ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တာမို့ ပုံမှန်အားဖြင့် ကုန်စည်စီးဆင်းမှု များပြားပြီး လူဝင်လူထွက် ရှုပ်ထွေးလှတဲ့ မြဝတီမြို့ လေးက စက်တင်ဘာလနှောင်းပိုင်းမှာတော့ တိတ်ဆိတ်ခြောက်ကပ်သွားပြီး လူဝင်လူထွက်လည်း ရုတ်ချည်းဆိုသလို လျော့ကျ သွားပါတယ်။
မြင်တွေ့ရခဲတဲ့ အစိုးရစစ်သားတွေကို မြဝတီမြို့ရဲ့ အဝင်၊ အထွက် နေရာအတော်တော်များများမှာ အနီရောင် လည်ပတ် စီးတွေစီး၊ သေနတ်တွေကို ပစ်ခတ်ဖို့ အသင့်အနေအထား ကိုင်ဆောင် ထားတဲ့ပုံစံနဲ့ တွေ့မြင် နေရ တယ်။ မြဝတီမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ အစိမ်းရောင် စစ်ကားကြီးတွေက မကြာခဏဆိုသလို လှည့်လည် ကင်းလှည့် တာမျိုးတွေလည်း ရှိနေပါတယ်။
အမြဲစည်းကားနေတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီကို တိတ်ဆိတ်ခြောက်ကပ်တဲ့မြို့အဖြစ် အသွင်ပြောင်းသွားစေတဲ့ အကြောင်းအရင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ နဲ့ အစိုးရစစ်တပ်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။
မြဝတီမြို့ပေါ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့တို့ ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တဲ့နောက် မြို့ခံတွေက သူတို့ရဲ့လုံခြုံရေးအတွက် စိတ်ချောက်ချားနေကြပြီး နောက်ထပ် ပစ်ခတ်မှုတွေ ဖြစ်လာမှာ ကို လည်း စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့ထဲကို အစိုးရ စစ်ကားတန်း ဝင်လာချိန် မြို့အထွက် အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အဖွဲ့ရဲ့ ဗိုလ်မှူးကြီး တိုက်ဂါး အဖွဲ့တွေနေထိုင်တဲ့ ခြံဝန်းကြီး အနား အရောက် မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။
လက်နက်ကြီး လက်နက်ငယ်ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေကြားနေရပေမယ့် စစ်တပ်နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ အဖွဲ့ကိုတော့ မမြင်ကြရဘူးလို့ဆိုပါတယ်။ အစိုးရ စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိအချို့ကတော့ DKBA နဲ့ အစိုးရ စစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားနေတာလို့ ပြောဆိုကြပေမယ့် အစိုးရ အာဏာပိုင်တွေနဲ့ DKBA တို့ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အဲဒီပစ်ခတ်မှုမှာ နှစ်ဘက် သေဆုံး၊ ဒဏ်ရာရသူတွေ အသံမကြားရပေမယ့် အနီးမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စားသောက် ဆိုင်တွေ ကတော့ ထိတ်လန့်ပြီး ထွက်ပြေးပုန်းရှောင်ခဲ့ကြရပါတယ်။ အဲဒိနေ့က မြို့ပေါ်မှာ လူတွေ အသွားအလာ တိတ်ဆိတ် သွားသလို စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စောစောစီးစီး ပိတ်သိမ်းခဲ့ကြပါတယ်။
