ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ သက်တမ်းအရင့်ဆုံး ဗတ္တိဇံဆရာ ရှင်ယောဟန်၏ အာမေးနီးယန်း တမန်တော်များ ဘုရားကျောင်း(The Armenian Orthodox Church)၌ အပြာရောင် ကမ္ပည်းပြားကို အာမေးနီးယန်း ဂိုဏ်းချုပ် ဆရာတော်ကြီး Karekin II က တပ်ဆင် ဖွင့်လှစ်လိုက်သည်။
နှစ်ပေါင်း ၁၅၂ နှစ် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်းတခု ဖြစ်သည့် အဆိုပါ ဘုရားကျောင်းကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(YHT)၏ အစီအစဉ်တခုဖြစ်သော ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင် နေရာများအား လေ့လာခြင်း၊ ကမ္ပည်းပြား များ တပ်ဆင်ခြင်း အစီအစဉ်ဖြင့် ယနေ့တွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း ဖြစ်သည်။
ထိုဘုရားကျောင်းတွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန်မြို့ပြ သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက် အအုံများနှင့် လူပုဂ္ဂိုလ်များ အထိမ်းအမှတ်ပြုရန် ရည်ရွယ်ကြောင်း၊ ထိုသို့တပ်ဆင်ခြင်းဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကိုအသက် အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများ လေ့လာနိုင်မည် ဖြစ်ကြောင်းနှင့် ယင်းဘုရားကျောင်းသည် တတိယမြောက် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း ဖြစ်သည်ဟု YHT အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီနေ့ အစီအစဉ်က YHT လက်အောက်မှာ အထိန်းအသိမ်း ကြည့်ရှုတဲ့ သဘောနဲ့ အပြာရောင် ကမ္ပည်းပြား တပ်ဆင်တာပါ။ နိုင်ငံခြား ဧည့်သည်တွေ ပြည်သူတွေပါ ကြည့်ရှုလို့ရတယ်။ ထိန်းသိမ်းမှုကတော့ ကျနော်တို့ အသင်းသားတွေက တဦးချင်းစီပါဝင်မှု နဲ့ ပြုလုပ်သွားမှာပါ”ဟု The Armenian Orthodox Church ကျောင်းထိုင် ဘုန်းတော်ကြီး Rev.John Felix က ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့တွင် အာမေးနီးယန်း မျိုးနွယ်အိမ်ထောင်စု ၁၀ စုသာ ရှိပြီး တနိုင်ငံလုံးတွင် အိမ်ထောင်စု ၂၀ ခန့်သာ ရှိကြောင်း၊ The Armenian Orthodox Church ဘုရားကျောင်းသို့ လာရောက် ဝတ်ပြုသည့် အာမေးနီးယန်း မျိုးနွယ် ၂ ဦးသာ ကျန်ရှိတော့ကြောင်း လည်း ဘုန်းတော်ကြီး Rev.John Felix က ပြောသည်။
“အရင်ကဆိုရင် ဒီဘုရားကျောင်းကို လူတော်တော်များများ မသိကြဘူး။ ဒီအနီးမှာ နေတဲ့သူတောင် ဒီဘုရားကျောင်းက ဘာ ဘုရား ကျောင်းလဲ ဆိုတာ မသိဘူး။ အခု အာမေးနီးယန်း ဂိုဏ်းချုပ် ဆရာတော်ကြီးလာပြီး ဒီအစီအစဉ်တွေ လုပ်တဲ့အတွက် လူတွေ တော် တော်များများ သိလာမယ်”ဟု ဘုန်းတော်ကြီး Rev.John Felix က ပြောဆိုသည်။
အလယ်ခေတ် ဂေါသစ် လက်ရာဟန်ကို ဒေသရာသီဥတုနှင့် လျော်ညီရန် ပေါင်းစပ်ထားသော ဗိသုကာလက်ရာဖြင့် တမူထူးခြား သည့် အာမေးနီးယန်း တမန်တော်များ ဘုရားကျောင်းသည် ရန်ကုန်မြို့တွင် သက်တမ်း အရင့်ဆုံး ကျန်ရှိသော ခရစ်ယာန် ဘုရား ကျောင်း ဖြစ်သည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက“ယုံကြည် ကိုးကွယ်မှု အမျိုးမျိုးရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အထိမ်းအမှတ် ကမ္ပည်းပြား တပ်ဆင်ဖို့ ရှိတဲ့ အနက် အာမေးနီးယန်း ဘုရားကျောင်းကို ပထမဆုံး တပ်ဆင်ဖြစ်တာပါ”ဟု ပြောသည်။
ရန်ကုန်မြို့၏ ပထမဆုံး အပြာရောင် ကမ္ပည်းပြားကို သြဂုတ်လတွင် မြို့တော်ခန်းမ၌ တပ်ဆင်ခဲ့ပြီး ဒုတိယမြောက် ကမ္ပည်းပြားကို လွန်ခဲ့သည့် ရက်သတ္တပတ်က မဟာဗန္ဓုလပန်းခြံ လမ်းထောင်ရှိ ယခင် ရိုးလ်ကုမ္ပဏီ (လက်ရှိ ဧရာဝတီဘဏ် ရုံးချုပ်)တွင် တပ်ဆင် ခဲ့ကြောင်း သိရသည်။
၁၈ ရာစုတွင် အာမေးနီးယန်း လူမျိုးများ ရန်ကုန်မြို့တွင် စတင် အခြေချ နေထိုင်ခဲ့ကြပြီး ပထမဆုံးသော အာမေးနီးယန်း ဘုရားကျောင်း ကို ၁၇၆၆ ခုနစ်တွင် ဂရီဂိုရီအဗါ့စ်က ရန်ကုန်မြစ် အနီးတွင် တည်ဆောက်ခဲ့ရာ ထိုအဆောက်အအုံ၏ သစ်သား အမိုးချွန်ကို အဝေးကပင် မြင်တွေ့ရသည်ဟု ဆိုသည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းပိုက်အပြီး ၁၈၅၂ ခုနစ်တွင် ရန်ကုန်မြို့ကို ကျားကွက် ပုံစံမြို့ကွက် ချကာ ခေတ်မီမြို့တော်သစ် အဖြစ် တည်ဆောက်ခဲ့သည်။
အခြားသော ဘာသာရေး အဆောက်အဦးများ နည်းတူ အာမေးနီးယန်း လူမျိုးများ အတွက် ကုန်သည်လမ်းနှင့် စပါ့ခ်လမ်း (လွတ် လပ်ရေး ရပြီးနောက် ဗိုလ်အောင်ကျော်လမ်းဟု အမည်ပြောင်းခဲ့သည်) ထောင့်တွင် မြေ နေရာ တခုကို အခမဲ့ ချထားပေးခဲ့သည်။
၎င်းတို့၏ ဒုတိယမြောက် ဘုရားကျောင်းကို ဗတ္တိဇံဆရာ ရှင်ယောဟန် အမည်ပေးခဲ့ပြီး ၁၈၆၃ ခုနစ် ဇန်နဝါရီလ ၁၇ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။