ရှေးဟောင်း ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) အသိ အမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်း (World Heritage List) တင်သွင်းနိုင်ရေး အစည်းအဝေး တရပ်ကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
ပုဂံမြို့ ရှေးဟောင်း သုတေသန ပြတိုက်မှာ ကျင်းပမယ့် ဒီအစည်းဝေးဆီ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ အစိုးရဘက်က တာဝန်ရှိသူတွေ တက်ရောက်မယ် လို့လည်း သတင်းတွေထဲမှာ ဖတ်ရပါတယ်။
ဒါဟာ အခုနှစ် ဇွန်လအတွင်းကမှ ပျုမြို့ဟောင်း ၃ ခု ဖြစ်တဲ့ ဟန်လင်း၊ သရေခေတ္တာရာနဲ့ ဗိဿနိုးတို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင် အဖြစ် UNESCO က သတ်မှတ်ပေးလိုက်ပြီးနောက် ဆက်တိုက်ပေါ်လာတဲ့ ကြိုးစားမှုပါ။ ဒီအတွက် လက်ရှိ အစိုးရ သစ်နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတွေကို ချီးကျုးသင့် ပါတယ်။
ဒါပေမယ့် အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရမယ် ဆိုရင်တော့ ဒါဟာ အတော်နောက်ကျတဲ့ ကြိုး ပမ်းမှုပါ။ ဘာကြောင့်လဲ ဆိုရင် ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ရှေးဟောင်းစေတီ ပုထိုး နေရာတွေ ဖြစ်တဲ့ အယုဒ္ဓယ၊ ဆူခိုထိုင်းနဲ့ အန်ကောဝပ် တို့ကို ၁၉၉၁ နဲ့ ၁၉၉၂ မှာ ကတည်းက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် အဖြစ် UNESCO က သတ်မှတ် ပေးခဲ့ပြီး ဖြစ်လို့ပါ။
၂၀၀၃ ခုနှစ် မေလက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ဆိုရင်တော့ ပုဂံဒေသကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နေရာ အဖြစ် သတ်မှတ်ပေးဖို့ UNESCO ဘက်က ၂၀၀၀ ခုနှစ် ဝန်းကျင် ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က လက်မခံပဲ ရှေးဟောင်းစေတီ ပုထိုးတွေကြားမှာ နန်းမြင့်တာဝါနဲ့ ဟိုတယ်တွေကို ဝင်ဆောက်လိုက်တဲ့ အတွက် အစီအစဉ်ပျက်သွားတယ် လို့ သိရပါတယ်။
အဲဒီ ကာလက မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး သမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ဒီဖြစ်စဉ်အပေါ် အပြင်းအထန် ဝေဖန်ခဲ့ ဖူးတာကို သတင်းသမားတဦး အနေနဲ့ ကျနော် အမှတ်ရနေပါတယ်။
အခုတော့ အဲဒီလို ထင်ရာစိုင်းခဲ့တဲ့ စစ်အစိုးရခေတ်ကို ကျော်လွန်ပြီး အရပ်သား တပိုင်းအစိုးရ ခေတ်ဆီ ရောက်လာပြီ ဖြစ်တဲ့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုး လာလိမ့်မယ် လို့ မျှော်လင့်ရ ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ဟာ ကမ္ဘာ့လှည့်ခရီးသည် တိုးလာစေရေး ရည်ရွယ်ချက် (Tourism Attraction) တခုတည်း အတွက် မဟုတ်ဘဲ ရှေးဟောင်း အမွေအနှစ်တွေ၊ ရှေးဟောင်းအဆောက်အုံတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုတွေကို စနစ်တကျ ထိန်းသိမ်းဖို့ နိုင်ငံသားတိုင်း မှာ တာဝန်ရှိတယ် ဆိုတဲ့ အဆင့်ထိ သွားဖို့ လိုမယ် ထင်ပါတယ်။