ပစ်ခတ်မှု မဖြစ်ပွားခင် စက်တင်ဘာလ ၁၅ ရက်နေ့ ထိုင်းနိုင်ငံဘက်ကို ကူးသန်းနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲ တွေက အကြောင်း အမျိုးမျိုးပြ ငွေကြေးတောင်းခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်တဲ့ အဖွဲ့က ထိုင်းကုန်ကား အစီး ၃၀ ကို ခေတ္တ ထိန်းသိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်က မြန်မာအစိုးရ အတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် မြဝတီမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို အကြောင်းပြပြီး အစိုးရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မြဝတီမြို့ကို လုံခြုံရေး အင်အားတွေ တိုးချဲ့ချထားခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၈ ရက်နေ့ညက မြဝတီမြို့ပေါ်မှာ DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းနှင်လာတဲ့ အနက်ရောင် SURF အမျိုးအစား ကားကို အစိုးရ လုံခြုံရေး အဖွဲ့တွေက စစ်ဆေးဖို့ တားမြစ်ရာမှာ မောင်းထွက်သွားတဲ့ အတွက် စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာမှ DKBA တဦး သေဆုံးသွားခဲ့ပါတယ်။ DKBA တဦးသေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရ စစ်တပ် ဘက်က ဖြေရှင်းမှု တစုံတရာ မလုပ်တဲ့အတွက် DKBA နဲ့ အစိုးရစစ်တပ်အကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြဝတီမြို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီး နောက်တနေ့မှာ ဗိုလ်မှူးကြီး တိုက်ဂါး အဖွဲ့နေထိုင်တဲ့ ခြံဝန်းအကျယ်ကြီးနဲ့ အဆောက်အအုံ တွေကို စစ်တပ်က ဝင်ရောက် နေရာယူလိုက်ပါတယ်။ ခြံဝန်းကို အမှီပြုပြီး ရောင်းချနေကြတဲ့ ခြံရှေ့က ဈေးဆိုင်တန်း တွေလည်း နောက်တနေ့မှာ ဖျက်သိမ်းပေးခဲ့ကြရသလို အနီးမှာ ရှိတဲ့ ဂိမ်းဆိုင်တွေကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။
DKBA အဖွဲ့ဝင် တဦးက “ဒီမြဝတီမှာရှိတဲ့ တိုက်ဂါးနဲ့ ပတ်သက်တဲ့ မြေကွက်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်က အကုန်သိမ်းလိုက်တယ်။ ဒီလိုလုပ်လိုက်တာနဲ့ ပတ်သက်ပြီး ဗိုလ်တိုက်ဂါးတို့ကလည်း ကျေနပ်မှာမဟုတ်ဘူး” လို့ ဆိုပါ တယ်။
လက်နက်အသင့် ကိုင်ဆောင်ထားတဲ့ အစိုးရ စစ်တပ်တွေကို ဗိုလ်မှူးကြီး တိုက်ဂါး နေခဲ့တဲ့ မြဝတီမြို့အထွက် အာရှလမ်းမကြီး ဘေးက ခြံဝန်းကြီးမှာ ချထားပါပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တောလမ်းကနေ ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း တပ်တွေချထားပါတယ်။
မြဝတီမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးတွေကိုလည်း အစိုးရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မြို့တွင်းကို စစ်ကားနဲ့ ရဲကားတွေ ဝင်ထွက်လှည့် ပတ်နေသလို အရပ်ဝတ်တွေနဲ့ စုံစမ်းထောက်လှမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ ရဲတွေ ဒီလိုလှုပ်ရှားမှုတွေ တွေ့မြင်နေရတဲ့ မြဝတီမြို့ခံတွေကတော့ နောက်ထပ်ပစ်ခတ်မှုတွေများ ဖြစ်လာဦး မလား၊ ဘယ်နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သွားလာနေကြရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံ ကူးသန်းနေတဲ့ ချစ်ကြည်ရေးတံတားကြီးကို ဖွင့်လှစ်ထားသလို ကုန်သွယ်မှုတွေလည်း ပြုလုပ်နေဆဲဖြစ်ပေမယ့် ပစ်ခတ်မှုတွေကြောင့် စိုးရိမ်နေကြတဲ့ ကုန်သည်တချို့ကတော့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ရပ်နားထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံကူးသန်းနေတဲ့ သောင်းရင်းမြစ်ပေါ်က ကူးတို့ဆိပ်တွေလည်း ဖွင့်လှစ်ထားပေမယ့် ကူးသန်းသွားလာသူတွေ အရင်တုန်းကလောက်တော့ မများလှပါဘူး။ အစိုးရ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်တွေရဲ့ ကူးတို့ဆိပ် တွေမှာ တော့ ထိုင်းနိုင်ငံဘက်ကနေ မော်တော်ဆိုင်ကယ်နဲ့ ကားတွေ အသွင်းမပျက်တာကိုတွေ့ရပါတယ်။
