ဂျပန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှင်ဂဲရု အီဝါဆာကီ (Shingeru Iwasaki) ၏ ဖိတ်ကြားချက်ဖြင့် ယခင် သီတင်းပတ်အတွင်း မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံသို့ ပထဦးဆုံး သွားရောက် တွေ့ဆုံ လည်ပတ်ခဲ့သည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ် နေဝင်း ဂျပန်သို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ဦးစီးချုပ်တဦး အနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက်သော ခရီးစဉ် ဖြစ်သည်။
ယခု လတ်တလော သွားရောက်ခဲ့သော အလည်အပတ် ခရီးစဉ်သည် မဟာမိတ် နိုင်ငံဟောင်းများ သာမက မဟာမိတ် နိုင်ငံသစ်များထံသို့ မြန်မာ့တပ်မတော်က ရင်းနှီးချစ်ကြည်ရေးအတွက် ဆောင်ရွက်ချက်များအထဲမှ တခုအဖြစ် သတ်မှတ်နိုင်သည်။ ဆိုရှယ်လစ်အစိုးရ ဦးနေဝင်း လက်ထက်က ဂျပန်သည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ထောက်ပံ့သည့် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးအခင်း၌ အစိုးရက အင်အားသုံး ချေမှုန်းခဲ့ခြင်းများကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့ချိန်မှ စ၍ ထောက်ပံ့သည့် ပမာဏ လျော့ကျခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ယခုလက်ရှိ လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် တဆက်တည်းတွင် ဂျပန်နိုင်ငံသည် မြန်မာနှင့် ယခင်က ရှိခဲ့သော ရင်းနှီးမှုကို ပြန်လည် အသက်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း မြှင့်တင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။
ယခုနှစ် မေလအတွင်း၌ ဂျပန် ကာကွယ်ရေးဦးစီးချုပ် ရှင်ဂဲရု အီဝါဆာကီက သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ ၂ ဦးက နှစ်နိုင်ငံကြား ကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြင့်ရန်၊ အဆင့်အလိုက် သတင်းအချက်အလက်နှင့် တခြား အရာများကို ဖလှယ်နိုင်ရန် ဆွေးနွေးပြောဆိုခဲ့ကြသည်။
မေလအတွင်း လာရောက်ခဲ့သော ဂျပန် စစ်ဦးစီးချုပ်၏ ၄ ရက်တာ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း တွေ့ဆုံခဲ့ပြီး အာရှပစိဖိတ်ဒေသ လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အရှေ့တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေရသော ဆင်ကကု (Senkaku) ကျွန်း အရေးတွင် ဂျပန်နိုင်ငံ၏ အချုပ်အချာ အာဏာပိုင်မှု၊ တရုတ်နိုင်ငံက ၎င်းတို့ ပိုင်ဆိုင်သည်ဟု တင်းမာစွာ ကြေညာထားသော တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုများ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း နှစ်နိုင်ငံ စစ်ဦးစီးချုပ်နှစ်ဦး ဆွေးနွေးခဲ့ကြသည့် နှစ်နိုင်ငံကြား ကာကွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန်၊ အဆင့်အလိုက် သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ဆွေးနွေးချက်များကို ထုတ်ပြန်ကြေငြာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ ခရီးစဉ်အတွင်း ဗိုလ်မှူးကြီး ဆူဇူကီး ကဲအိဂျိ (Suzuki Keiji) ၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုပြီး ၎င်း၏ နေအိမ်သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။
ဗိုလ်မှူးကြီး ဆူဇူကီးက ဒုတိယကမ္ဘာစစ် အစောပိုင်း ကာလများအတွင်း မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက် ကျရောက်နေခဲ့စဉ်က အဓိကနေရာမှ ပါဝင်ခဲ့သော မီနာမီ ကီကန်း (Minami Kikan) အထူးတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်၌ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပမှ စစ်ရေး အကူအညီ ရယူရန် ကြိုးပမ်းနေချိန် ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ ယခုအခါ Xiamen ဟုခေါ်တွင်၍ ယခင်က အမွိုင် (Amoy) ဟု အမည်တွင်ခဲ့သော မြို့သို့ ဗိုလ်ချုပ် အောင်ဆန်း ရောက်ရှိခဲ့စဉ် ဂျပန် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့ကြသည်။ ကိုအောင်ဆန်းက ဗိုလ်မှူး ဆူဇူကီးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်ပြုလုပ်မည့် တော်လှန်ရေးအတွက် ဂျပန်နိုင်ငံမှ စစ်ရေးအကူအညီ ယူရန် ဆူဇူကီးက အကြံပြုခဲ့သည်။ မြန်မာအမည် ဗိုလ်မိုးကြိုး အမည်ခံ ဗိုလ်မှူးကြီး ဆူဇူကီးသည် မြန်မာတို့၏ လေးစားမှုနှင့် ယုံကြည်မှုကို ရခဲ့သည်။
