လူမိုက်သုံးဦး အလိုရှိသည်

ဖိုးစမ်းချောင်း (GG)

This article has been converted from Zawgyi One to Unicode

စည်ပင်သာယာပြုပြင်နေသည် လမ်းပေါ်တွင် လူတယောက် လမ်းလျှောက်သွားသည်။ ရုတ်တရက်ဆိုသလို သူချော်လဲသွားသည်။ အခန့်မသင့်ချင်တော့ ချော်လဲသည့်ဒဏ်ရာက တော်တော်ပြင်းထန်သွားပုံပေါ်သည်။ ဆေးရုံတက်လိုက်ရပြီးနောက် ယင်းလူနာက စည်ပင်သာယာသို့ တရားစွဲရာ တရားသူကြီးက သက်ဆိုင်ရာ စည်ပင်သာယာအနေဖြင့် လမ်းပြုပြင်နေကြောင်း အသိပေးသည့် လမ်းညွှန်ဆိုင်းဘုတ်အား လုံလောက်စွာ တပ်ဆင်ညွှန်ပြမထားမှုကြောင့် စည်ပင်သာယာအနေဖြင့် တာဝန်ရှိသည်ဟုဆိုကာ အဆိုပါ လူနာတောင်းဆိုသော လျော်ကြေးပေးချေရန် အမိန့်ချလိုက်သည်။ လျော်ကြေးငွေက သိပ်တော့မများပါ။ ဒေါ်လာရှစ်သောင်း(မြန်မာငွေသိန်းရှစ်ရာဝန်းကျင်)ဖြစ်ပါသည်။

အပြေးလေ့ကျင့်နေသော မိန်းခလေးတယောက်အား မုဒိမ်းကျင့်ပြီးနောက် မသေရုံတမယ် ထိုးကြိတ်ကာ လမ်းဘေးတွင် ပစ်ထားခံရသည်။ မီဒီယာများတွင် ဖော်ပြမှုကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။ တရားခံအစစ်ရှာရမှာ ပျင်းသော ရဲက ယင်းအခင်းဖြစ်နေရာရှိ လူငယ်အုပ်စုကို ကောက်ဖမ်းကာ တရားရုံးသို့ ပို့လိုက်သည်။ သက်သေအတုများ ဖန်တီးပေးပြီးသည့်နောက်တွင်တော့ ထိုအပြစ်မရှိသည့်လူငယ်များအား တရားရုံးက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရသည်။ နောက်ပိုင်း ယင်းကိစ္စကို မကျေနပ်သူများ စုဝေးကာ ပြန်လည်စစ်ဆေးစေသည့်အခါမှ ကျုးလွန်သူက တယောက်၊ ဖမ်းဆီးထောင်ချခံရသူက တယောက် ဖြစ်နေသည်ကို တွေ့ရှိရသည်။ မှားယွင်းဖမ်းဆီးခံရသူများက ပြန်လည်တရားစွဲဆိုသည်။ နောက်ဆုံး အကြိမ်ကြိမ် ညှိနှိုင်းပြီးသည့်အခါတွင်တော့ မြန်မာပြည်တွင် တံတားတစီး တည်ဆောက်နိုင်သော ပမာဏဖြစ်သည့် ဒေါ်လာ သန်းလေးဆယ်အား အဆိုပါလူငယ်များသို့ အစိုးရက  ပြန်လည်လျော်ကြေး ပေးအပ်ခဲ့ရသည်။

