အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့အကြား တင်းမာမှုတွေကို လက်နက်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် က တပ်မှူးတွေကို ပြောဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပါအဝင် နောက်ထပ် အလားတူ ပြဿနာတွေ ဆက်လက် မဖြစ်ပွားရေး အတွက် အစိုးရ စစ်တပ်နဲ့ DKBA တို့အကြား ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ စာပွဲဝိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ဆွေးနွေး အဖြေရှာဖို့ ညွှန်ကြားလိုက် တာဖြစ်တယ်လို့ မြဝတီ အခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့် က ပြောပါတယ်။
“အခုဖြစ်နေတဲ့ ကိစ္စတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အပြေလည်ဆုံးဖြစ်အောင် ဖြေရှင်းကြဖို့ အဘိုး (ဗိုလ်ချုပ်ကြီး စောလားပွယ်) က ညွှန်ကြားထားပါတယ်”လို့ ဗိုလ်ကြီး စောစိုးမြင့် က ဧရာဝတီကို ပြောပါတယ်။
အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ DKBA အဖွဲ့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ DKBA နဲ့ အစိုးရ စစ်တပ်တို့အကြား စက်တင်ဘာလ နှောင်းပိုင်းက လက်နက်သိမ်းတာ၊ ဖမ်း ဆီး တာတွေ ပြုလုပ်ခဲ့ကြသလို တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတွေ မှာ နှစ်ဘက်ထိခိုက် ကျဆုံးမှုတွေလည်း ရှိကြောင်း သိရပါတယ်။
DKBA အနေနဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသ အခြေစိုက် အစိုးရ စစ်တပ် တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ညှိနှိုင်းမှုတွေပြုလုပ်နေသလို သိမ်းဆည်းထားတဲ့ အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုလည်း ပြန်လည် အပ်နှင်းပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ မွန်ပြည်နယ်ထဲမှာ အဆက်အသွယ် ပြတ်တောက်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင်နဲ့ တပ်ဖွဲ့ဝင်တွေ ကို လည်း အဆက်အသွယ်ရရှိရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင်တို့ အဖွဲ့ဟာ အစိုးရ စစ်ကြောင်း တွေရဲ့ အင်အားသုံး ဝိုင်းဝန်းမှုထဲမှာ ပိတ်ဆို့မိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
အခုရက်ပိုင်းအတွင်း ကော့ကရိတ်-မြဝတီ လမ်းပေါ်က တံတားကျိုးဂိတ် အနီး အပါအဝင် ဝေါ်လေနဲ့ အခြား DKBA တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နေရာဒေသ တချို့မှာ DKBA နဲ့ အစိုးရ စစ်တပ် တိုက်ပွဲဖြစ်ပွားကြောင်း ကောလာဟလ သတင်းထုတ်လွှင့်မှုတွေ ရှိနေ သလို DKBA အမည်ကို အသုံးပြုပြီး အစိုးရ စစ်တပ်ကို သွားရောက် ပစ်ခတ်နေသူတွေရှိနေတယ်လို့လည်း ဗိုလ်ကြီး စောစိုးမြင့် က ပြောပါတယ်။
“ကျနော်တို့နဲ့ အစိုးရတပ်နဲ့ဖြစ်တာ မွန်ပြည်နယ်ထဲမှာဖြစ်တာပဲ ရှိတာပါ။ တခြားမှာ ပစ်ခတ်နေတာ ကျနော်တို့ အဖွဲ့မဟုတ်ဘူး။ အခုက ကျနော်တို့နာမည်ကို အသုံးပြုပြီး ရည်ရွက်ချက်ရှိရှိ သတင်းထုတ်လွှင့်မှုတွေ လုပ်နေကြတာတွေလည်း ရှိနေတဲ့ အတွက် အစိုးရ စစ်တပ်နဲ့ ကျနော်တို့ ပူးပေါင်းအဖြေရှာဖို့လည်း ကြိုးစားနေကြတယ်”လို့ သူကပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စနေ့နေ့က မြဝတီမြို့ပေါ်က ဗိုလ်မှူးတိုက်ဂါးရဲ့ ခြံဝန်းထဲမှာ အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုမှာလည်း DKBA မဟုတ်သလို ဗိုလ်မှူးတိုက်ဂါးရဲ့ အဖွဲ့တွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပစ်ခတ်မှုတွေဖြစ်ပွား ခဲ့တဲ့ ဗိုလ်မှူးတိုက်ဂါးရဲ့ ခြံဝန်းကို အစိုးရတပ်က နေရာယူထားတာတွေ့ရပါတယ်။
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့ အဆင်မပြေဖြစ်နေတဲ့ ဗိုလ်တိုက်ဂါး အဖွဲ့ကတော့ DKNA အဖွဲ့နဲ့ ပူးပေါင်းလိုက် တယ်လို့ သိရပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ကနေခွဲထွက်လာတဲ့ အဖွဲ့တခုဖြစ်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို တခြားခေါင်းဆောင်တွေက လက်ခံခဲ့ကြပေမယ့် ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်တဲ့ အဖွဲ့က လက်မခံခဲ့ဘဲ အစိုးရ စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။
ရွေးကောက်ပွဲပြုလုပ်ချိန်မှာ ဗိုလ်ချုပ် စောလားပွယ် ရဲ့ DKBA တပ်ဖွဲ့တွေဟာ နယ်စပ်မြဝတီမြို့ကို ဝင်ရောက် ထိန်းချုပ်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ လှုပ်ရှားနယ်မြေတွေမှာလည်း အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါ သေးတယ်။