ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်မှာ ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက် နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားတယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူး ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီပစ္စည်းတွေဟာ တာချီလိတ်မြို့ ကနေတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားရာကနေ အဖမ်းခံရတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။
ဘိန်းဖြူတွေနဲ့ လက်နက်တွေ တင်ဆောင်ပြီး တာချီလိတ်-မိုင်းဆတ် ကားလမ်းပေါ် ရောက်နေတဲ့ ဆယ်ဘီး ကားတစီးကို စက်တင် ဘာ လ ၃၀ ရက်နေ့မှာ မူးယစ် ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ၊ မူးယစ် တပ်ဖွဲ့စု ၃၀ က ကြိုတင်သတင်း ရရှိချက်အရ ပူးပေါင်း ဖော်ထုတ်လိုက်တာ ဖြစ်တယ်လို့ အောက်တို ဘာလ ၂ ရက်နေ့မှာ တရားဝင် သတင်း ထုတ်ပြန်ပါတယ်။
“ဒါတွေကို ဘယ်ကို သယ်သွားမှာလဲ၊ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကို ကားပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သုံးယောက်ကို ကျနော်တို့ စစ်ဆေးမေးမြန်းနေဆဲပါ”လို့ မိုင်းဆတ်မြို့ အခြေစိုက် မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဖုန်းကျော်ဦး ကလည်း ဧရာဝတီကို ပြောပါတယ်။
ဘိလပ်မြေအိတ်တွေနဲ့အတူ ဘိန်းဖြူနဲ့ လက်နက်တွေကို တင်ဆောင်လာတဲ့ ဆယ်ဘီးကားဟာ တာချီလိတ်မြို့ကို ဦးတည် မောင်းနှင်လာတာဖြစ်ပြီး အဲဒီကနေမှတဆင့် ထိုင်းနိုင်ငံကို ဆက်သွားမယ့် ကားဖြစ်တယ်လို့လည်း သိရပါတယ်။
ဘိန်းဖြူနဲ့ လက်နက်တွေကို ကားရဲ့အံဝှတ်တခုထဲမှာ သယ်ဆောင်လာတာ ဖြစ်ပြီး ကားပေါ်မှာ ပါလာတဲ့ ယာဉ်မောင်း အိုက်သန်း၊ တခြားသူ ၂ ဦး ဖြစ်တဲ့ အေးလွင်(ခ) အိုက်ဆိုင်းနဲ့ အိုက်စု(ခ) အိုက်န တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဘလောက်တုံးမှာ စုစုပေါင်း (၆၆၅) တုံး၊ အလေးချိန်အားဖြင့် (၁၉၉.၅) ကီလို၊ ကာလတန်ကြေး ကျပ် သိန်းပေါင်း ၃၁၉၂၀ သိန်းရှိပြီး လက်နက်တွေကတော့ ပွိုင့် ၃၈ အမျိုးအစား ပစ္စတိုသေနတ် (၂) လက်၊ ကျည်ကတ် (၂) ခု၊ ကျည် (၁၈) တောင့်၊ တလုံးထိုးသေနတ် (၁) လက်၊ Remington ၁၂ ဗို့ ကျည် (၄၅) တောင့်နဲ့ နံပါတ်မပါ M 79 လောင်ချာ သေနတ် (၁) လက်၊ ကျည် (၁၀) တောင့် သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။
ဒီဖမ်းဆီ ရမိမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုင်းဆတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မိုင်းတွမ်း နယ်မြေ ရဲစခန်းမှာ မယ (ပ)၁၇/၂၀၁၄ ၊ မူး / စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၂(ခ)/ ၂၁ တို့နဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ အရေးယူဆောင်ရွက်ထားပြီး သတင်းကွင်းဆက်တွေကို ပူးပေါင်း အဖွဲ့က ဆက်လက် ဖော်ထုတ် သွားမယ်လို့ ဆိုပါတယ်။
အခု ဖမ်းဆီး ဖော်ထုတ်လိုက်နိုင်တဲ့ မူးယစ်တပ်ဖွဲ့ ၃၀ ဟာ ဒီနှစ်ပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးပြနိုင်ခဲ့ပေ မယ့် ထုတ်လုပ်သူတွေကိုတော့ ဖော်ထုတ် အရေးယူတာတွေ မကြား သိရသလို ဖမ်းဆီး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အများ ပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်တာမျိုးလည်း မရှိဘူးလို့ တာချီလိတ်မြို့ခံ တဦးက ပြောဆိုပါတယ်။
“အခု ဖမ်းတာများပြီ။ အဓိက ထုတ်လုပ်တဲ့လူတွေကို မဖော်ထုတ်နိုင်သေးဘူး။ ကျနော်တို့ သိရသလောက်တော့ အခု အချီကြီးတွေမိတဲ့ ဟာတွေဆိုရင် အစိုးရ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တွေပဲ လုပ်ကြတာ။ မိတဲ့အခါ တော်တော်များများမှာလည်း လက် နက် တွေပါတယ်။ ဒါကို သူတို့ လူထုသိအောင်လည်း ချမပြဘူး”လို့ တာချီလိတ်မြို့ခံက ဧရာဝတီကို ပြောပါတယ်။
တာချီလိတ်မြို့ခံ ဆက်ပြီးတော့“ဒီနယ်မြေတဝိုက်မှာ ဘယ်အဖွဲ့တွေက ဘာလုပ်တယ်။ ဘိန်းဖြူ ဘယ်မှာ ထုတ်တယ်၊ မြင်းဆေး ဘယ်မှာ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ရဲရော စစ်တပ်ရော သိနေတာပဲ။ မဖမ်းတာ။ ဒီနှစ်မှ ဖမ်းတာ။ ဒါပေမယ့် ထုတ်လုပ်တဲ့ တကယ့် ခေါင်ကြီးတွေကြ ဖော်ထုတ် ဖမ်းပြတာ မရှိဘူး။ နောက်ဆုံး သယ်ယူပို့ဆောင်ပေးတဲ့ လူပဲ တရားခံ အဖြစ်နဲ့ သွားမယ့်ပုံ ” လို့ ပြောဆိုပါတယ်။
အခုလို ဘိန်းဖြူတွေ ဖမ်းဆီးခံခဲ့ရတဲ့ ကားလမ်းဟာ “ဝ” နဲ့ မူဆာ တိုင်းရင်းသား လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ နေရာမှာ အဓိက ချိတ်ဆက်ထားတဲ့ လမ်းလည်း ဖြစ်ပါတယ်လို့ ဘန်ကောက်ပို့(စ်) သတင်းစာကတော့ ရေးသားဖော်ပြပါတယ်။
ဒီတာချီလိတ်-မိုင်းဆတ် ကားလမ်းပေါ်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ ဓာတုဆေးရည်တွေ တင်ဆောင်လာတဲ့ Tiger အမျိုးအစား အဖြူရောင် ကားတစီးကို ဖမ်းဆီးခဲ့ပါသေးတယ်။
အဲဒီလို ဖမ်းဆီးစဉ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်မှာ ပါလာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။