၁၉၄၁ တွင် ကိုအောင်ဆန်းက လူငယ်တစုကို ဦးဆောင်ကာ ဂျပန်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး ရဲဘော်သုံးကျိပ် ဖွဲ့ခဲ့သည်။ ယင်းမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ မူလအစ ဖြစ်သည်။
ဂျပန် ကင်ပေတိုင်နှင့် တခြားတိုက်ခိုက်ရေး အဖွဲ့များက နောင်တချိန် ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာမည့် ဦးနေဝင်း အပါအဝင် ရဲဘော်သုံးကျိပ်ကို လေ့ကျင့်ပေးခဲ့ကြသည်။ ဂျပန်တပ်ဖွဲ့က လေ့ကျင့်ပေးလိုက်ကြသူ အများစုလည်း ဦးနေဝင်း အစိုးရလက်ထက်တွင် ဝန်ကြီးများ ဖြစ်လာကြသည်။
ဦးနေဝင်းသည် ဆူဇူကီး မကွယ်လွန်မီ ၁၉၆၇ ခုနှစ်အထိ ဆူဇူကီးနှင့် မီနာမီ ကီကန်း အဖွဲ့ဝင်တို့ အကြား ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ဦးနေဝင်း အစိုးရက သက်ရှိထင်ရှား ရှိနေသေးသည့် မီနာမီ ကီကန်း အဖွဲ့ဝင်ဟောင်း ၆ ဦးကို ရန်ကုန်မြို့ရှိ သမ္မတ အိမ်တော်တွင် အောင်ဆန်းတံခွန် ဘွဲ့တံဆိပ်များဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဗိုလ်မှူးကြီး ဆူဇူကီး၏ ကျန်ရစ်သူ အမျိုးသမီးလည်း ထိုပွဲသို့ တက်ရောက်သည်။ ၁၉၈၈ တွင် ဦးနေဝင်း ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ၁၉၉၀ နှစ်လယ်အထိ မီနာမီ ကီကန်းအဖွဲ့နှင့် ဆက်ဆံရေး မပျက်ဘဲ ရှိနေခဲ့သည်။
အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အကူအညီပေးရန် ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် ဂျပန်သိမ်းပိုက်မှုအောက်သို့ မြန်မာပြည် ကျရောက်ခဲ့သည်။ ၁၉၄၅ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှတို့နှင့် ပြန်လက်တွဲကာ ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
စစ်ပွဲကာလများအတွင် ဂျပန်ဘက်မှ စစ်သည် ၁ သိန်း ၉ သောင်းခန့် မြန်မာ့မြေတွင် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံသားများအတွက် မြန်မာဆိုသည်မှာ ၎င်းတို့ ရင်ထဲတွင် ထူးထူးခြားခြားရှိနေမည့် နေရာတခုဟု ဆိုလျှင်လည်း မမှားနိုင်ပေ။
မြန်မာနိုင်ငံတွင် ပွင့်လင်းမှုများ ရှိလာခြင်းနှင့်အတူ အင်အားကြီး တရုတ်နိုင်ငံနှင့် ထိန်းညှိမှုများ ပြုလုပ်ရန်မှာ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ရှိသည်။ မြန်မာနိုင်ငံသည် မဟာမိတ် အသစ်များနှင့်ရော အလားအလာရှိသည့် မဟာမိတ်များနှင့်ပါ ဆက်ဆံရေး ထိန်းထားခြင်း၊ ဆက်ဆံရေးသစ် ထူထောင်ခြင်းများ လက်မနှေးဘဲ လုပ်ဆောင်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်း နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး လတ်တလောတွင် တောင်ကိုရီးယားသို့လည်း သွားရောက်သည်။
ယမန်နှစ်က ဂျပန်- မြန်မာ ဆက်ဆံရေးတွင် သိသာသော တိုးတက်ပြောင်းလဲမှုများ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မေလက ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ ထိုသို့ လည်ပတ်ခြင်းမှာ ၁၉၇၇ ခုနှစ်နောက်ပိုင်းအတွင်း ဝန်ကြီးချုပ် အဆင့်အနေဖြင့် ပထမဆုံး လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း၌ ရှင်ဇို အာဘေးက ဒေါ်လာသန်း ၂ ဘီလီယံကို ကြွေးမြီစာရင်းထဲမှ ပယ်ဖျက်ပေးခဲ့ပြီး ဒေါ်လာ ၄၉၈.၅ သန်း တန်ဖိုးရှိ ချေးငွေတရပ်ကိုလည်း ပေးအပ်သွားရန် ကတိပြုခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကလည်း ယမန်နှစ် ဒီဇင်ဘာလအတွင်း ဂျပန်သို့ သွားရောက်ခဲ့သည်။ စက်တင်ဘာလတွင် ဂျပန်ရေတပ်မတော်မှ လေ့ကျင့်ရေးသင်္ဘောများ မြန်မာနိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ် လာရောက်သည်။