉၉၃ ခုနှစ်ဆန်းပိုင်း ပခုက္ကူနယ်တွင်း သွားရောက်၍ ရှောင်တိမ်းနေခဲ့ပြီး ပခုက္ကူမြို့နယ် ပခုက္ကူအလယ်တိုက် ကျောင်း ခွဲ၊ ဦးဗဒုမ၏ ရွှေကူ ဘုရားကြီးကျောင်းတွင် ဆရာတော် ဦးရသဓမ္မအား  ဥပဉ္စာယ် ပြု၍ ရှင်သာမဏေ အဖြစ် သာသနာ့ဘောင် ဝင်၍ ငယ်စာဝါများ စတင်လေ့လာခဲ့ရာ ၃ နှစ်ကြာမြင့်ခဲ့သည်။

ထို့နောက် ပေါက်မြို့သို့ ပြန်သွားချိန်တွင် မိသားစု စီးပွားရေး အဆင်မပြေမှုကြောင့် ရှင်သာမဏေ ဘဝကို စွန့်ကာ လူ ဝတ်လဲ၍ မိသားစု အလုပ်များကို ဝိုင်းဝန်း လုပ်ကူခဲ့ပြန်သည်။

အသက် ၁၇ နှစ်သားအရွယ်တွင် ပေါက်မြို့နယ် လေသာတောင်ကျောင်းတိုက်တွင် ဒုတိယအကြိမ် ရှင်သာမဏေ ဘဝကို ပြန် လည် ရယူပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ရတနာ ဗိမ္မာန် စာသင်တိုက်၌ စာဝါများကို လေ့လာဆည်းပူးခဲ့သည်။

အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်သည် အဆိုပါ စာသင်တိုက်၌ ပထမငယ်တန်း စာဝါလိုက်ဆဲ ကာလတွင် လှည်းကူး မြို့နယ်က ရဟန်း ဒကာ၊ ဒကာမ တို့က ရဟန်းခံပေး၍ အသက် ၁၉ နှစ် ကျော်အရွယ် ၁၉၉၉ ခုနှစ်တွင် ဘန္ဒတ သီရိန္ဒာဘိဝံသအား ဥပဉ္စာယ် ထား၍ လှည်းကူး ရတနာ ဗိမ္မာန်သိမ်တော်တွင် ရဟန်းဘ၀ ခံယူခဲ့ပြီးနောက် ပထမငယ်တန်း အောင်မြင်ခဲ့သည်။

ထို့နောက် ပထမလတ်တန်း စာဝါများလိုက်ရန် အင်းစိန်ရွာမ စာသင်တိုက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် မအူပင် မြို့နယ် မဟာဗောဓိ ကျောင်းတိုက်၊ ဦးဝိလာသ ကျောင်းတိုက်တွင် ပထမလတ်တန်း စာဝါများ ဆက်လက်ဆည်းပူး လေ့လာခဲ့ပြီး ပထမလတ် တန်း အောင်မြင်ခဲ့သည်။

ရဟန်းဘဝတွင် “အမျိုးပျောက်မှာ စိုးကြောက်စရာ”၊ “သူ့ထက်အေးတဲ့ သာသနာ” စသဖြင့် အမျိုးသားရေး အစွန်းရောက် မှိုင်းများလည်း မိခဲ့ပြီး အစ္စလမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ရဟန်းဘဝဖြင့် ရွှေကူ ဘုရားကြီး တိုက်ကျောင်းတွင် ပြန်၍ သီတင်းသုံးနေထိုင်ရင်း ပခုက္ကူ အလယ်တိုက်၌ ပထမကြီးတန်းစာဝါများ လိုက်ပြီး ထောက်ကြံ့တောရတွင် ဆက် လက်၍ ပထမကြီးတန်း ဖြေဆိုခဲ့ရာ မအောင်မြင်ခဲ့ပေ။ ထို့နောက်ပိုင်း ဖခင်ဖြစ်သူနှင့် ဆွေးနွေးပြီးနောက် အမျိုးသားရေး အစွန်း ရောက်မှုကို စွန့်လွှတ်ခဲ့သည်။

အလုံမြို့နယ် ကရင်ကျောင်းခေါ်သော သဒ္ဒမ ဝံသာရုံ ဘုန်းကြီးကျောင်းတွင် ပထမကြီးတန်းကို အပတ်တကုတ်ကြိုးစားဖြေ ဆိုခဲ့ ရာ ၂၀၀၂ ခုနှစ်က အောင်မြင်ခဲ့ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သို့ သာသနာပြု စေလွှတ်ခံခဲ့ရသည်။

