ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အောက်တိုဘာ ၄ ရက် ညပိုင်းက ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ဒေသခံ များ စိုးရိမ် ထိတ်လန့်နေကြောင်း သိရသည်။
တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)အနီး၊ အမှတ်(၂၁၂) ဆက်သွယ်ရေးတပ် အနီး နှင့် ယာဉ်ထိန်းရဲရုံးရှေ့တို့တွင် ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်းရဲ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေထိ တရားခံများကို ဖမ်းမိခြင်း မရှိသေး ကြောင်း၊ မြို့နယ်တွင်း လုံခြုံရေး များကို တင်းကျပ်စွာ ယူနေကြောင်းလည်း တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို မနေ့ညက စပြီး လုပ်နေပါတယ်။ အုပ်ချုပ်ရေး၊ သက်ဆိုင်ရာ ဋ္ဌာနတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆက်မဖြစ်ပွားရေး လုပ်နေပါတယ်”ဟု ဦးဇော်မြင့်သိန်းက ပြောဆိုသည်။
ထို့အပြင် မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကိုလည်း ရပခ ရှေ့တွင် ရှာဖွေတွေ့ရှိကြောင်း သိရသည်။
တောင်ကြီးမြို့ ရပခ အနီးရှိ ကားဂိတ် တခုတွင် ဗုံးပေါက်ကွဲမှုကြောင့် ကားဂိတ် အဆောက်အအုံ အမိုးများ ပျက်စီးသွားကြောင်း၊ ထိုပေါက်ကွဲမှုအပြီး မိနစ်ပိုင်းအကြာတွင် အမှတ်(၂၁၂) ဆက်သွယ်ရေး တပ်အနီး၌ ဗုံးပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ပြီး ယင်း ဗုံးပေါက် ကွဲ မှုကြောင့် အနီးရှိ ယာဉ်ထိန်းရဲရုံးမှ ယာဉ်ထိန်းရဲများ ထွက်ကြည့်ချိန်တွင် တတိယမြောက်ဗုံး ထပ်မံပေါက်ကွဲခဲ့ရာ ယာဉ်ထိန်းရဲနှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုး ကလည်း ဧရာဝတီ ကို ပြောပြသည်။
“ဒီဗုံးက လက်လုပ်ဗုံးမဟုတ်ဘူး။ တော်တော် အဆင့်မြင့်တဲ့ ချိန်ကိုက် မိုင်းလို့ မနေ့က ရဲတွေက ပြောပြပါတယ်။ မနေ့ညကစပြီး တော့ ရပ်ကွက်တွေမှာ ဧည့်စာရင်းတွေ စစ်ဆေးတာတွေ လုပ်နေပါပြီ။ တန်ဆောင်တိုင် ဘုရားပွဲကလည်း ကျင်းပတော့မယ်ဆိုတော့ ဒေသခံတွေက စိုးရိမ်ကြတယ်။ ထိတ်လန့်နေကြတယ်”ဟု ဦးတင်မောင်တိုးက ဆိုသည်။
တောင်ကြီးမြို့နယ်တွင် ယမန်နှစ်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဆင်မပြေမှု ဖြစ်နေချိန် နှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ တိုက်ပွဲများပြန်လည်ဖြစ်ချိန်တွင် ထိုဖြစ်စဉ်မျိုး ဖြစ်နေကြောင်းလည်း ၎င်းက ပြော သည်။
တောင်ကြီး ဒေသခံ ကိုနေမျိုးကလည်း“ရပ်ကွက်တွေမှာတော့ ဧည့်စာရင်းတွေ စစ်ဆေးတာ တွေလုပ်နေပါတယ်။ ဒေသခံတွေကတော့ တန်ဆောင်တိုင်ပွဲ မှာ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်။ ပြီးတော့ တိုင်းရင်းသားတွေ လက်ချက်၊ ဘာသာရေး အစွန်း ရောက်တွေရဲ့ လက်ချက်ဆိုပြီး အစိုးရအနေနဲ့ စွပ်စွဲတာတွေတော့ မဖြစ်စေချင်ဘူး”ဟု ပြောဆိုသည်။
ထိုဗုံးကွဲမှုနှင့်ပတ်သက်ပြီး တောင်ကြီး မြို့မရဲစခန်းမှ တာဝန်ရှိသူများအား ဖုန်းဆက်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
တောင်ကြီးမြို့တွင် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သော လူ ၂၀ ကို အောက်တိုဘာ ၃ ရက်က ရုံးထုတ်စစ်ဆေးရာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန်၊ အကြမ်းဖက် ဖောက် ခွဲရန် အကြံအစည်များရှိခဲ့သည်ဟု ဖမ်းဆီးခံရသူများက ဝန်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ထုတ်ပြန် ပြောကြားထားသည်။