စစ်တပ် လက်နက်စက်ရုံ တခုနှင့် ပတ်သက်သော သတင်းအား ရေးသားဖော်ပြခဲ့သည့် Unity ဂျာနယ်၏ CEO ဦးတင့်ဆန်း အပါအဝင် သတင်းသမား ၅ ဦးကို မကွေးတိုင်း တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အစား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်သို့ ယနေ့တွင် လျှော့ပေါ့ အမိန့်ချခဲ့ကြောင်း သိရသည်။
မကွေးတိုင်း မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်း ဒေသကြီး တိုင်းတရားရုံးသို့ အယူခံ ဝင်လိုက်သည့် အပေါ် တိုင်းတရားရုံးမှ ပြောင်းလဲ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု Unity ဂျာနယ် ဝန်ထမ်းများ၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဧရာဝတီကို ပြောသည်။
“သမ္မတ ဦးသိန်းစိန် စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံတုန်းက ပြောသွားပါတယ်။ အကျဉ်းကျ ခံနေရတဲ့ သတင်းသမားတွေ ထိခိုက် နစ်နာမှု မရှိစေရဘူးတဲ့။ အခု ပြစ်ဒဏ် လျှော့ပေါ့လိုက်ပေမယ့် ထောင် ၇ နှစ် ဆိုတာ သတင်းသမားတွေကို ထိခိုက် နစ်နာစေပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
Unity ဂျာနယ် အတွဲ ၃၊ အမှတ် ၄ ဂျာနယ်တွင် ဖော်ပြခဲ့သော “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ် ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ” ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး Unity ဂျာနယ်၏ CEO ဦးတင့်ဆန်း အပါအဝင် သတင်းထောက်များ ဖြစ်သည့် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုလူမော်နိုင်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် ၂၄ ကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဟု အဆိုပါ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သဖြင့် ဖမ်းဆီးထားသူ ၅ ဦးကို ကိုလိုနီခေတ် နိုင်ငံတော် လုံခြုံရေး ဥပဒေဖြင့် ပခုက္ကူခရိုင် တရားသူကြီးက စွဲချက်တင်ခဲ့ပြီး မေလ ၂၆ ရက်က ရုံးချိန်း စတင် ခေါ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က ၎င်းတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ယင်းသို့ အပြစ်ပေးမှုအပေါ် အမေရိကန် အစိုးရက မြန်မာအစိုးရသည် အာဏာရှင်ဆန်စွာ ပြုမူနေသည်ဟု ပြောဆိုခဲ့သည်။
ဦးရောဘတ်ဆန်းအောင်က “ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအဖြစ်နဲ့ နေပြည်တော် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးကို ဆက်လက် တင်သွင်းသွားမှာပါ။ အပြီးအပြတ် လွတ်သွားအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
Unity ဂျာနယ်ပါ သတင်း၌ ဖော်ပြပါရှိသော စက်ရုံကို ၂၀၀၉ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး စက်ရုံ အတွက် မြေ ၃၃၃၈၇ ဧက သိမ်းယူခဲ့ကြောင်း၊ လက်ရှိ အချိန်၌ ထိုစက်ရုံသည် တည်ဆောက်မှု ပြီးစီးလုနီးပါးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ပင်မ အဆောက်အအုံနှင့် ကျန်အဆောက်အအုံများကို တောင်တလုံးခြားပြီး သံမဏိ ဥမင်လိုဏ်ခေါင်း ပေ ၁ ထောင်ကျော်ဖြင့် ဆက် သွယ်ထားကြောင်း၊ စက်ရုံအတွင်းသို့ ပေါင်းအိုအဖြူကြီးများ၊ ဘိလပ်မြေများကို ၂၂ ဘီး ကားဖြင့် မကြာခဏ လာပို့သည်ကို တွေ့ရကြောင်း၊ ဂန့်ဂေါခရိုင်ရှိ အမှတ် ၂၃ ကာကွယ်ရေး စစ်လက်နက် ပစ္စည်း စက်ရုံ(က-ပ-စ) စက်ရုံနှင့် ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ က-ပ-စ စက်ရုံတို့နှင့်လည်း ကားလမ်း အဆက်အသွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။