၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော လူဦးရေ စာရင်းသည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု၏ ရှေ့ပြေး စာရင်းထက် များပြားနေခြင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်း ထုတ်ပြန်ထားခြင်းကြောင့်သာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) မှ စာရင်းသာ အတည်ဖြစ်မည်ဟု သိရသည်။
“ကော်မရှင်က ကြေညာခဲ့တယ်ဆိုတာ ၅ နှစ် တကြိမ် ကောက်ယူတဲ့ ဖွားသေစာရင်းကို အခြေခံပြီး ခန့်မှန်းထားတဲ့ စာရင်းပါ။ ကျနော်တို့ ကောက်ယူတယ်ဆိုတာ အိမ်ထောင်စု စာရင်းကိုလည်း အခြေမခံဘူး။ ကောက်ယူဖို့ သတ်မှတ် ထားချိန်အတွင်း မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားတွေရော၊ စိတ်ပေါ့ရူးသွပ် နေသူတွေပါမကျန် အားလုံးကို ကောက်ယူတာ။ ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းကပဲ အတည် ဖြစ်မှာပါ” ဟု လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ပြောသည်။
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံးခန်း၌ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ထားသော မြန်မာနိုင်ငံ လူဦးရေ ၅၇ သန်းကျော် စာရင်းနှင့် လဝကမှ ထုတ်ပြန်ထားသော ရှေ့ပြေးလူဦးရေ စာရင်း ၅၁ သန်းကျော်တို့ ကွာဟနေသည်ဟု သတင်းမီဒီယာများက ထောက်ပြမှုနှင့် ပက်သက်ပြီး ၎င်းက ပြန်လည်ရှင်းလင်း ပြောဆိုခြင်း ဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည့် မဲပေးခွင့်ရှိသူဦးရေ စာရင်းသည်လည်း ကော်မရှင်မှ မြန်မာနိုင်ငံ အတွင်း သေချာစွာ စာရင်းကောက်ယူထားခြင်းမျိုး မဟုတ်ဘဲ သီးသန့်စာရင်း ပြုစုခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြော သည်။
ပြည်လုံးကျွတ် သန်းခေါင်းစာရင်း လူဦးရေ အတိအကျကို ၂၀၁၅ ခုနှစ်၊ မေလတွင် အပြီးသတ် ကြေညာထုတ်ပြန်မည် ဆိုသော်လည်း ထိုသို့ ထုတ်ပြန်ရာတွင် အလုပ်အကိုင်၊ လုပ်ငန်း၊ လူမျိုးနှင့် ဘာသာ ဆိုသည့် အချက် ၄ ချက်ကို ထည့်သွင်း ထုတ်ပြန်မည် မဟုတ်ဟု ၎င်းက ဆိုသည်။
အလုပ်အကိုင်နှင့် လုပ်ငန်း ဆိုသည့် ကဏ္ဍများအတွက် ထပ်မံ၍ သီးခြား စာရင်း ဆက်လက် ပြုစုရမည် ဖြစ်ကြောင်း၊ ထိုကဏ္ဍများ စာရင်းကို မည်သည့် အချိန်တွင် ထပ်မံ ကြေညာနိုင်မည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း လဝက ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် မူလ သတ်မှတ်ထားသော လူမျိုး ၁၃၅ မျိုး ရှိသည်ဟု ဆိုသော်လည်း အခေါ်အဝေါ်၊ စကားလုံး၊ အသုံး အနှုန်းနှင့် ပက်သက်ပြီး တိုင်းရင်းသားများ၏ တောင်းဆိုမှုများ ရှိနေသဖြင့် ထိုစာရင်းများကို တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်း အဖြေရှာပြီးမှသာ ထုတ်ပြန်နိုင်မည် ဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ပြောသည်။
“လူမျိုးစု ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အားလုံး ညှိနှိုင်းပြီးမှ ထုတ်ပြန်လို့ ရမှာဖြစ်တဲ့ အတွက် အဲဒီ ကဏ္ဍ ၄ ခုက ကျန်ရစ်ခဲ့မှာပါ။ ၁၃၅ မျိုးလို့ လောလောဆယ် သတ်မှတ်ထားပေမယ့် အတိုးအလျော့၊ နာမည် အသုံးအနှုန်းတွေ ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။ သေချာတာက ကျနော်တို့ဆီမှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုး ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
သန်းခေါင်စာရင်း အပြီးသတ် ထုတ်ပြန်မည့် အချိန်၌ ပြည်ပရောက် နိုင်ငံသားများ လူဦးရေ စာရင်းကိစ္စသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူချိန်က မိသားစုများ ဖြေကြားပေးသော စာရင်းများကိုသာ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ လူကုန်ကူး ခံရသူ၊ ပြည်ပသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေသူ၊ ဒုက္ခသည်များ အဖြစ် ခံယူထားသူ၊ တခြားနိုင်ငံသား အဖြစ် ခံယူထားသူ၊ ပြည်ပသို့ တရားဝင် သွားရောက် လုပ်ကိုင်နေသူ စသည်များကို တိုက်ဆိုင် စစ်ဆေးသွားမည် မဟုတ်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ဆက်ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူချိန်၌ ရရှိထားသော စာရွက်စာတမ်း အထောက်အထားများကို နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးတွင်း၌ ကန့်သတ် အနေဖြင့် မပျောက်မပျက်အောင် သိမ်းဆည်းသွားမည် ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင်က ပြောသည်။
“တခြားဝန်ကြီး ဌာနတွေက စီမံချက် တခုခုကြောင့် လူဦးရေ စာရင်းတို့၊ ဘာတို့ကို တောင်းခံလာမယ် ဆိုရင်တော့ ကျမတို့ အနေနဲ့ ဒီစာရင်းတွေကို ထုတ်ပေးသွားမှာပါ။ သူတို့ကလည်း ကျမတို့ဆီက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ နောက်ဆုံး အခြေအနေကို ဆက်ပြီး ပြုစုကြမှာပါ။ ကွန်ပျူတာနဲ့ စာရင်းသွင်းထားပြီး သိမ်းထားပေမယ့် စာရွက်စာတမ်း အထောက်အထားတွေကို ဖျက်ဆီးသွားမှာ မဟုတ်ပါဘူး။ ဒီမှာပဲ မပျက်စီး၊ မပျောက်ပျက်အောင် သီးသန့် ထားသွားမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက် အထိ လုပ်ဆောင်ခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူမှု၏ ပထမအဆင့် ရှေ့ပြေး လူဦးရေစာရင်း ထုတ်ပြန်မှုကို ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် ထုတ်ပြန်ခဲ့သည်။ မူလက သန်း ၆၀ ရှိမည်ဟု တွက်ချက်ထားသော်လည်း အစိုးရ ထုတ်ပြန်လိုက်သည့် ထိုစာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု ဆိုသည်။
ရှေ့ပြေး ထုတ်ပြန်လိုက်သော ထိုလူဦးရေ စာရင်းများ အရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင် နေကြသူများ မပါဝင်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ဆောင်ရွက်ခဲ့ပြီး ယခု နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပြန်လည် ကောက်ယူခဲ့ခြင်း ဖြစ်သည်။