စိုးရိမ်စိတ်တွေကြီးစိုးနေကြတဲ့ မြဝတီမြို့ခံတချို့ကတော့ သူတို့သားသမီးတွေကို ကျောင်းလွှတ်ဖို့အတွက် လက်တွန့်နေကြ ပြီး မြို့ခံတော်တော်များများလည်း အရင်တုန်းကလို လွတ်လွတ်လပ်လပ် မသွားလာရဲကြဘူး။
မြဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အခမဲ့ဆေးကုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကိုပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါ တယ်။ အရင်က ဒီဆေးခန်းကို နေစဉ်နဲ့အမျှ လာရောက်ကုသနေကြတဲ့ မြဝတီမြို့ ပေါ်က လူနာတွေ အပါအဝင် ပြည်တွင်းက လူနာတွေပါ ပစ်ခတ်မှုတွေ ဖြစ်တဲ့နေကစပြီး လာရောက်ဆေးကုသမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။
ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းမှာ မဲဆောက်မြို့မှာ ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ၊ ပြည်တွင်းက လာရောက် ဆေးကုသသူတွေ အပါအဝင် တရက်ကို လူနာ ၃၀၀ လောက် ရှိခဲ့ပေမယ့် အခုတော့ ပစ်ခတ်မှုတွေကြောင့် လူနာတွေ ဆေးခန်းမလာရဲတော့အတွက် လူနာ အရေအတွက် သိသိသာသာ လျော့ကျသွားပါတယ်။
မြဝတီမြို့မှာ ဖြစ်ပေါ်လာတဲ့ ပစ်ခတ်မှုတွေနဲ့ အခြေအနေတွေက အစိုးရစစ်တပ်ရဲ့ မူမမှန်တဲ့ သဘောထားတွေ ကြောင့် ဖြစ်တယ်လို့ မြဝတီဒေသခံတချို့က ဆိုပါတယ်။
“ကျနော်တို့က ကိုယ့်ပြည်နယ်ထဲမှာ ကိုယ်နေတာ။ သူတို့ (အစိုးရစစ်တပ်) က ထိန်းချုပ်ချင်တယ်။ သူတို့ စိုးမိုးချင်တဲ့ အထဲမှာ ထိုင်းနဲ့ အဓိက ကုန်သွယ်နေရတဲ့ ဒီလမ်းကြောင်းနဲ့ အာရှလမ်းမကြီးကို သူတို့ ထိန်းချုပ်ချင်တယ်လေ။ ကျနော်တို့ကိုလည်း ချိနဲ့သွားစေချင်ရုံတင်မကဘူး။ ပျောက်သွားလေကောင်းလေလုပ်တာ” လို့ DKBA တပ်မှူးတဦးက ပြောပြပါတယ်။
မြဝတီမြို့ကို ၂၀၁၀ ရွေးကောက်ပွဲရက်ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွှေးရဲ့ ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) က တက်သိမ်းခဲ့ဖူးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်ရှိအချိန်မှာတော့ ၂၀၁၀ တုန်းကလို မြဝတီမြို့ကို ဝင်ရောက်သိမ်းယူဖို့ဆိုတာ အင်မတန် မလွယ်ကူ ခဲယဉ်းမှာ အသေအချာပါပဲ။
အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အကြား ဒီဒေသကို စစ်ရေးအရ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် တင်းမာမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်လာရင် လက်တွေ့ စိတ်ချောက်ချားမှုတွေနဲ့ ဖြတ်သန်းနေရတာကတော့ မြဝတီမြို့ခံတွေနဲ့ ကုန်စည်ကူးသန်းသူတွေပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ထားသူတွေ အချင်းချင်း ပစ်ကြ၊ ခတ်ကြတဲ့ တိုက်ပွဲမှာ မြေစာပင် ဖြစ်ရသူတွေက လက်နက် ကိုင်ဆောင် မထားတဲ့ အပြစ်မဲ့တဲ့ မြဝတီမြို့သူမြို့သားဖြစ်ပြီး နေ့တိုင်း ကျီလန့်စာစား နေထိုင်နေရတယ်လို့ မြဝတီမြို့သူမြို့သားတွေက ပြောဆိုပါတယ်။