ဒီလောက်ဆိုလျှင်တော့ အထက်ပါ ကိစ္စတွေသည် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ခြင်း မဟုတ်မှန်း စာဖတ်သူ ရိပ်မိလောက်ပါပြီ။ ပထမအမှုမှာ ၂၀၀၅ ခုနှစ်တွင် နယူးယောက်မြို့၊ ကွင်းခရိုင်တရားရုံးတွင် အိမ်ခြေမဲ့တစ်ဦးက စည်ပင်ကို နစ်နာကြေးတောင်းပြီး အနိုင်ရသွားသည့်ကိစ္စဖြစ်သည်။ ဒုတိယအမှုမှာ နယူးယောက်မြို့၊ စင်ထရယ်ပန်းခြံတွင် ဖြစ်ပွားခဲ့သော အမှုဖြစ်ကာ တရားရုံးက အမိန့်ချမှတ်ခဲ့သည်မှာ ၁၉၉၀ ကဖြစ်ကာ ဆယ့်နှစ်နှစ်အကြာ ၂၀၀၂ ခုနှစ်တွင်မှ အဆိုပါလူငယ်များ မကျုးလွန်ခဲ့မှန်း ပေါ်လွင်သည့်အမှုဖြစ်သည်။ ဒေါ်လာသန်းနှစ်ရာ့ငါးဆယ် နစ်နာကြေးရလိုမှုဖြင့် ပြန်လည်တရားစွဲဆိုခဲ့ပြီး နောက်ထပ် ဆယ့်နှစ်နှစ်အကြာ၊ အတိအကျဆိုလျှင် ၂၀၁၄ ခုနှစ် ဇွန်လတွင်မှ ဒေါ်လာသန်းလေးဆယ် လျော်ကြေးဖြင့် အပြီးသတ်ခဲ့သည့် အမှုဖြစ်သည်။ အထက်ပါ ကိစ္စရပ်မျိုးကဲ့သို့ သူတို့ဆီတွင် စည်ပင်၊ အကောက်ခွန်၊ လျှပ်စစ်စသည့် အစိုးရဌာနဆိုင်ရာများကို ပြန်လည်တရားစွဲ လျော်ကြေးတောင်းသည့် ဖြစ်ရပ်မျိုးမှာ မကြာခဏ ကြားရသည့် ကိစ္စရပ်များသာဖြစ်သော်လည်း အစိုးရဆိုလျှင် တရားစွဲရန်နောက်ထား၊ ဌာနဆိုင်ရာအရာရှိဆိုလျှင် လေသံမာမာနှင့်တောင် ပြန်မပြောရဲသည့် မြန်မာနိုင်ငံအတွက်မူ လက်ရှိတွင် အလှမ်းဝေးနေဆဲသာ ဖြစ်သည်။ ထို့အတူပင် ကြိုးနီစနစ်အောက်တွင် အသားသေနေပြီဖြစ်သည့် ရုံးလုပ်ငန်းများအနက် အဆိုးဆုံးဟု ပြောနိုင်သည့် တရားရုံးများနှင့်ပက်သက်ရန်မူ ပို၍ပင် အလှမ်းဝေးဆဲဖြစ်နေသည်မှာ မဆန်းလှပါချေ။

၂၀၁၃ခုနှစ်က မြင်းခြံမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် BOT စနစ်ဖြင့် ကုမ္ပဏီတခုက လမ်းပြင်နေသည်။ ညအခါ ပြင်ထားသည့် လမ်းပေါ် လူအများမသွားလာနိုင်စေရန်အတွက် ကတ္တရာပုံးများဖြင့် လမ်းမတဝက်အား ပိတ်ဆို့ထားခဲ့သည်။ ထိုကတ္တရာပုံးများအား မြင်းခြံမြို့အထွက်ရှိ ကျေးရွာတရွာမှ ရွာသားတစ်ဦးက ဆိုင်ကယ်စီးလာစဉ် ဝင်တိုက်မိရာ ခြေထောက်ကျိုးကာ ဆေးရုံတက်ရသည်။ ကတ္တရာပုံးတောင်မမြင်ပဲ ဝင်တိုက်တာ ခံပေါ့ဟု ပြောစရာရှိသော်လည်း ပြန်လည်မေးခွန်းထုတ်ရမည့်အချက်မှာ ယင်းကတ္တရာပုံးတွင် ညအခါ လူအများမြင်သာနိုင်သည့် ရောင်ပြန် တစုံတရာကပ်ထားခြင်း မရှိပဲ ပြီးစလွယ်ထားခြင်းသာဖြစ်သည်။ ထိုဆိုင်ကယ်သမား၏ နစ်နာမှု၊ အလုပ်ပျက်မှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှုများအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။

ရန်ကုန်တွင် မကြာသေးမီက ဈေးထဲရှိ အမျိုးသမီးများအပေါ်သို့ လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျရာ သုံးယောက် ပွဲချင်းပြီး သေဆုံးသည့်သတင်းကို အားလုံးသိပါသည်။ လျှပ်စစ်ဝန်ကြီးဌာနမှ အလောင်းမြေကျရုံ၊ နစ်နာကြေးဆယ်သိန်း၊ ဆယ့်ငါးသိန်းပေးရုံ၊ လိုင်းမင်းအား ပြင်းထန်စွာသတိပေးရုံနှင့် ပြီးသွားပါပြီလား။ လူ့အသက်များဖြစ်ပါသည်။ ရခဲလှသော လူ့အသက်များအတွက် ယင်းလုပ်ဆောင်မှုသည် ညီမျှပါရဲ့လား။ မည်သူ့တွင်တာဝန်ရှိပါသနည်း။

