အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် သမ္မတလောင်း ရာထူးအတွက် ကိုယ်ပိုင်ကိုယ်စားလှယ် မရှိခဲ့လျှင် ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို “ရွေးကောင်းရွေးမည်” ဟု Reuters က ရေးသားသောသတင်းကို NLD က မှားယွင်းနေကြောင်း ထုတ်ပြန်ခဲ့သော်လည်း အဆိုပါသတင်းသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်မှု မည်မျှအားနည်းနေကြောင်း မီးမောင်းထိုးပြနေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများစုရနိုင်ဖွယ်ရှိသော အဓိကအတိုက်အခံပါတီကြီး NLD တွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် သမ္မတရာထူးအတွက် နောက်တဦး ပွဲထုတ်နိုင်ရန် လူမရှိကြောင်း ထုတ်ဖော်ဝန်ခံရာ ရောက်နေသည်။ တချိန်တည်းတွင် ယခင်က ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပြည်သူအကြား ဒုတိယ ရေပန်းအစားဆုံး ၈၈ မျိုးဆက်မှ ဦးမင်းကိုနိုင်တို့ အနေဖြင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မည်သို့ပါဝင်နေရာယူမည်ကို ယခုအထိ ထိရောက်စွာ မပြသနိုင်သေးကြောင်းကိုလည်း ထုတ်ဖော်ရာရောက်သည်။
အဓိက အာဏာရ ကြံ့ခိုင်ရေးပါတီကို အံတုနိုင်မည့်၊ ပြည်သူလူထု ထောက်ခံမှုလည်း ရှိနေသည့် အားကောင်းသော NLD နှင့် ၈၈ မျိုးဆက် အင်အားစုအနေဖြင့် ယခုအထိ တိကျပြတ်သားသော မူဝါဒများနှင့် ရှင်းလင်းခိုင်မာသော ခေါင်းဆောင်မှုကို မဖော်ဆောင်နိုင်သေးလျှင် ပြိုင်ဘက်ကို သရဖူဆောင်းပေးရေး ငြင်းပယ်ရန် အင်အားရှိမည် မဟုတ်ပါ။ ထို့အတူ မျှော်လင့်ချက် ထားရှိနေသည့် မဲဆန္ဒရှင် ပြည်သူများကိုလည်း စိတ်ပျက်စေလိမ့်မည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကော်မတီက ပုဒ်မ ၅၉ (စ) ကိုလည်း ပြင်မပေးနိုင်ဟု အာဏာပိုင်များဘက်က တင်းခံထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးအခင်းအကျင်းတွင် ဝင်ရောက်ကာ အာဏာရပါတီဘက်မှ တချို့နှင့် ညှိနှိုင်းကြည့်သည်အထိ နည်းလမ်းမှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်ပြီး ဖြစ်သည်ကိုမူ အသိအမှတ်ပြုရမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် တည့်တည့်မတ်မတ် ရောက်ရှိပြီး ရှေ့ဆက်သွားရေး တွန်းအားပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း မရ၊ ပြည်သူအများက လိုလားသော လူငယ် ခေါင်းဆောင်များ တက်ညီလက်ညီ ပါဝင်ရန် လိုအပ်နေပြီဖြစ်သည်။
နိုင်ငံရေးပါတီထောင်ကာ အတိုက်အခံများဘက်မှ အားဖြည့်နိုင်မည်ဟု ပြည်သူများ ထင်ကြေးပေးထားသည့် ၈၈ မျိုးဆက်၏ အနေအထားမှာ အားရလောက် အနေအထားသို့ မရောက်ရှိဟု သုံးသပ်ရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ထူထောင်ပြီး အခြေခံလူထုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားနေသည်မှာ ကောင်းသော်လည်း မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် မူဝါဒရေးရာ ဦးစီးဦးဆောင်လုပ်ကိုင်ရမည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် ပြည်သူအများက မြင်တွေ့လိုသည့်ဆန္ဒကိုမူ မဖြည့်စွမ်းနိုင်သေးချေ။
၂၀၁၅ ရွေးကောက်ပွဲမှာ တရွေ့ရွေ့ နီးကပ်လျက် ရှိသည်။ သို့သော် အတိုက်အခံများဘက်ကမူ အဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင်လည်း ထိရောက်သည့် အဆင့်အထိ ဆောင်ရွက်ရန် အခွင့်မသာ၊ အလားအလာရှိနေသည့် အင်အားစုများကလည်း နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်မည့် အားရလောက်သည့် အရိပ်အယောင်များ မတွေ့ရ ရှိနေဆဲဖြစ်နေရာ ဒီမိုကရေစီပန်းတိုင်ဟု အများနားလည်ထားသော ဒီမိုကရေစီနည်းကျ လူထုက ရွေးကောက်တင်မြှောက်သော အစိုးရအုပ်ချုပ်ရေးကို အတိုက်အခံဒီမိုကရက်များက မည်သို့မည်ပုံရောက်ရှိစေမည်ကို ရှင်းလင်းစွာ ဖော်ပြရန် လိုအပ်နေပြီ ဖြစ်သည်။
NLD ပါတီအနေဖြင့်လည်း သွေးသစ်လူသစ်များ အမြန်ဆုံး လမ်းဖွင့်ပေးရန် အချိန်တန်ပြီဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကူးအပြောင်းတွင် ဦးဆောင်မှု နေရာတွင် ပါဝင်နိုင်စွမ်းရှိသည့် အင်အားစုများကလည်း ပူးပေါင်းပါဝင် လှုပ်ရှားရန် အချိန်ကျပြီဖြစ်သည်။ ဒီမိုကရေစီကို လိုလားသော ပြည်သူ့ဆန္ဒနှင့် ထိုက်တန်သော ဒီမိုကရက်တစ် နိုင်ငံရေးခေါင်းဆောင်မှု အမှန်တကယ် ဆောက်တည်နိုင်မည်လော ဟူသည့် မေးခွန်းက အတိုက်အခံအင်အားစုကို စိန်ခေါ်လျက် ရှိနေပေပြီ။