အကယ်၍ အမေရိကန်သမ္မတ အိုဘားမားက လုံလောက်သည့် စိုးရိမ်ပူပန်မှု မထားရှိခဲ့လျှင် မြန်မာနိုင်ငံ၌ နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ သွားရောက်မည့်သူ၏ နိုင်ငံရေးခရီးစဉ်သည် ပိုမိုရှုပ်ထွေးမှုများသာ ဖြစ်လာပေမည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့အသွင် ကူးပြောင်းရေးသည် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန် လက်အောက်၌ စတင်ခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ပြီး လွှတ်တော်တွင်းသို့ ရောက်ရှိလာခြင်းကလည်း တွန်းအားတခုလို ဖြစ်စေခဲ့သည်။ အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒ စွမ်းဆောင်မှုများထဲတွင် အနည်းငယ်သော အောင်မြင်မှုထဲမှ တခုအဖြစ် မကြာခဏ ဖော်ပြတတ်ကြသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးသည် ၄နှစ်မြောက်ပြီဖြစ်သော ယခုအချိန်တွင်မူ စတင်ပြီး ရှုပ်ထွေးသည့် အသွင်ဆောင်လာသည်။ ပြီးခဲ့သည့် လများအတွင်းတွင် မြန်မာ၏ အသွင်ကူးပြောင်းမှုနှင့် ပတ်သက်သည့် ကမ္ဘာ၏အမြင်ကလည်း မကြည်လင်တော့ဘဲ ပြောင်းလဲသွားခဲ့ပြီး အိုဘားမား အစိုးရအပေါ် ဝေဖန်လာခဲ့သည်။
လတ်တလော ဝေဖန်မှုများအတွက် အဓိကတွန်းအားမှာ ဆက်လက်ပြီး ထွက်ပေါ်နေသည့် သတင်းများ ဖြစ်သော စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်း စွပ်စွဲမှုများမှသည် ဘာသာရေး အစွန်းရောက်မှုများ အထိဖြစ်သည်။ အထင်ရှားဆုံးသော စိုးရိမ်ပူပန်မှုမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ကိစ္စသို့ ဦးတည်နေသည်။ ၎င်းတို့သည် လူဦးရေ ၁ သန်းခန့်ရှိသည့် မွတ်စလင် လူနည် စုဖြစ်ပြီး သူတို့ထဲမှ ၁၀ဝ,ဝဝဝ ကျော်သည် ပြည်နယ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ဒုက္ခသည် စခန်းများ၌ နေထိုင်နေကြရသည်။ အခြားသော စွပ်စွဲချက်များတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အစိုးရတပ်က စစ်ဆင်ရေးများ ပြုလုပ်တိုက်ခိုက်ရာတွင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးရခြင်း၊ အာဏာဖြင့် မြေယာသိမ်းယူမှုများကြောင့် အိမ်ထောင်စု အမြောက်အမြား အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းနှင့် စာနယ်ဇင်းသမားများကို ဖမ်းဆီးထောင်ချနေခြင်းတို့ ဖြစ်သည်။
ပိုမို၍ ဒီမိုကရေစီနည်းကျသည့် နိုင်ငံရေးစနစ်တခု ဖော်ဆောင်ပေးရန် ကတိပေးခဲ့ပြီးမှ နောက်ကြောင်းပြန်သွားနေသည်ဟု အစိုးရကိုလည်း စွပ်စွဲနေကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု မျှော်လင့်ရသည့် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လာနိုင်ခွင့် ရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုသည်လည်း အောင်မြင်နိုင်ရန် အလားအလာမရှိသည့်အသွင် ဖြစ်နေသည်။ လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ် နေရာများကို ဖြည့်စွက်ရန်အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ပယ်ဖျက်လိုက်သည်။ ရရှိမည့် အကျိုးအမြတ်ထက် ကုန်ကျစရိတ်က ပိုများနေ၍ဖြစ်သည်ဟု အကြောင်း ပြချက်ပေးခဲ့သော်လည်း စောဒကတက်ချင်စရာ ဖြစ်နေသည်။ လွှတ်တော်ရွေးကောက်ပွဲတွင် မဲများသူ အနိုင်ရသည့် စနစ်အစား ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဟန့်တားနိုင်မည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အစားထိုးရန် လှုပ်ရှားမှုများကလည်း အရှိန်အဟုန် စုစည်းနေသည့်အသွင် ရှိသည်။