ရွှေခိုးပါသည်ဟူသော စွပ်စွဲချက်ဖြင့် လင်မယားနှစ်ဦးအား ရဲက ခေါ်ယူစစ်ဆေးသည်။ မယားဖြစ်သူမှာ လမ်းခရီးတွင် မည်သို့လုပ်လိုက်သည်မသိ၊ မြစ်ထဲသို့ပြုတ်ကျကာ လက်ထိပ်ခတ်လျက်သားဖြင့် အလောင်းသာ ပြန်ရခဲ့ပြီး ယောက်ျားဖြစ်သူမှာ တနှစ်ကျော် အချုပ်ခန်းထဲ နေခဲ့ရကာ နောက်ဆုံးမှ အပြစ်မရှိဆိုသည်ကို တွေ့ရှိရပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။ မယားသေဆုံးမှု၊ အချုပ်ခန်းထဲတွင် တနှစ်ကျော် နေထိုင်ရမှုအတွက် နစ်နာမှုများမှာ မည်သူ့တွင် တာဝန်ရှိပါသနည်း။

စည်ပင်သာယာခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသော ကန်ထရိုက်တိုက်ပြိုကျရာ ယင်းတိုက်ခန်းတွင် နေထိုင်သူများ သေဆုံးသူ သေဆုံး၊ ဒဏ်ရာရသူ ဒဏ်ရာရသွားသကဲ့သို့ ထိခိုက်ဒဏ်ရာ မရသော်လည်း ယင်းတိုက်ခန်းအား ချွေးနဲစာလေးဖြင့် ဝယ်ယူထားသည့် ပြည်သူများ ၎င်းတို့၏ အကျိုးစီးပွားနစ်နာမှုကို မည်သူက ထိထိရောက်ရောက် တာဝန်ယူပေးပါသနည်း။ ပြီးစလွယ်ဆောက်ထားသည့် တိုက်ခန်းအား လာဘ်လာဘယူကာ သက်မှတ်ချက်စံနှုန်းများဖြင့် ပြည့်မှီသည်ဟူသည့် ထောက်ခံကြောင်းလက်မှတ်ကို လွယ်လွယ်ထိုးပေးသည့် စည်ပင်အရာရှိ ဒူးနန့်ကာ ဂေါက်ရိုက်နေပါသည်။ ယင်းစည်ပင်အရာရှိ၏ အထက်အထက်သော ဆရာများက နိုင်ငံရပ်ခြားတွင် ရှောပင်းထွက်နေပါသည်။ ဤဘက်တွင် ပြည်သူများနစ်နာနေကြသည်။ မည်သူ့တွင် တာဝန်ရှိပါသနည်း။

အမှန်တော့ အထက်ပါ ဖြစ်ရပ်မျိုးသည် အဆန်းမဟုတ်ပါချေ။ မြန်မာပြည်သူများ နေ့စဉ်နှင့်အမျှ တရက်တမျိုး မရိုးရအောင်ကြုံနေရသော ကိစ္စရပ်များသာ ဖြစ်သည်။ မည်သူ့တွင် တာဝန်ရှိသနည်းဟူသော မေးခွန်းကို စစ်စစ်ပေါက်ပေါက် လိုက်ဖို့လိုသလို အပြစ်ရှိသူများကိုလည်း မည်ကဲ့သို့ တုံ့ပြန်မည်နည်းဟု အဖြေရှာမည်ဆိုလျှင် အမှန်ကိုအမှန်အတိုင်း စီရင်ပေးမည့် တရားသူကြီးတဦး၊ ကိုယ့်စရိတ်ကိုယ်စားကာ ပြည်သူများ၏နစ်နာမှုအတွက် ရေကုန်ရေခန်းလျှောက်လဲပေးမည့် ရှေ့နေတဦးနှင့် တက်ကြွလှုပ်ရှားသူ လူမိုက်တဦး၊ စုစုပေါင်း လူမိုက်သုံးဦး လိုအပ်ပါသည်။

စာဖတ်သူ မိတ်ဆွေ။ ဌာနဆိုင်ရာ လုပ်ဆောင်မှုများကြောင့် သင်ကိုယ်တိုင်သော်လည်းကောင်း၊ သင့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြား ကိုယ် စိတ်ထိခိုက်နစ်နာမှုများ ကြုံနေပါက နောက်ကွယ်တွင် မကျေမချမ်း ဝေဖန်မနေပါနှင့်၊ အွန်လိုင်းအင်တာနက်ပေါ်တွင် ပေါက်ကွဲမနေပါနှင့်၊ မီဒီယာများဖိတ်ခေါ်ကာ သတင်းစာရှင်းလင်းပွဲ လုပ်မနေပါနှင့်၊ လူစု ဆန္ဒပြရန် ကြိုးစားမနေပါနှင့်။ နှစ်ပေါင်းများစွာ အရိုးစွဲနေပြိဖြစ်သည့် အမူအကျင့်များ၊ ဘာပဲလုပ်လုပ် သူတို့အိပ်ကပ်ဖောင်းဖို့သာ အဓိက၊ ကျန်တာ သာမညဆိုသည့် စိတ်အခံရှိသည့် အရာရှိများ အများဆုံး ကြီးစိုးနေသည့်မြန်မာပြည်တွင် အထက်ပါ သတင်းစာရှင်းလင်းပွဲများ၊ ဆန္ဒပြမှုများ၊ အင်တာနက်ပေါ်မှ ရေးသားမှုများသည် သူတို့ကို အယားဖြေပေးသလောက်သာ ရှိနေပါလိမ့်မည်။ ထို့ကြောင့် နစ်နာမှုများကို တရားရုံးတွင် ဦးတိုက် တရားစွဲရတော့မည့် အချိန်ဖြစ်ပါသည်။

ဥပဒေကျွမ်းကျင်သူများ၏ အဆိုအရ ကိုယ်စိတ်နစ်နာမှုဖြင့် မြန်မာနိုင်ငံတွင် တရားစွဲဆိုမှုများရှိပြီး တရားမမှုဟုခေါ်ကာ စွဲဆိုသူများမှ ပြည်သူများကြား အချင်းချင်းစွဲဆိုမှုများသာဖြစ်လေ့ရှိပြီး ပြည်သူတဦးတယောက်က အစိုးရဌာနဆိုင်ရာ တစုံတခုသို့ ပြန်လည်တရားစွဲဆိုမှုမှာ မရှိသလောက် နည်းပါးသည်ဟု သိရသည်။ နစ်နာမှုဖြင့် တရားစွဲမည်ဆိုလျှင် အပိုင်းသုံးပိုင်း ရှိပါသည်။ မိမိအနေဖြင့် ဌာနဆိုင်ရာထံမှ လျော်ကြေး မည်မျှတောင်းမည်နည်းဆိုသည်ပေါ် မူတည်၍ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် လွှတ်တော်ဟူ၍ ကွဲပြားသွားခြင်းဖြစ်သည်။ သိန်းတရာအောက်ဆိုလျှင် မြို့နယ်အဆင့်ဖြစ်ပြီး သိန်းတရာနှင့် သိန်းငါးထောင်ကြားဆိုလျှင် ခရိုင်တရားရုံးတွင် စွဲဆိုရမည်ဖြစ်ကာ သိန်းငါးထောင်အထက်ဆိုလျှင် လွှတ်တော်၌ စွဲဆိုရမည်ဖြစ်သည်။ ကဲ မိတ်ဆွေ ဌာနဆိုင်ရာကြောင့် နစ်နာပါက သင် လျော်ကြေး မည်မျှတောင်းမည်ဆိုသည်ကို ယခုပဲ တွက်ချက်လိုက်ပါတော့။ သင့်အနေဖြင့် တရားစွဲမည်ဆိုပါက တံဆိပ်ခေါင်းခွန်တော့ နိုင်ငံတော်သို့ တရားဝင်ပေးဆောင်ရမည်ဖြစ်သည်။ သိန်းတစ်ရာကျပ် ရလိုမှုဖြင့် စွဲဆိုလျှင် တံဆိပ်ခေါင်းခွန်ငါးသောင်းကျပ်အား နိုင်ငံတော်သို့ ပေးသွင်းရမည်ဖြစ်သည်။ ကျန်သည့်စရိတ်များ ကုန်ကျစရာမရှိပါ။ တရားရုံးရှေ့ဖတ်စာရေးကတော့ ဘာကြေး၊ ညာကြေး တောင်းနိုင်ပါသည်။ တပြားမှ ပေးစရာမလိုပါ။ အတင်းအကြပ်တောင်းနေလျှင် သင့်လက်ကိုင်ဖုန်းလေးထုတ်၍ အသံဖမ်းထားမည်ဟု ပြောလိုက်ပါ။ တကယ်အသံဖမ်းစရာ မလိုပါ။ ထိုမျှလောက်ဆိုလျှင် သင့်အား နောက်တကြိမ် မည်သူမျှ အပိုကြေး လာတောင်းတော့မည် မဟုတ်ပေ။ ဥပဒေအထက်တွင် မည်သူမျှမရှိဆိုသည့် စကားရပ်ကို လက်ကိုင်ထားသည့် တရားသူကြီး လူမိုက်များ မည်ရွေ့မည်မျှ ရှိနိုင်မည်နည်း။ မည်သည့်တရားသူကြီးက  ဌာနဆိုင်ရာကို ပြန်လည်တရားစွဲသည့် ကိစ္စအား လက်ခံမည်နည်းဆိုသည်ကို စောင့်ကြည့်လျှင် အထက်ပါ ကိစ္စရပ်အဖြေပေါ်နိုင်ပါပြီ။

