Environment

ဧရာဝတီတိုင်းတွင် ဆင်စွယ်ခိုးဂိုဏ်းဟု ယူဆရသူ ၇ ဦး စစ်တပ်ကဖမ်းမိ

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဆင်သတ်၍ အစွယ်ဖြတ်ယူသည့် ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ယမန်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ငပုတောမြို့နယ် ငရုပ်ကောင်း မြို့နယ်ခွဲ ကွင်းဘတ်ကျေးရွာအုပ်စုအနီး ဘောကြိုးတောင်ကြောအတွင်း၌ ဆင်စွယ်များ၊ ဆင်သားရေများနှင့်အတူ တွေ့ရှိရသည့်အတွက် ခြေလျင်တပ်ရင်း(ခလရ) – ၃၈ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေထွန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဆင်သတ်တဲ့တရားခံ ၇ ဦး ဖမ်းမိထားပါတယ်။ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိတာကို ကျနော်တို့ဆီ လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်။ ဒီအမှုကို ဆက်လက်စုံစမ်းနေဆဲပါ”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူက ဧရာဝတီကို ပြောသည်။

ရဲတပ်ဖွဲ့က လွှဲပြောင်းရယူထိန်းသိမ်းထားသူ ၇ ဦးမှာ ငရုပ်ကောင်းမြို့နယ်မှ ဒေသခံ ဦးမျိုးအောင်၊ ဦးဆံရှည် (ခ) ချစ်ကိုကို၊ ဦးစန်းမြင့် တို့ ဖြစ်ပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲမှ ဦးခင်မောင်ဇော်၊ ဦးနိုင်ကြီး (ခ) နိုင်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးသန်းလှိုင် တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ဆင်စွယ် ၄ ချောင်း၊ ဆင်သားရေအခြောက် ပိဿာချိန် ၄၂၀ ခန့်၊ ဒူးလေး ၂ လက်၊ မြားတံ ၁၉ ချောင်း၊ ဆင်ဦးစီး ဓား ၁ ချောင်း၊ သံဘောစေ့ အကြီးအသေး ၃၆ လုံးနှင့် CDMA ဖုန်း ၁ လုံး သိမ်းဆည်း ရမိကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လူ ၇ ဦးကို တောဆင်ရိုင်း အထီး ၁ ကောင်အား လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အစွယ် ထုတ်ယူခြင်း၊ အရေခွံအခြောက်လှန်းယူခြင်းများ ပြုလုပ်နေသည့် ဦးဆံရှည်၏တဲတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများအနက် ဦးခင်မောင်ဇော်အား လုပ်သေနတ်များ ဖော်ထုတ်ရရှိရေးအတွက် ဗိုလ်မှူး နေထွိန်းလှိုင် ဦးစီးသည့်အဖွဲ့မှ လမ်းပြအဖြစ်ခေါ်ဆောင်ပြီး တောအတွင်း ရှာဖွေလျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖမ်းဆီးရမိသူများကို ငရုပ်ကောင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်နေသည့် ကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်အရေးယူရန် ငပုတောမြို့နယ် ရဲမှူး ဦးဆောင်သည့် အထူးအဖွဲ့ ဖွဲ့စည်းထားကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။

“ဒီအမှုနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံတွေဖြစ်တဲ့ သယ်တဲ့လူတွေ၊ ဖြန့်တဲ့လူတွေ၊ ရောင်းတာကို ပြန်ဝယ်တဲ့လူတွေကို ဖော် ထုတ် သွားမှာပါ။ ဒီကြားထဲမှာ သူတို့ ဆင်ဘယ်နှစ်ကောင် ပစ်ထားသေးလဲပေါ့။ ဒါတွေကိုလည်း စစ်ဆေးမှာပါ။ ရှေ့မှာလည်း ဆင် သတ်မှုတွေရှိခဲ့တော့ အဲဒါတွေနဲ့ အခုဖမ်းထားသူတွေ ဆက်စပ်မှုရှိသလား စစ်ဆေးဖော်ထုတ်တာတွေ လုပ်ကြမှာပါ”ဟုလည်း ၎င်းက ပြောပြသည်။

ဆင်သတ်မှုများမှာ ၂၀၁၂ ခုနှစ် သြဂုတ်လက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောဆင်များ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံ ကြိုးဝိုင်းများ ဖြစ်သည်။

၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆင်သတ်မှုများကို ငပုတောစခန်းတွင် ၁ မှု၊ ဟိုင်းကြီးကျွန်းစခန်းတွင် ၁ မှု၊ ငရုပ် ကောင်း စခန်းတွင် ၂ မှု၊ တောင်ကလေး စခန်းတွင် ၁ မှုဖြင့် အသီးသီးအမှုဖွင့်ထားသည်။

ယင်းအမှု ၅ မှုအနက် တောင်ကလေးရဲစခန်းက ဖော်ထုတ်သည့် ၁ မှုသာ တရားခံ ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန် ၄ မှုမှာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

“ဆင်သတ်မှုတွေ ဖော်ထုတ်ရာမှာ ဆင်တွေကို ဂိုဏ်းဖွဲ့ပြီး သတ်ဖြတ်အစွယ်ယူနေတဲ့ ဆင်စွယ်ခိုးဂိုဏ်းကို အဓိက ဖော်ထုတ်စေချင် ပါတယ်။ တကယ်တမ်း ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသူတွေက တနယ်တကျေးကပါ။ အခုက ဆင်သတ်မှုဆိုရင် ငွေလေး အနည်း အပါးရလို့ လမ်းပြမိတဲ့ ဒေသခံတွေ အဖမ်းခံရ၊ မျက်မြင်တွေ့တဲ့လူတွေ အစစ်ဆေးခံရနဲ့ ဒေသခံတွေပဲ ဒုက္ခရောက်ရတာမျိုး မဖြစ်စေချင်ပါဘူး”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

ဆင်စွယ် အရောင်းအဝယ်ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာဖြင့် ချိန်တွယ်ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာကို ဧရာဝတီတိုင်း အတွင်း၌ ကျပ် ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း၊ လာရောက်ဝယ်ယူသူများမှာ ရန်ကုန်မြို့မှ ဆင်းလာတတ်ကြပြီး ကားကြီး ကားကောင်းများဖြင့် ဆင်စွယ်များကို ခိုးဝှက်၍သယ်ယူလေ့ရှိကြောင်း မှောင်ခိုဈေးကွက် သတင်းများက ဆိုသည်။

ဆင်စွယ်တချောင်းမှာ အနည်းဆုံး ၁၀ ပိဿာမှ ၁၅ ပိဿာအထိ အလေးချိန် ရှိသဖြင့် ဆင်စွယ်တချောင်းတန်ဖိုးမှာ တရားမဝင် မှောင်ခို ဈေးကွက်တွင် ကျပ် သိန်း ၆၀ (အမေရိကန် ဒေါ်လာ ၇၀၅၈) မှ သိန်း ၁၀၀ (ဒေါ်လာ ၁၁၇၆၅) ကျော်အထိ ပေါက်ဈေးရှိနေပြီး ထိုင်းနှင့်တရုတ် နိုင်ငံများသို့ တရားမဝင် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ပို့ရောင်းချကြောင်း သိရသည်။

Loading