ထပ်တလဲလဲ ပြောဆိုနေကြသည့် စိုးရိမ်မှုများသည် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်သည့် ကျေးလက်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့နေခြင်း အပေါ်တွင်လည်း အခြေခံနေသည်။ အရှေ့အာရှနိုင်ငံ အားလုံးနီးပါးမှ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများသည် စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် စတင်ပြီး ကုန်ထုတ်လုပ်ရေး မြှင့်တင်ရာတွင် အတားအဆီးများကို ဖယ်ရှားပြီး အိမ်ထောင်စုများ၏ ဝင်ငွေကိုလည်း မြင့်တက်စေသည်။ သို့သော်လည်း ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေးများကို ဦးတည်ချက် မှားယွင်းသည့် နည်းဗျူဟာနှင့် ရောထွေးပစ်ခဲ့သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ မျှော်လင့်ချက်များနှင့် သူတို့၏ နေ့စဉ်လက်တွေ့ ဘဝများကြား ကွာခြားမှု ပိုမိုကျယ်ပြန့်လာခြင်းသာလျှင် ဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံတကာမှ မိတ်ဆွေများက မြန်မာအစိုးရအဖွဲ့ အနေဖြင့် ၃ နှစ်တာ ကာလအတွင်းတွင် ကောင်းမွန်သော အစိုးရအတွက် မြင့်မားသောစံနှုန်းတခု ရရှိနိုင်ခဲ့သင့်သည်ဟု ယုံကြည်ထားကြသည်။ လက်တွေ့တွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးသည် ယခုနှစ်တွင် ယမန်နှစ်ကထက် ပိုပြီး ဖရိုဖရဲ ဖြစ်နေသည်။ အဓိကကျသည့် အကြောင်းများထဲမှ တခုမှာ နိုင်ငံခြားသားများက ကျိုင်းကောင်များလို အုပ်စုလိုက် အစုအပြုံလိုက် ဝင်ရောက်လာနေကြခြင်း ဖြစ်သည်။ နိုင်ငံရေးသမားများက ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်ဖို့ အခွင့်အလမ်းရှာကြသည်။ အကူအညီပေးရေး အရာရှိများက ၎င်းတို့နားမလည်သည့် စီမံကိန်းများကို သဘောတူညီချက် လက်မှတ်ထိုးပေးရန် ဝန်ကြီးများကို ဖိအားပေးနေကြသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက အလုပ်အကိုင်အတွက် ကတိပေးနေသော်လည်း အမြတ်အစွန်းကိုသာ စိတ်ဝင်စားကြသည်။ နိုင်ငံတကာမှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ အနာဂတ် လူနေမှုအတွက် သူတို့က အရေးပါသည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။ သတင်းထောက်များက အယ်ဒီတာများ စိတ်ကျေနပ်မှု ရစေမည့် အငြင်းပွားဖွယ် သတင်းများသာ ရှာဖွေနေကြသည်။ ထို့ပြင် အခြားသော အကြောင်းများလည်း ရှိနေသေးသည်။
ထိုကဲ့သို့ ပြင်ပမှ စိတ်ဝင်စားမှုများ အလုံးအရင်းလိုက် စီးဝင်လာခြင်း၏ အကြီးမားဆုံး နစ်နာမှုမှာ မြန်မာတာဝန်ရှိသူများဘက်က အောင်မြင်သည့် အသွင်ကူးပြောင်းမှု ဖြစ်စေရေးအတွက် လိုအပ်သည့် မူဝါဒများ ချမှတ်ရန်နှင့် အကောင်အထည်ဖော် အသုံးချရမည့် အချိန်နည်းသွားခြင်းဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးမှု မရှိသေးသည့် နိုင်ငံအများစု ကဲ့သို့ပင် မြန်မာနိုင်ငံတွင် ဗျူရိုကရေစီ အလေ့အထရှိပြီး လုပ်ပိုင်ခွင့် ခွဲဝေချထားပေးခြင်းကလည်း နည်းပါးသည်။ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင်ပင် အသေးအဖွဲ ကိစ္စကလေးများဖြင့် လမ်းချော်နေကြပြီး သမ္မတ ဦးသိန်းစိန်နှင့် သူ၏အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နေ့စဉ် အချိန်အများစုကို နိုင်ငံခြား ဧည့်သည်များကို လက်ခံတွေ့ဆုံရာတွင် အသုံးပြုနေကြသည်။ အရေးပါသည့် အလုပ်ဖြစ်သည့် မူဝါဒရွေးချယ် ချမှတ်ရန် အချိန်နည်းသွားပြီး ရွေးချယ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ရန် အချိန်မရှိသလောက် ဖြစ်သွားသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု လမ်းချော်သွားရခြင်းမှာ နိုင်ငံတကာ၏ အလေးထားမှု ရရှိလွန်း၍ဖြစ်သည်ဟု ပြောရတော့ မလို ဖြစ်နေသည်။
သတင်းကောင်းများလား
လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်း ကရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် လူများစု ဗမာများနှင့် တောတောင်ထူထပ်သည့် နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ဒါဇင်နှင့်ချီသော တိုင်းရင်းသား လူမျိုးစုများကြားမှ ပြည်တွင်းစစ်ကို ရပ်တန့်ရန် ဖြေရှင်းခြင်း ကဲ့သို့သော စိန်ခေါ်မှုများရှိနေသေးသည်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ၂ နှစ် ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် ရလဒ်ကောင်းတခု ရကောင်းရနိုင်သည်။ ပြဿနာက နောက်တဆင့်ဖြစ်သော ငြိမ်းချမ်းရေး သဘောတူညီချက် တခုကို ဆွေးနွေးရန်နှင့် ဖက်ဒရယ်စနစ်ကို ဖန်တီးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်သော အဆိုပြုချက်ဖြစ်သည်။
ချန်လှပ်မထားသင့်သည့် အပေါင်းလက္ခဏာ ဆောင်သည့် အခြားသတင်းများလည်း ရှိပါသေးသည်။ မိုဘိုင်းဖုန်း သုံးစွဲနိုင်သူက နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းထက် နည်းသည့် အခြေအနေမှ ၂၀၁၅ ခုနှစ်ကုန်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် မိုဘိုင်းဖုန်း ကွန်ရက်တခု တည်ဆောက်နေပါသည်။ ၎င်းက ကမ္ဘာ့ မည်သည့်နေရာမှ ကြည့်သည်ဖြစ်စေ ပြုပြင်ပြောင်းလဲရေး၏ သက်ရောက်မှုဖြစ်ပါသည်။ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက ချမှတ်ထားသည့် ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှု အများစု ဆိုင်းငံ့ပေးလိုက်သည့် အချိန်တွင် ဘဏ်စနစ်က အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသည်။ ငွေစက္ကူကို အခြေခံသည့် စီးပွားရေးစနစ်မှသည် ခေတ်မီသည့် ခရက်ဒစ်စနစ်ကို အခြေခံသည့် စီးပွားရေးဆီသို့ ဦးတည်သွားနေသည်ဟု ထင်ပါသည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအနေဖြင့် ယခုနှစ်အတွင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး တိုင်းပြည် လူဦးရေကို တရားဝင် တွက်ချက်ခန့်မှန်းထားသည့် သန်း ၆၀ အစား ၅၁ သန်းသာရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အစိုးရက လူဦးရေမှ လူမျိုးစုအလိုက် ပါဝင်မှုအချိုးအစားကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ သာလျှင် ထုတ်ပြန်ပေးသင့်ပါသည်။ ရလဒ်က ပြည်တွင်းရေး မငြိမ်မသက် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
