နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ(နအဖ)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင် ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင် ခွင့်ပြုထားသည့် အပေါ် ယခု ခွင့်မပြုတော့ဟု သတင်း ရရှိသည်။
နအဖ စစ်အစိုးရက ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် White Card ကိုင်ဆောင်သူများကိုပါ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပေးထားသည် ဆိုသော နေရာတွင် နိုင်ငံသားများသာဟု အစားထိုးခွင့်ကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေတွင် White Card ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့်များ ပြုထားသည့်အတွက် ယင်းအချက်အလက်များကို ပယ်ဖျက်ရန် လွှတ်တော်၌ ကြိုးစားခဲ့ရာ တနှစ်ခန့်အကြာတွင် White Card ကိုင်ဆောင်ထားသူများ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
“အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်လို့ရှိရင် တို့ တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားကြတယ်။ ဒါပေမယ့် နိုင်ငံသား မဟုတ်တဲ့သူတွေ ၊ တိုင်းရင်းသား မဟုတ်တဲ့သူတွေကို နိုင်ငံရေးနဲ့ ပတ်သက်လို့ အချုပ်အခြာ အာဏာနဲ့ပတ်သက်လို့ ပါတီ တည်ထောင်ခွင့်အထိ ပေးထားပြီး လုပ်ပိုင်ခွင့်ပါ ပေးထားတဲ့ ပုံစံမျိုးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်သလို ဖြစ်နေ တယ်။ နိုင်ငံသား ဖြစ်တဲ့သူပဲ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ရှိရမယ်။ နိုင်ငံသား မဖြစ်သေးတဲ့ သူတွေကို အချုပ်အခြာ အာဏာနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်မှာ ဝင်ပါခွင့်ပေးရင် လွတ်လပ်ရေးတို့၊ တို့တာဝန် အရေး ၃ ပါးတို့ဆိုတာ အလကား ဖြစ်သွားမှာပေါ့”ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌလည်းဖြစ်သော ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
သို့သော် လက်ရှိ အချိန်တွင် White Card ကိုင်ဆောင်ထားသူများ တည်ထောင်ထားသည့် နိုင်ငံရေးပါတီတချို့ ရှိနေပြီး ဖြစ်သည်။
ယခု ပြောင်းလဲလိုက်သည့် နိုင်ငံရေးပါတီများ ဥပဒေအရ ပြင်ဆင်ပြဌာန်းလိုက်သည့် ဥပဒေနှင့်အညီ ထို White Card ကိုင်ဆောင် ထားသော ပါတီများအား စီမံခန့်ခွဲရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးထားကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။
“ဥပဒေကို ပြင်ဆင်လိုက်ပြီဆိုတော့ ကျနော်တို့က နည်းဥပဒေ ဆွဲနေတယ် ခင်ဗျ။ နည်းဥပဒေ ဆွဲပြီးမှ လိုအပ်တဲ့ဟာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အချိန်ကာလ ဘယ်လောက် သတ်မှတ်ရ မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ White Card ကိုင် ထားတဲ့ သူတွေဟာ ဒီဥပဒေအရဆိုရင် ပါတီ တည်ထောင်လို့လည်း မရသလို ပါတီဝင်လို့လည်း မရတော့ပါဘူး။ အရင်က ရပေမယ့် အခုက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလို့ အစားထိုးလိုက်တဲ့အတွက် ကျန်တဲ့ဟာတွေက သူ့အလိုလို ပြုတ်သွားတာပေါ့”ဟု ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောသည်။
လက်ရှိ အချိန်တွင် White Card ကိုင်ဆောင်ထားသူများ ပါဝင် မှတ်ပုံတင်ထားသည့် ပါတီ ၃ ခု ရှိကြောင်း ၊ လွှတ်တော်၏ ဆုံးဖြတ် ချက်အပေါ် ကော်မရှင်၏ အကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း White Card ကိုင်ဆောင်ထားသူများ ပါဝင်နေသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ CEC ထဲမှာ တော်တော်များများက နိုင်ငံသားတွေပါ။ အဖွဲ့ဝင်တွေထဲမှာတော့ တချို့တလေ White Card ကိုင်ထားတဲ့သူတွေ ရှိပါတယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို ထုတ်ပြန်မလဲဆိုတာ စောင့်ပါမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
ယခုကဲ့သို့ White Card ပြဿနာ ပေါ်ပေါက်လာခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်မဲများ လိုချင်သဖြင့် တမင် ဖန်တီးပေးလိုက်သလားဟု သံသယ ဖြစ်မိကြောင်း၊ White Card ကိုင်ဆောင်ထားသူများ ပါတီ တည်ထောင်ခွင့် မရှိသော်လည်း မဲပေးခွင့် ရှိနေသေးသည့်အတွက် မဲပေးခွင့် မရရန်ပါ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောဆိုသည်။
ယခုကဲ့သို့ White Card ကိုင်ဆောင်ထားသူများကို ပါတီတည်ထောင်ခွင့် ကန့်သတ်မှုအတွက် သဘောတူကြောင်း၊ နိုင်ငံနှင့် နိုင်ငံ သား အားလုံးအတွက် အကျိုးရှိကြောင်း၊ ထို ဥပဒေကြမ်းကို အတည်ပြုသည့် နေ့ကလည်း ကန့်ကွက်သူ မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးလှဆွေကလည်း ပြောသည်။
White Card ဆိုသည်မှာ နိုင်ငံသား လက်မှတ်ရရန် စောင့်ဆိုင်း နေသူများသာ ကိုင်ဆောင်ခွင့် ရှိသော လက်မှတ်တခု ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်သူ များစွာ ရှိနေပြီး ယင်းတို့မှာ ပါတီတည်ထောင်ခွင့်၊ မဲပေးခွင့်များ ရရှိခဲ့သည်။
White Card ကိုင်ဆောင်သူများမှာ နိုင်ငံခြားသားများ မဟုတ်ဘဲ နိုင်ငံသား ဖြစ်ခွင့် ရရှိရန် စောင့်ဆိုင်း နေသူများ ဖြစ်ကြောင်း၊ White Card ကိုင်ဆောင်သောကြောင့် တိုင်းပြည်ရေးရာ နိုင်ငံရေးများတွင်ပါဝင်ရန် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အစိုးရက မျက်ကွယ် ပြုလိုက်ခြင်း ဖြစ်ကြောင်း လွန်ခဲ့သော တနှစ်ခန့်က လွှတ်တော်တွင် White Card ကိစ္စ ဆွေးနွေးခဲ့စဉ်က ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ လျှောက်ထားသူ ဦးသာအေးက ဧရာဝတီသို့ ပြောဆိုဖူးသည်။
နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန် အရေးကြီးသောကြောင့် ပါတီ တည်ထောင် လိုသူများသည် နိုင်ငံသား ဖြစ်ရန် လို အပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ၊ ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် “ဝ” နယ်စပ်တို့တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဦးရေမှာ ၈ သိန်း ဝန်ကျင် ရှိကြောင်း၊ ထိုပြဿနာကို အစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်သုံးသပ်သည်။
ယခု ဥပဒေအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်ဆိုသည်။