လှိုင်းဘွ့ဲတွင် ရှင်သာမဏေနှင့် ရဟန်းငယ်များအား စာချကိုယ်တော်အဖြစ် သာသနာ့တာဝန် ထမ်းရွက်ခဲ့သည်။ တချိန်းတည်းတွင် တခြားသော ရဟန်းတော်များနှင့် တိတ်တဆိတ် စုဝေးမှုများ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အာဏာရှင် ဖယ်ရှားရေး၊ သာသနာ ထွန်း ကား ရေးတို့ အတွက် လျှို့ဝှက် လုပ်ဆောင်မှုများ စတင်ခဲ့သည်။

အခြား ဘာသာသာသနာကို တိုက်ခိုက်ပြောဆိုခြင်း၊ ခွဲခြား ကန့်သတ်ခြင်းများတွင် ယုံမှားသံသယဖြစ်နေသူများ အချင်းချင်း ညှိနှိုင်း ဆွေးနွေးကြပြီး ဗုဒ္ဓ၏အဆုံးအမများကို မျှဝေရေး စသည်တို့ကို ဆွေးနွေးတိုင်ပင်၍ သာသနာ ထွန်းကားရေး၊ တိုင်းပြည် နိုင်ငံ ရေး စနစ်ကောင်းမွန်စေရေးအတွက် ကွန်ရက်ချိတ်ဆက် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ထိုစဉ်က အင်တာနက်ကို ခက်ခဲစွာသုံးစွဲ၍ သံဃာတော်များ ညီညွတ်ရေး၊ ဆွမ်းဒကာ၊ ဒကာမ များ၏ အကျိုးကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆက်သွယ် ဆောင်ရွက်မှုများတွင် အဓိက ပါဝင်ခဲ့သည်။

ဇာတိပေါက်မြို့နယ်တွင် စာကြည့်တိုက်တခုကိုလည်း ဦးဆောင်ပါဝင် တည်ဆောက်ခဲ့သည်။

ထို့နောက် ရန်ကုန် ထောက်ကြံ့ ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ သီတင်းသုံးပြီးနောက် မန္တလေးမြို့ အပါအဝင် အထက်မြန်မာနိုင်ငံရှိ ရဟန်း သံဃာတော်များကို သွားရောက် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ကြည့်မြင်တိုင်ရှိ လန်ဒန် ဦးမြင့်ဆွေ ဦးစီးဖွင့် လှစ်သည့် ဗုဒ္ဓတက္ကသိုလ်တွင် ဒီပလိုမာတန်းတခု လေ့လာသင်ယူ၍ အင်္ဂလိပ်စာကိုလည်း လေ့လာခဲ့သည်။

၂၀၀၅ ခုနှစ်ကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မြန်မာအတိုက်အခံများရှိရာ မဲဆောက်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံရေး အံတုမှု သင်တန်းကိုလည်း တက်ရောက်လေ့လာခဲ့သည်။ ထို့နောက်ပိုင်း မြို့ကြီးများရှိ တခြားသော သံဃာတော်များကိုလည်း ထို သင်တန်း သို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်။

သင်တန်း မတက်နိုင်သည့် သံဃာများကို ပြည်တွင်း၌ လျှို့ဝှက် သင်တန်းများ ဆင့်ပွားပို့ချခဲ့သည်။ နောက်ပိုင်း လူ့ အဖွဲ့အစည်း ဆိုင်ရာ ဦးဆောင်မှု စွမ်းရည်မြှင့် သင်တန်းကိုလည်း ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ ထပ်မံသွားရောက်၍ လေ့လာသင်ယူခဲ့သည်။

၂၀၀၆ ခုနှစ်အတွင်း သတင်းမီဒီယာတချို့နှင့် မေးမြန်းခန်းများတွင် အရှင် ဂမ္ဘီရ အမည်ဖြင့် မြန်မာ့နိုင်ငံရေးတွင် ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်များ၏ အခန်း ကဏ္ဍနှင့် ပတ်သက်၍ ပြောကြားမှုများ စတင်လုပ်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ မြေလတ် ၁၃ မြို့နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်များတွင် သံဃာ့ကွန်ရက်များကို ပူးပေါင်း ပါဝင် ဖွဲ့စည်းလျက် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အဖမ်းခံရမှု၊ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ဦးဆောင် သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါ ဝတ်အသင်း ဆိုင်ရာများတွင် အစိုးရ၏ မတရား လုပ်ဆောင်မှုများကို ဝေဖန် ဖော်ထုတ်ပြောဆိုမှုများလည်း လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ် မတ်လနှင့် ဧပြီလ တို့တွင် တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းဆီးမှုများ ချုပ်ငြိမ်းသွားစေရေး ရဟန်းတော်များအနေဖြင့် မေတ္တာဖြင့် ဖြန်ဖြေ၍ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှုရစေရန် သံဃာတော်များအတွင်း ဆွေးနွေးဖလှယ်မှုများလည်း ပြုလုပ် ခဲ့သည်။