လေ့လာသုံးသပ်သူများ အံ့အားသင့်လောက်အောင် မြန်မာနိုင်ငံက ဂုဏ်ယူဖွယ်ရာ အလုပ်တခုဖြစ်သော ယခုနှစ်အတွက် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ ဥက္ကဋ္ဌတာဝန်ကို ရယူနိုင်ခဲ့သည်။ မြို့တော်အသစ် နေပြည်တော်တွင် အဆင့်မြင့် အစည်းအဝေးများကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်။ နိုဝင်ဘာ ထိပ်သီးအစည်းအဝေးနှင့် ၎င်းနှင့်သက်ဆိုင်သည့် အစည်းအဝေးများကို ကောင်းမွန်စွာ ကျင်းပနိုင်လိမ့်မည်ဟုလည်း ခန့်မှန်းနေကြသည်။ ဦးသိန်းစိန်၏ အစိုးရသည် တောင်တရုတ် ပင်လယ်မှ ပိုင်နက်အငြင်းပွားမှုများကို လွန်ခဲ့သော ၂ နှစ်က ကမ္ဘောဒီးယားနိုင်ငံ ဥက္ကဋ္ဌ ပြုလုပ်စဉ်ကအတိုင်း စီမံခန့်ခွဲနိုင်ခဲ့သည်။
အချို့ကတော့ မြန်မာနိုင်ငံတွင် အခြေခံကျသည့် ပြောင်းလဲခြင်း မရှိခဲ့ဟု ပြောကြသည်။ အစိုးရသစ်သည် ပုလင်းသစ်အတွင်းမှ ဝိုင်အဟောင်းသာဖြစ်ပြီး စစ်တပ်က ယခုအချိန်အထိ အပြည့်အဝ ထိန်းချုပ် ထားဆဲဖြစ်ကာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသည်။ ထိုင်းနိုင်ငံမှာကဲ့သို့ စစ်တပ်က အာဏာသိမ်းယူခြင်းမျိုး ဖြစ်လာနိုင်ဖွယ်မရှိဟု မပြောနိုင်သည်မှာ အမှန်ဖြစ် သော်လည်း မြန်မာပြည်သူများက ပြီးခဲ့သည့် ၄ နှစ် အတွင်း ရရှိခဲ့သည့် လွတ်လပ်မှုများကို ဆုံးရှုံးခံမည်ဟု ယုံကြည်ရန် ခက်ခဲပါသည်။ နာမည်ကောင်း ပြန်ရရန်လုပ်နေသော စစ်တပ်ကလည်း ထင်ရှားသည့် ၁၉၈၈ ခုနှစ်နှင့် ၂၀ဝ၇ ခုနှစ် အရေးအခင်းများတွင် ပြုလုပ်ခဲ့သလို ဖြိုခွဲလိမ့်မည်ဟု ယုံကြည်ရန်လည်း ခက်ခဲပါသည်။
၂၀၁၅ ခုနှစ်တွင် ၂၀၁၄ ခုနှစ်ထက် မတည်ငြိမ်မှုများ ကြုံတွေ့ရနိုင်ပါသည်။ သို့သော်လည်း အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် သို့မဟုတ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် စောဒကတက်မှုတခု မဖြစ်သင့်ပါ။ အာဏာရှင် အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေးသည် ပင်ကိုယ်အားဖြင့် ရှုပ်ထွေးပါသည်။ တိုးတက်မှု အားနည်းခြင်း၊ အဆင့်မမီဘဲ အမျိုးမျိုးပြောင်းနေသော ကုန်သွယ်ရေးပေါ်လစီ မူဝါဒများကို ကျင့်သုံးခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုက ရင်းနှီးမြှုပ်နှံသူများအတွက် အတားအဆီး ဖြစ်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး၏ အထောက်အကူကလည်း ပြီးခဲ့သည့် နှစ် ၅၀ အတွင်းတွင် အလွန်နည်းပါးခဲ့သည်။ နိုင်ငံခြား မိတ်ဆွေများထံမှ မြန်မာနိုင်ငံ လိုအပ်သောအရာများမှာ တောင်းဆိုမှုနည်းရန်၊ တိုးတက်မှုအတွက် ခိုင်မာသောမူဝါဒများ ချမှတ်နိုင်ရေး အချိန်ပေးရန်နှင့် ဖွံ့ဖြိုးသော လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ရေး လမ်းကြောင်းတွင် ပြုပြင်နိုင်သော အမှားအယွင်းများကို သည်းခံပေးရန်တို့ ဖြစ်သည်။
ယခုတင်ပြချက်များသည် သမ္မတ အိုဘားမား မြန်မာနိုင်ငံတွင် လာရောက်ပြီး ထိပ်သီးအစည်းအဝေး တက်ရောက်သည့်အခါတွင် အနည်းဆုံးလုပ်ရမည့် ချဉ်းကပ်မှုများကို ဖော်ပြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်ဘဲ ခက်ခဲနေသည့် အသွင်ကူးပြောင်းရေးကို အမေရိကန်မှ ဆက်လက်ထောက်ခံ နေမည်ဆိုသည့် အချက်ကို မြန်မာပြည်သူများအား သမ္မတ အိုဘားမား အာမခံပေးခြင်းက အထိရောက်ဆုံး ဖြစ်နိုင်ပါသည်။
(Lex Rieffel ၏ What Myanmar Does Not Need ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။ လက်စ်ရစ်ဖဲလ်သည် ဝါရှင်တန်အခြေစိုက် Brookings Institution မှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် စီးပွားရေးပညာရှင်အဖြစ် တာဝန်ထမ်းဖူးသည်)