တရားစရိတ်ကတော့ ဟုတ်ပြီ။ ရှေ့နေခ မည်မျှကုန်မည်နည်း။ အမေရိကန်တွင်တော့ ယင်းကဲ့သို့ ကိစ္စရပ်မျိုးကို Tort Case ဟု ခေါ်ပြီး ထိုကိစ္စရပ်များအား အထူးရှေ့နေလိုက်သည့် ရှေ့နေများလည်း လွန်စွာများပြားသည်။ ထိုကိစ္စရပ်မျိုးဖြင့် တရားစွဲမည်ဆိုလျှင် ရှေ့နေခ မပေးရသေးပဲ အမှုနိုင်မှ ရှေ့နေခ ဘယ်ရွေ့ဘယ်မျှဆိုသည်ကို ပေးဆောင်ရသည်။ ကျနော်တို့ထံတွင်တော့ ယင်းကိစ္စအား တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပါ။ သို့သော်လည်း ပရဟိတစိတ်ဓာတ်ရှိသော ရှေ့နေများ မြန်မာနိုင်ငံတွင် ရှိပါသေးသည်။ မီဒီယာများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသော ဦးသိန်းညွှန့်၊ ဦးသိန်းသန်းဦးစသည့် ရှေ့နေကြီးများကို အကူအညီ တောင်းခံနိုင်ပါသည်။ ယင်းရှေ့နေကြီးများသည် ကိုယ့်ထမင်းကိုယ်စား၍ ပြည်သူများအတွက် လူမိုက်ဝင်လုပ်လေ့ရှိသည့် ရှေ့နေကြိးများ ဖြစ်ပါသည်။ သူတို့လို ရှေ့နေလူမိုက်ကြိးများ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိပါသည်။ သင့်ဘက်က ကြိုးစားချိတ်ဆက်ရန်သာ လိုအပ်ပါသည်။

ထို့အတူပင် ဌာနဆိုင်ရာဆိုသည့် ကျောက်ဆောင်ကြီးကို ပြည်သူဆိုသည့် ကြက်ဥလေးများဖြင့် ဖောက်ခွဲရန် ကြံစည်နေသူများအတွက် နောက်ထပ်ပြဿနာတခု ရှိပါသေးသည်။ ဌာနဆိုင်ရာဘက်က သင့်ကို အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲဆိုမည့်ကိစ္စဖြစ်သည်။ တကယ်တော့ ယင်းကိစ္စကလည်း တော်တော်ရီစရာကောင်းပါသည်။ ပြည်သူများအကြား ယုံကြည်မှုကင်းမဲ့သည့် ဌာနဆိုင်ရာများအနေဖြင့် အသရေဖျက်ခံရပါသည်ဆိုကာ ပြန်လည်တရားစွဲနိုင်ခြင်းသည်လည်း ကျနော်တို့နိုင်ငံတွင်သာ ကြုံနိုင်သည့် အူကြောင်ကြောင် ကိစ္စရပ်ဖြစ်ပါသည်။ မိတ်ဆွေ စိတ်မပူပါနှင့်။ အသရေဖျက်မှုဖြင့် တရားစွဲဆိုသော အမှုများ၏ ၉၀ ရာခိုင်နှုန်းမှာ ညှိနှိုင်းမှု၊ ဒဏ်ကြေးသောင်းဂဏန်း ပေးဆောင်ရမှုဖြင့်သာ အဆုံးသတ်လေ့ ရှိပါသည်။ အရွေ့တခုကို လိုချင်လျှင် ကိုယ်တိုင်အနာခံဖို့ လိုပါသည်။