ထို့နောက်ပိုင်း အာဏာပိုင်များက လိုက်လံ ဖမ်းဆီး၍ ထွက်ပြေး တိမ်းရှောင်နေရပြီး ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာပြည် တလွှား မြို့နယ်များကို လှည့်လည်၍ လှုပ်ရှားမှုကို ဆက်လက် ဦးဆောင်ပါဝင်နေခဲ့သည်။

ထိုကဲ့သို့ ပြေးလွှားရှောင်ပုန်းနေစဉ် အရှင်ဂမ္ဘီရသည် “ကြောက်တယ်ဆိုတာ ဘာလဲ”ဟူသည့် ဆောင်းပါး တပုဒ်ကို ရေးသားခဲ့ပြီး နယ်စပ်ရှိ နိုင်ငံရေး အဖွဲ့အစည်းတခုမှတဆင့် ဘာသာပြန်ပေးမှုကြောင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ပို့စ် သတင်းစာတွင် ခေါင်းကြီး ပိုင်း သတင်းဆောင်းပါး တပုဒ် အဖြစ် ဖော်ပြခံခဲ့ရသေးသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက် နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရပြီး ပြင်းထန်သည့် နှိပ်စက်ညှဉ်းပန်းမှုများလုပ်ဆောင်၍ မန္တလေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ ထိုမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်၍ ချုပ်နှောင် တိုက်ပိတ် ထားခြင်း ခံရသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လတွင် တရားရုံးစတင် ထုတ်ခဲ့အပြီး စုစုပေါင်း အမှု ၁၇ မှုဖြင့် တရားစွဲဆိုကာ တမှုချင်းအား စီရင်ချက်ချ အပြီး နောက်ဆုံး စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် သီးခြားစီကျခံရမည်ဟု တရားရုံးများက အမိန့်ချ မှတ်ခံခဲ့ရသည်။ ထို့နောက် အယူခံ ၃ နှစ်လျှော့ပေါ့ပေး၍ ၆၅ နှစ်အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရသည်။

နောက်ပိုင်း၌ အကျဉ်းထောင်များတွင် အစာငတ်ခံ ဆန္ဒပြမှုများကြောင့် အကြိမ်ကြိမ်ထောင်ပြောင်းရွှေ့ခြင်း ခံရကာ မန္တလေး အိုးဘိုထောင်၊ ခန္တီးထောင်၊ ကလေး ထောင်၊ မြောင်းမြ ထောင်များသို့ ပို့ဆောင်၍ သီးခြားခွဲထားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီ လလယ်ပိုင်းတွင် အရှင်ဂမ္ဘီရသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်း ထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

လွတ်မြောက်ပြီးပြီးချင်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အစိုးရ အာဏာပိုင်များ ချိတ်ပိတ်သော့ခတ် ထားသည့် မဂ္ဂင်ကျောင်း တိုက်အား ရိုက်ချိုးဖွင့်လှစ် သီတင်းသုံးနေထိုင်ခြင်းကြောင့် သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရသည်။

၅ ကြိမ်တိုင် ဖမ်းဆီး စစ်မေးခြင်းများခံရပြီးနောက် အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေး စခန်းများတွင် ရရှိခဲ့သည့် ဒဏ်များကြောင့် ဆေးကုသမှု ခံယူခဲ့ရသည်။

ထို့နောက် လူဝတ်လဲလိုက်ပြီး ကိုညီညီလွင် အဖြစ် ဘဝကို ဖြတ်သန်း၍ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ သည်။

ယခုအခါ စစ်ကြောရေးနှင့် အကျဉ်းထောင်တွင်း ညှဉ်းပန်းခံခဲ့ရသည့် ဒဏ်များကြောင့် ခွဲစိပ်မှုအငယ်စားတခု ပြုလုပ်ပြီးနောက် ဆက်လက် ဆေးကုသမှု ခံယူရင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သား သမီးများကို အင်္ဂလိပ်စာ ပညာဒါန အခမဲ့ သင်ကြားပေးလျက် ရှိပါသည်။     ။

Loading