မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဓိက စိုးရိမ်စရာများကို ဖြေရှင်းပြီးစီးနေပြီဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီတွင် မြန်မာကိစ္စ ထည့်သွင်းဆွေးနွေးရန် မသင့်တော့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် ၆၉ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယမန်နေ့ က ဦးဝဏ္ဏမောင်လွင်က တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံသစ်တွင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာများကို ကျယ်ပြန့်စွာ ဖြေရှင်းပြီးဖြစ်ပြီး လက်ရှိ မြန်မာ့ လူ့အခွင့် အရေး အခြေအနေမှာ တိုးတက်လျက်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။
“ဒါကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးရမယ့် အစီအစဉ်ထဲမှာ မြန်မာနိုင်ငံကိစ္စဟာ ဆက်ပြီး ရှိ မနေသင့်တော့ဘူးလို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်ပါတယ်”ဟု ဦးဝဏ္ဏမောင်လွင်က ဆိုသည်။
သို့သော် မြန်မာနိုင်ငံခြားရေး ဝန်ကြီး၏ ခုခံကွာကွယ် ပြောဆိုမှုများသည် လက်တွေ့ဘဝနှင့် ကွာခြားကြောင်း၊ မဆိုစလောက် သာ တိုးတက်မှု ရှိခြင်းဖြစ်ကြောင်း၊ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW)မှ ဝါရင့် သုတေသနမှူး မစ္စတာ ဒေးဗစ် မက်သီဆန်က ဝေဖန်ပြောဆိုသည်။
“ဒီလိုတောင်းဆိုမှုဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကြောင်း ဂရုမထားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုသာ ယုံကြည်စေ ပါလိမ့်မယ်။ အဲဒီ နိုင်ငံတကာ အသိုင်းအဝိုင်း ဆိုတာလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ချဲ့ထွင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အော်နေကြတဲ့သူတွေပါ”ဟုလည်း သူက ဧရာဝတီကို ပြောသည်။
အပိုဒ် ၃၁ ပိုဒ်ပါ ဦးဝဏ္ဏမောင်လွင် ၏ မိန့်ခွန်းတွင် ရခိုင်ပြည်နယ်၌ လူမှု အသိုင်းအဝိုင်း ၂ ခုအကြား အကြမ်းဖက်မှုများ ရှိနေ သည့်အပေါ် မြန်မာအစိုးရက အထူး အလေးပေး၍ ကြိုးစားဖြေရှင်းနေကြောင်း၊ သမိုင်းနောက်ခံ ရှုပ်ထွေးမှုများကို အပြည့်အ၀ နားလည်ပြီးမှသာ ကောက်ချက် ချနိုင်မည့် ကိစ္စများဖြစ်ပြီး နိုင်ငံတကာအနေဖြင့် အပေါ်ယံ မကြည့်ရန် တိုက်တွန်းပြောဆိုချက် ကိုလည်း ဖော်ပြထားသည်။
“လက်တွေ့ အကောင်အထည်ဖော်မှု အစီအစဉ်တခုကို ကျနော်တို့ အခုနောက်ဆုံး အချောသတ်နေပါပြီ။ မကြာခင်မှာ ထုတ်ပြန် သွားမှာပါ”ဟုလည်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။
ရခိုင်ပြည်နယ်တွင်းက လက်ရှိ အကူအညီလိုအပ်နေသူများအား နိုင်ငံတကာ ပူးပေါင်းကူညီရေးအဖွဲ့များက ဝိုင်းဝန်း ကူညီ ပေး နေ သည်ကို အထူးကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် စိန်ခေါ်မှုကြီးများအနက် အဓိက တခုမှာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကူအညီပေးရန်လည်း ဦးဝဏ္ဏမောင်လွင်က ဖိတ်ခေါ်ခဲ့သည်။
ဒေးဗစ် မက်သီဆန်ကမူ ရခိုင်ပြည်နယ်တွင် ဒုက္ခသည် ၁ သိန်း ၄ သောင်း ဝန်းကျင်ရှိနေသည်ကို အစိုးရကိုယ်တိုင်က သိရှိကြောင်း၊ ထို့အပြင် လူမျိုးရေး အစွန်းရောက်မှုနှင့် ခွဲခြားမှု၊ အကြမ်းဖက်မှုများ ရှိနေသေးပြီး အခြေအနေ တိုးတက်သည်ဟု အစိုးရ က တိုင်းတာပြယုံဖြင့် မဖြစ်နိုင်ကြောင်း၊ သာဓက အနေဖြင့် နိုင်ငံမဲ့ ဖြစ်နေသည့် ရိုဟင်ဂျာ အရေးသည် အထင်အရှားဖြစ်ကြောင်း ထောက်ပြသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍လည်း ဦးဝဏ္ဏမောင်လွင်က အဆင့်ဆင့် ဆောင်ရွက်ချက်များကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် သတင်းမီဒီယာများ လွတ်လပ်ခွင့် စသည်တို့ကို ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း အဆင့် အလိုက် ဆောင်ရွက်ချက်များဖြင့် ရှင်းလင်းတင်ပြထားသည်။
ထို့အပြင် မြန်မာ အစိုးရသစ်သည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးများကို အဓိက အာရုံထား လုပ် ဆောင်နေပြီး ၃ နှစ်ကျော်ကာလအတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်တန်ဖိုး(GDP) တိုးတက်မှုသည်လည်း မြင့်တက်လာ နေ ကြောင်း၊ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တခုလုံးတွင် စီးပွားရေးတိုးတက်မှုသည် အားရစရာကောင်းပြီး အရေးကြီးသည့် ဆုံးဖြတ်ချက် တခုကို ချမှတ်ခဲ့ကြောင်းလည်း သူက ဆိုသည်။
“မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ LDC အဆင့်အတန်းရှိတဲ့ အခြေအနေကနေ ပယ်ဖျက်ပေးဖို့ ကနဦး လုပ်ဆောင်နေပါပြီ။ ဒီလို ပယ်ဖျက်ပေးဖို့လည်း မြန်မာအနေနဲ့ အပြည့်အ၀ သန္နိဋ္ဌာန်ချထား ပြီးပါပြီ”ဟု ဦးဝဏ္ဏမောင်လွင်က ပြောဆိုသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန် မြန်မာနိုင်ငံသည် ဖျက်အားပြင်း လက်နက်မပြန့်ပွားရေး ဆိုသည့် ကုလ သမဂ္ဂ ၏ အဓိက ရည်မှန်းချက်တခုဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းမှုကို မြတ်နိုးသည့် မြန်မာအနေဖြင့် ဖျက်အားပြင်း လက် နက် များ WMDs၊ နျူကလီးယား လက်နက်များ၏ အန္တရာယ်ကိုလည်း အပြည့်အ၀ အသိအမှတ်ပြု၍ ၁၉၉၅ ခုနှစ် ကတည်းက နျူးကလီးယား ဖျက်သိမ်းရေး သဘောတူညီချက် မူကြမ်းကို နှစ်စဉ်ပါဝင်ဆွေးနွေးကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
နိုင်ငံတွင်း ကလေးစစ်သား အသုံးပြုမှု ကာကွယ်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်မှုမှာလည်း တိုးတက် လျက်ရှိပြီး အသက်မပြည့်သေးသူများအား စစ်သားသစ် စုဆောင်းမှု မလုပ်တော့ကြောင်းလည်း ၎င်းက ပြောသွားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့် လုပ်ဆောင်ရာတွင် နိုင်ငံတကာ၏ အားပေး ကူညီမှုတွေ ဆက်လက် လိုအပ်နေသေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ပိုမိုအားကောင်းစေရန် လက်ရှိ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုအနက် ၁၄ ခုနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကတဆင့် တနိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ်ထိုးမှုရရေး လက်တွဲကြိုးစားနေကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးပါကလည်း ဆယ်စုနှစ် ၆ ခုကြာ ပဋိပက္ခ များ အဆုံးသတ်စေရေး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် အစိုးရက အခိုင်အမာအောင်မြင်ရန် လုပ်ဆောင်မည်ဟု အလေး အနက်ထားကြောင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ များလည်း သမိုင်းဝင် ဆွေးနွေးမှုများဖြင့် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
လိင်အကြမ်းဖက်မှု နှင့် ပတ်သက်၍လည်း မြန်မာ့ယဉ်ကျေးမှု ထုံးထမ်းစဉ်လာအရပင် ကန့်ကွက်ရှုံချကြောင်း၊ ဥပဒေ ကလည်း တင်းကျပ်စွာ တားမြစ်ထားကြောင်း၊ ယခုနှစ်ဇွန်လကပင် ပဋိပက္ခဒေသများတွင် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး လန်ဒန် တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှ ကြေညာစာတမ်းတွင် မြန်မာလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။
မြန်မာနိုင်ငံသည် အခြား ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံများကဲ့သို့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း လွန်ခဲ့ သည့် ၃ နှစ်ခွဲကာလအတွင်း ကြီးမားသည့် တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မှန်ကန်သည့် လမ်းကြောင်းအတိုင်း မြန်မာသည် ပြောင်းလဲပြီးရင်း ပြောင်းလဲနေလျက်ရှိကြောင်းလည်း သူက ဆိုသည်။
“ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုမှာ မြန်မာရဲ့ အောင်မြင်မှုဟာ ယနေ့ ကမ္ဘာမှာ စံပြနိုင်ငံတခု လို့တောင် ပြောနိုင်ပါတယ်”ဟုလည်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။
ဒေးဗစ်မက်သီဆန်ကမူ မြန်မာ့ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်ရန် မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင်မှုသည် အကောင်းဆုံးဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေရန် မဟုတ်ကြောင်း၊ ခုခံကာကွယ်ပြောဆိုနေရန်လည်း မဟုတ်ကြောင်း ပြောဆိုသည်။
မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး တိုးတက်မှုကို စစ်မှန်စွာ အကောင်အထည်ဖော်မည်ဆိုပါက ပေးထားသည့် ကတိများအတိုင်း တဆင့်ချင်း အကောင်ထည်ဖော်ရန် လိုကြောင်း၊ အဓိကအားဖြင့် ပေးထားသည့် ကတိများကို မြန်မာ အစိုးရဘက်က အကောင်အထည်ဖော် ရန်လိုအပ်လျက် ရှိနေသေးကြောင်း ၎င်းက ပြောသည်။
“၂၀၁၂ ခုနှစ်တုန်းက ပေးခဲ့တဲ့ကတိ တခုရှိတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးကို ဖွင့်ခွင့် ပေးသင့်တယ်။ ဒီအပြင် နိုင်ငံတကာ ပဋိညာဉ် တွေဖြစ်တဲ့ ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအပါအဝင် ပဋိညာဉ်တွေကို မြန်မာက လက်မှတ်ထိုးသင့် တယ်”ဟုလည်း ဒေးဗစ်မက်သီဆန်က ပြောဆိုသည်။