ဘာကြောင့်လဲ ဆိုရင် တဖက်မှာ ဒီလို ပုဂံတို့၊ ဗိဿနိုးတို့လို နှစ်ပေါင်း ၁၀၀၀ ဝန်းကျင်က ရှေးဟောင်းမြို့ပြတွေကို ပြန်လည် တူးဖော်ဖို့၊ မူလလက်ရာတွေ အတိုင်း ပြန်ထားနိုင်ဖို့ အစိုးရ ကိုယ်တိုင်ဦးစီးပြီး အခုလို ကြိုးစားလာတာ တွေ့ရပေမယ့် အခြား တဖက်မှာတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်က လက်ရာတွေကိုတောင် စနစ်တကျ ထိန်းသိမ်းရ ကောင်းမှန်း လူများစုကြီးက မေ့ လျော့နေကြလို့ ဖြစ်ပါတယ်။
ဥပမာ အားဖြင့် ၂၀၀၅ ခုနှစ်မှာ မြို့တော်ဟောင်း ရန်ကုန်ကို စွန့်ပြီး မြို့တော်သစ် နေပြည်တော်ဆီ အစိုးရတဖွဲ့လုံး ပြောင်းသွားတဲ့ အတွက် အစိုးရရုံးစိုက်ခဲ့တဲ့ ရန်ကုန်က အဆောက်အုံဟောင်းတွေ အားလုံး ပြုပြင် ထိန်းသိမ်းသူ မရှိ၊ ပြိုကျ ပျက်စီးတော့ မလို ဖြစ်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ဦးစီးတဲ့ (Yangon Heritage Trust) ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောက်ရှောက်ရေး အဖွဲ့ ပေါ်လာလို့ ပြည်သူတွေ စိတ်သက်သာရာ ရခဲ့ပါတယ်။
ရန်ကုန်မှာဒီလို မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ပေါ်လာပြီ ဖြစ်ပေမယ့် တခြားမြို့တွေမှာ တော့ ဒါမျိုးဖွဲ့တာ မကြားရသေးပါ။ ဒါဆိုရင် တခြားမြို့ရွာတွေက ရှေးဟောင်း အဆောက်အအုံတွေကို ဘယ်လို နည်းတွေနဲ့ ထိန်းသိမ်းပြုပြင် နေကြ သလဲ။ ရန်ကုန်က အဆောက်အအုံတွေလောက်ပဲ ထိန်းသိမ်းဖို့ လိုပြီး တခြားဒေသက ရှေးဟောင်း အဆောက်အအုံတွေကို ထိန်း သိမ်းဖို့ မလိုဘူးလား။
အထူးသဖြင့် ရှမ်းပြည်ဘက်က စော်ဘွားခေတ် လက်ကျန် ဟော်နန်းဟောင်းတွေ ပြုပြင် ထိန်းသိမ်းမှု မလုပ်နိုင်တဲ့ အတွက် ပျက် စီး ယိုယွင်းနေတဲ့ ဓာတ်ပုံတွေကို တွေ့ရတာ အတော်စိတ်ထိခိုက် ရပါတယ်။ ဒီအတွက် ဟော်နန်းဟောင်း ထိန်းသိမ်းစောင့်ရှောက် ရေး အဖွဲ့ ဆိုပြီး သီးခြားအဖွဲ့တခု လိုနေပြီလား။
ဒီလို စဉ်းစားရင်း ပြီးခဲ့တဲ့နှစ် ပြည်တော် ပြန်ခဲ့စဉ်က ကြုံခဲ့ရတဲ့ ကျနော်တို့ ရွာက ဖြစ်စဉ်လေးကို သွားသတိ ရမိ ပါတယ်။ ထားဝယ်ဒေသက ကျနော်တို့ ရွာတွေရှိ ရှေးဟောင်းလက်ရာ လူနေအိမ်တွေနဲ့ ဘုန်းတော်ကြီး ကျောင်းတွေ ဟာ ရန်ကုန်က ကိုလိုနီခေတ် လက်ကျန်တိုက်တာတွေ၊ ရှမ်းပြည်က စော်ဘွားခေတ် လက်ကျန် ဟော်နန်းတွေ လောက် မသားနားပေမယ့် သူ့ သမိုင်းတန်ဖိုးနဲ့သူ တော့ ရှိမယ် ထင်ပါတယ်။
ဒါပေမယ့် ၂၅ နှစ်ကြာပြီးတဲ့ အချိန် ကျနော် ရွာပြန်ရောက်သွားချိန်မှာတော့ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဗိုလ်ဗထူးတို့ တော်လှန်ရေးထဲ စဝင်တဲ့ခေတ်က ရှိခဲ့ဖူးတဲ့ လက်ကျန် ရှေးဟောင်းအိမ်တွေ အတော်များများ မတွေ့ရတော့ပါဘူး။ အဲဒီ အိမ်တွေ နေရာမှာ ထိုင်းစတိုင် တိုက်အိမ် လှလှလေးတွေက နေရာယူထား လိုက်ပါပြီ။ ဒါကို တိုးတက်ခြင်း တခု အဖြစ် ထိုင်းပြန် အိမ်ရှင်ရော၊ ရွာသားတွေ အားလုံးနီးပါးက ဂုဏ်ယူနေကြပေမယ့် ဥရောပပြန် ကျနော်အတွက်တော့ ခေါင်းညိတ်ရအခက်၊ ခေါင်းခါရအခက်ပါပဲ။
