အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးကို ရိုက်နှက်သော ဆရာဝန် လင်မယားအမှု ၁ လခန့်ကြာမြင့်ပြီ ဖြစ်သော် လည်း စစ်ဆေးမေးမြန်းရန် နေပြည်တော် ကျန်းမာရေး ဦးစီးဌာနသို့ ခွင့်ပြုချက် တောင်းခံနေဆဲ ဖြစ်သည်ဟု ရန်ကုန်တိုင်း ထောက်ကြန့်မြို့မ ရဲစခန်းက ပြောသည်။
ထိုအမှုအား ကိုင်တွယ် ဆောင်ရွက်နေသူ ထောက်ကြန့် မြို့မရဲစခန်းမှ ရဲအုပ် အောင်မိုးဦးက“ဝန်ထမ်း စည်းမျဉ်းစည်းကမ်း အရ သူတို့မှာ အုပ်ချုပ်သူ ရှိတယ်လေ၊ မြောက်ဥက္ကလာပ ဆေးရုံကြီးက ဖြစ်နေတာဆိုတော့ ဆေးရုံအုပ်ကြီးရဲ့ ခွင့်ပြုချက် လည်း လိုတယ်၊ သူတို့တွေရဲ့ ခွင့်ပြုချက်ရမှ စစ်ဆေးပိုင်ခွင့် ရှိမယ်၊ ဒီအတိုင်း လုပ်လို့ မရဘူး။ အခုက နေပြည်တော် အထိ တင်ပြထားတာ ၁၀ ရက် ရှိပြီ၊ စာကျလာမှ သူတို့ကို ခေါ်ယူ စစ်ဆေးပြီး တရားစွဲတင် နိုင်မယ်”ဟု ပြောသည်။
အဆိုပါ ဆရာဝန် လင်မယားသည် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် အစိုးရ ဝန်ထမ်းတာဝန် ထမ်းဆောင်နေဆဲ ဖြစ်သည့် အတွက် တရားစွဲဆိုနိုင်ရန်နှင့် စစ်ဆေးမေးမြန်းရန် အတွက် နေပြည်တော်ရှိ ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်နှင့် မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီးတို့ထံ စာဖြင့်တင်ပြပြီး ခွင့်ပြုချက် တောင်းခံနေဆဲ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ထိုဆရာဝန် လင်မယားနှင့် မိခင်ဖြစ်သူ ဒေါ်နုနုရှိန် တို့ကို ထောက်ကြန့် မြို့မရဲစခန်းက လက်နက်ဖြင့် အပြင်း အထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု စသည့် ဥပဒေ ပုဒ်မ ၁၁၄/ ၃၂၆/ ၃၂၅ တို့ဖြင့် စက်တင်ဘာ လဆန်း က အမှုဖွင့်ထားသည်။
ဆရာဝန် လင်မယား၏ ရိုက်နှက် ခံထားရသည့် အသက် ၁၄ နှစ် အရွယ် မသန်းသန်းစိုးသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေ ထိုင်သော ထိုဆရာဝန် လင်မယား၏ နေအိမ်သို့ ၂၀၁၃ ခုနှစ် အတွင်းက စတင် ရောက်ရှိပြီး တလလျှင် လုပ်ခ လစာငွေ ကျပ် ၂၅၀၀၀ နှုန်းဖြင့် အိမ်အကူ အလုပ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ရိုက်နှက်ခံရသည်မှာ ၂ လခန့် ရှိပြီ ဖြစ်သည်။
အိမ်ရှင် ဆရာဝန် လင်မယားနှင့် မိခင်ဖြစ်သူတို့က မသန်းသန်းစိုးကို အလုပ်လုပ်ကိုင်မှု မပြီးစီးခြင်း၊ ခိုင်းသည့် အလုပ်များကို မေ့လျော့ခြင်း၊ အဝတ်လျှော်၊ မီးပူတိုက် မသေသပ်ခြင်း၊ ဟင်းများ ခိုးစားခြင်း စသည့် စွပ်စွဲချက်များဖြင့် စွပ်စွဲ၍ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မသန်းသန်းစိုး၏ ပါးစပ်အတွင်းသို့ ငရုတ်ကျည်ပွေ့ ထိုးထည့်ခြင်း၊ လက်ကို မီးပူဖြင့် ကပ်ခြင်း၊ လက်ချောင်းများကို ငရုတ်ကျည်ပွေ့ဖြင့် ထုခြင်း၊ ဓားပြားဖြင့် ရိုက်ခြင်းများကြောင့် လက်ဆစ်များ ယောင်ရမ်းခြင်း၊ အရိုးကျိုးခြင်းနှင့် နှုတ်ခမ်းမှာလည်း မူလအတိုင်း မရှိတော့ဘဲ ပျက်စီးသွားသည်ကို တွေ့ရသည်။
“ကလေးက စိတ်ဒဏ်ရာ ရနေတယ်၊ ခန္ဓာကိုယ် ဒဏ်ရာတွေကတော့ သက်သာနေပြီလို့ ပြောရမယ်၊ မျက်နှာကတော့ ပုံစံပျက်သွားပြီ၊ အခုတော့ သူ့မိသားစုနဲ့အတူ ရှိနေတယ်၊ ဆရာဝန် လင်မယားဘက်က ကလေးနဲ လာပြီးတွေ့ဆုံတာမျိုး လုံးဝ မရှိသေးဘူး”ဟု မသန်းသန်းစိုးကို လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် ထောက်ကြန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုထွန်းဝင်းသိန်းက ပြောသည်။
မသန်းသန်းစိုး အမှုဖြစ်စဉ်မျိုး နည်းတူ ပဲခူးမြို့မှ ဒုတိယမြို့နယ် တရားသူကြီး ဇနီးက မီးပူဖြင့် ကပ်၍ နှိပ်စက်ခံခဲ့ရသည့် မအေးယုအောင်၊ မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ၏ နှိပ်စက်ခံခဲ့ရသည့် မနော်ထက်ထက်တို့၏ အမှုများသည် လည်း တရားခံဟု ယူဆရသူများ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သက်ဆိုင်ရာ ရဲစခန်းများက ပြောဆိုထားပြီး လက်ရှိအချိန် အထိ အမှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။