အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၆၀ ပေးထားပြီး ဖြစ်ကြောင်း ပြောသည်။
“အခုချိန်ထိ အစိုးရကို ပေးထားတာ မူဝါဒပိုင်း ချေးငွေပါ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကြွေးမြီတွေ ပြန်ဆပ်ဖို့ ပံ့ပိုးပေးတာ ဖြစ် ပါတယ်။ အဲဒါ ဒေါ်လာ သန်း ၅၀၀ ပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ တခု ထပ်ပေးခဲ့ပါတယ်။ အဲ့ဒါက ဒေါ်လာသန်း ၆၀ ပါ”ဟု ADB ၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် Mr.Winfried Wicklein က ပြောပြသည်။
စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရုံး တွင် ပြုလုပ်သော ADB လုပ်ငန်းများနှင့် ပတ်သက်သည့် ကဏ္ဍများအား ပုဂ္ဂလိကပိုင်းက သိရှိနိုင်ရန် မိတ်ဆက်သော အခမ်းအနား ၌ ၎င်းက ပြောခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင်အစိုးရများ လက်ထက်က ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများအပေါ် ကြွေးမြီများ တင်ရှိခဲ့ပြီး အစိုးရသစ် လက် ထက် တွင် အဆိုပါ အကြွေးများကို ADB အကူအညီ အပါအဝင် နိုင်ငံတကာ အကူအညီများဖြင့် ပြန်လည် ပေးဆပ်ခဲ့ကြောင်း သိရ သည်။
ADB က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပေးခဲ့သော ချေးငွေ ဒေါ်လာသန်း ၆၀ မှာ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ စီမံကိန်းအတွက် ဖြစ်ပြီး စွမ်းအင် ဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန် အတွက် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ချေးငွေနှင့် အကူအညီများ ADB က ဆက်လက် ပေးသွားရန်ရှိပြီး ယခုချေးပြီး ဖြစ်သည့် ပမာဏသည် မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် စီပွားရေး ပြုပြင် ပြောင်းလဲမှုများနှင့် ကြွေးမြီများ အတွက် ပထမအဆင့် အကူအညီဖြစ်ကြောင်း ယခုအချိန်တွင် ဆက် လက်၍ စီမံကိန်းများနှင့် ပတ်သက်သည့် ချေးငွေများ စတင် ကူညီမည်ဖြစ်ကြောင်း သိရသည်။
Mr.Winfried Wicklein က “ဒုတိယအဆင့် အနေနဲ့ စီမံကိန်း ချေးငွေတွေ စနေပါပြီ။ ဒီနေရာမှာ စွမ်းအင် ကဏ္ဍတွေ ရှိသလို လမ်း တည်ဆောက်ဖို့တွေလည်း ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ သုံးသွားပါမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ADB မှ ယူထားသော ချေးငွေများ၏ အတိုးနှုန်းမှာ ၁.၅ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်ရှည်ချေးငွေ အဖြစ် ကာလ သက် တမ်း နှစ် ၃၀ အထိ ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ADB အဖွဲ့ဝင် နိုင်ငံများမှ ချမ်းသာသောနိုင်ငံများ ထည့်ဝင်ထားသည့် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေ အတွင်းမှ ၁၆.၅ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း သိရသည်။
ADB က မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူူအညီများကို အကြမ်းဖျဉ်း အစီအစဉ်အနေဖြင့် နှစ်စဉ် ဒေါ်လာသန်း ၃၀ ဝန်းကျင် ပေးသွားရန် ရှိသည်ဟု Mr.Winfried Wicklein က ဆိုသည်။
ADB သည် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရုံးခွဲကို ပိတ်သွားခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ADB သည် လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၆၇ နိုင်ငံ ပါဝင်သော နိုင်ငံတကာ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်သည်။