သင့်ဘက်က ဌာနဆိုင်ရာကို တရားစွဲရန် တရားရုံးသို့ သွားသည်ဆိုပါစို့။ ရလာဒ်နှစ်ခု ရှိပါလိမ့်မည်။ တရားစွဲရန် လက်ခံခြင်းနှင့် တရားစွဲဆိုရန် ကြိုးစားမှုကို ပယ်ချခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ တရားရုံးက သင်တရားစွဲဆိုရန် ကြိုးစားမှုကို မခိုင်လုံသော အကြောင်းပြချက်များဖြင့် ပယ်ချလိုက်သည်ဆိုပါက  သင်သဘောကျသည့် ဂျာနယ်တစောင်ကို ဝယ်လိုက်ပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို တချက်ဆက်ပြီး အကျိုးအကြောင်း ပြောလိုက်ပါ။ သင်နေထိုင်ရာ မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ထံသို့ သွားလိုက်ပါ။ လွှတ်တော်တွင် ပြည်သူများ နစ်နာမှုကြုံတွေ့ရပါက ယင်းဌာနဆိုင်ရာကို ပြန်လည် တရားစွဲဆိုနိုင်ခွင့်ရစေရန်အတွက် အဆိုတင်သွင်းပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုက်ပါ။ သင်နေထိုင်ရာမြို့နယ်အတွင်း ဆန္ဒပြရာတွင် တက်တက်ကြွကြွပါဝင်လေ့ရှိသည့် နိုင်ငံရေးတက်ကြွသူများထံ သွားကာ သင့်ကိစ္စအား ၎င်းတို့အနေဖြင့် မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်လဲဆိုသည်အား မေးလိုက်ပါ။ NGO များထံ သင့်ကိစ္စအား ရေးသားဖော်ပြကာ အကြံဉာဏ်နှင့် အကူအညီ တောင်းခံလိုက်ပါ။

အထက်ပါ ပုဂ္ဂိုလ်များ မည်သို့တုံ့ပြန်သလဲဆိုသည်ကို ကြည့်ပြီး မည်သူများသည် ပြည်သူ့အတွက်၊ မည်သူများသည် ပြည်သူ့အကျိုး နာမည်ခံကာ သူတို့အတွက် လုပ်ဆောင်နေသည်ဆိုသည်ကို လွယ်ကူစွာ ခွဲခြားနိုင်ပါသည်။ အကယ်၍ တရားသူကြီးလူမိုက်တဦးက သင်၏ တရားစွဲဆိုမှုအား လက်ခံလိုက်သည်ဆိုလျှင်တော့ မိတ်ဆွေ လက်ခမောင်းခတ်လိုက်ပါ။ သင်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် လမ်းသစ်ဖောက်သူတဦး ဖြစ်သွားပါပြီ။

စာရှည်နေပါပြီ။ ချုပ်လျှင် အထက်ပါ ဌာနဆိုင်ရာ အုပ်ချုပ်ရေး၏ ဆိုးဝါးလျစ်လျူရှုမှုများကို ရင်ဆိုင်ရန် အောက်ခြေပြည်သူများအတွက် လူမိုက်သုံးဦးမျှသာ လိုအပ်ပါသည်။ ဟုတ်ပါသည်။ ဥပဒေအထက် မည်သူမျှ မရှိဆိုသည့် စကားရပ်အား လက်ကိုင်ထားသည့် တရားသူကြီးလူမိုက်တဦး၊ ငွေကြေးကို အဓိကမထားပဲ အမုန်းခံလုပ်ဆောင်ပေးမည့် ရှေ့နေလူမိုက်တဦးနှင့် နံရံကို ခေါင်းနှင့်တိုက်ရန် ကြိုးစားမည့် သာမန်ပြည်သူလူမိုက်တဦး၊ တိုင်းပြည်အတွက် အလိုရှိပါသည်။

(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားလျက်ရှိပြီး မန္တလေးမြို့တွင် နေထိုင်လျက် ရှိသည်)

Loading