တဦးချင်းပိုင်တဲ့ အိမ်တွေကို ရှေးဟောင်းလက်ရာ အတိုင်း ဒီတိုင်း ဆက်ထိန်းထားဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။ သူတို့လည်း မလေးရှားပြန်၊ ထိုင်းပြန်တွေ များလှတဲ့ တနသာၤရီတိုင်းသား ပီသစွာ ခေတ်မီ တိုက်အိမ်တွေ ဆောက်ပြီး ဂုဏ်ယူချင်မှာ ပေါ့။ ဒါဖြင့် မြန်မာ့ ယဉ်ကျေးမှုတွေကို ထိန်းကျောင်းပေးရာဌာန တခု ဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ မှာတော့ ရှေးဟောင်းလက်ရာတွေ အတိုင်း ရှိဦးမှာလို့ စိတ်ဖြေရင်း ငယ်ငယ်က ကိုရင်ဝတ်ဖူးတဲ့ တောင်ပေါ်ကျောင်းဆီ သွားကြည့် ဖြစ်ခဲ့ပါတယ်။
“သစ်သား ကျောင်းအိုကြီးကို ဒီတိုင်းဆက်ထားနေရင် ပြိုကျသွားမှာပေါ့၊ ဒကာကြီးရ။ ဒီလို တိုက်ကျောင်းသစ် ပြန်ဆောက် လိုက်တော့ ဘယ်လောက် သားသားနားနား ဖြစ်သွားသလဲ”ဆိုပြီး ကျောင်းထိုင် ဆရာတော်သစ်က မိန့်ပါတယ်။
ဆိုလိုတာက လွန်ခဲ့တဲ့ ၂၅ နှစ်၊ ကျနော် တောမခိုခင်က အထိ ရှိခဲ့ဖူးတဲ့ သစ်သားနဲ့ ဆောက်ထားတဲ့ ပင်မ ကျောင်းဆောင်ကြီးနဲ့ ဆွမ်းစားဆောင်တွေ အားလုံး မရှိတော့ပါဘူး။ အဲဒီနေရာတွေမှာ တိုက်ကျောင်းသစ်တွေက နေရာယူထားလိုက်ပါပြီ။
အင်း ဆရာတော် မိန့်တာလည်း သူ့အကြောင်းပြချက်နဲ့သူ ဟုတ်နေတာပဲလေ။ ပြည်တော်ပြန် အတော်များများက ဘုန်းကြီးကျောင်းတွေဆီ သွားပြီး ကိုယ်တိုင်ရဟန်းခံ၊ သားတွေကို ရှင်ပြု၊ ထမင်းရေချောင်းစီး အလှူပွဲတွေ အကြီးအကျယ် လုပ်နေကြချိန်မှာ ကိုယ်က ဘာမှ မလှူနိုင်ဘဲနဲ့ သူများ လှူထားတဲ့ တိုက်ကျောင်းသစ်ကို သွားဝေဖန်နေလို့ ဘယ် သင့်တော်ပါ့မလဲ။
ဒါက လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်က အဆောက်အအုံတွေ အခြေနေကို ပြောတာပါ။ အဲဒီ နောက်ပိုင်းဆောက်တဲ့ အဆောက် အအုံ တွေ၊ အခု အသစ်ဆောက်ထားတဲ့ တိုက်အိမ်၊ တိုက်ကျောင်း တွေကိုကော နဂိုမူလ အတိုင်း မပျက်မယွင်းဘဲ ကြာရှည် ခံ အောင် ဘယ်လို ထိန်းသိမ်းပြုပြင်ကြမလဲ။ အဲဒီလို ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ လူအများစုက လက်ခံလာကြပြီလား။
“ရန်ကုန်က အိမ်တွေက စုတ်ပြတ် ညစ်ထေးနေတာပဲ”ဆိုတဲ့ ညည်းသံကို ပြည်တော်ပြန် အတော်များများဆီက ကျနော် ကြားရပါတယ်။
ကျနော်ကိုယ်တိုင်လည်း ၂၅ နှစ်ကြာပြီး ပထမဆုံးအကြိမ် ရန်ကုန် ရောက်စဉ်က အဲဒီလို ညည်းခဲ့၊ ရေးခဲ့ဖူးပါတယ်။ ရန်ကုန်ဟာ ဘန်ကောက်လောက် မသန့်ပြန့်ဘူး ဆိုတာ ကိုတော့ ကျနော်တို့ လက်ခံရ ပါလိမ့်မယ်။ ဒါပေမယ့် ဘန်ကောက်ကလည်း လူမြင်ကွင်း အိမ်ရှေ့မျက်နှာ စာလောက်ပဲ သန့်ပြန့်နေပြီး အိမ်နောက်ဖေး ဘက်မှာ ညစ်ပတ်ပေရေနေဆဲပါ။
ဆိုလိုတာက ဘန်ကောက်နဲ့ ရန်ကုန်မှာ နေထိုင်တဲ့ လူတွေဟာ အဟောင်းကို ဖြိုချပြီး အသစ်ဆောက်တာ အပါအဝင် နေအိမ်၊ တိုက်တာတွေကို အသစ်ဆောက်ဖို့ ကိုပဲ ဦးစားပေးနေကြပြီး ဆောက်ပြီးသား အဆောက်အအုံတွေကို မူလလက်ရာ အတိုင်း မပျက်မယွင်း ထိန်းသိမ်းမှု အပိုင်းမှာတော့ ဥရောပကလူတွေ၊ အနောက်တိုင်းသားတွေထက် အားနည်း နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်မီလှပတဲ့ နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ တိုက်အိမ်သစ်တွေကို ဆောက်တဲ့ အပြင် အရင်က ဆောက်ထားပြီးသား အဆောက်အအုံ အဟောင်းကိုလည် မူလလက်ရာအတိုင်း မပျက်မယွင်း ကြာရှည်ခံအောင် စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။