အစိုးရ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို နာခံခြင်း မရှိဘူးလို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA) ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က စစ်မြေပြင် အခြေအနေတွေကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့က အဲဒီနေရာကနေ ဒီလ ၃ ရက်က ဆုတ်ခွာပေးလိုက်ပြီ။ သူတို့ (အစိုးရစစ်တပ်) က အခုအချိန် အထိ တပ်စွဲထားတုန်းပဲ။ ဒါသမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတာ ပြနေတာပဲ” လို့ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဧရာဝတီကို ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက တာ့ဖာဆောင် တံတား အနီးမှာ ရှေ့တန်း တင်းမာမှုတွေ ဖြစ်နေတဲ့ အစိုးရ စစ်တပ်နဲ့ ရှမ်းတပ် နှစ်ဖွဲ့လုံး အဲဒီနေရာကနေ ဆုတ်ခွာပေးဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားမှု အပေါ် ရှမ်းတပ်တွေက ဆုတ်ခွာခဲ့ပေမယ့် အစိုးရ စစ်တပ်က မဆုတ်ဘဲ တပ်စွဲထားတယ်လို့ SSPP/SSA ဘက်က ပြောဆိုပါတယ်။
SSPP/SSA ဘက်က ရှေ့တန်း စစ်မြေပြင် အခြေအနေတွေ အပေါ် ကိုးကား ပြောဆိုမှုနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်ဘက်က အတည်ပြုချက် ရရှိရေးအတွက် ဧရာဝတီက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ကျေးသီးမြို့နယ်ထဲရှိ တာ့ဖာဆောင် တံတား အနီးက ရှမ်းတပ်တွေ ဖယ်ပေးဖို့ နယ်မြေခံ အစိုးရ စစ်တပ်က ၂၀၁၄ ခုနှစ်ထဲမှာ မကြာခဏ ရာဇသံပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ရှမ်းတပ်တွေကလည်း သူတို့ ထိန်းချုပ်ထားတဲ့ နေရာကနေ ဖယ်ပေးစရာ အကြောင်း မရှိဘူးဆိုပြီး နှစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်နေခဲ့တာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဒီလို နှစ်ဘက်တပ်များ အကြား တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က SSPP/SSA ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်က အစိုးရ စစ်တပ်ရော ရှမ်းတပ်တွေပါ နှစ်ဖက်လုံး ဆုတ်ခွာပေးဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
SSPP/SSA ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံသေးတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၂ ရက်က ကျေးသီးမြို့နယ်အတွင်း နှစ်ဘက် တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပြီး နောက်တနေ့မှာ SSPP/SSA ခေါင်းဆောင်တွေက ဗဟိုဌာနချုပ်မှာ အစည်းအဝေး ထိုင်ခဲ့ကြပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် အတိုင်း တာဖာဆောင်ကနေ ဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း အစိုးရ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ SSPP/SSA ရဲ့ ဌာနချုပ် တံခါးဘက်ကို အကြိမ်ပေါင်း ရာနဲ့ချီ ပစ်ခတ်ခဲ့တာကြောင့် နှစ်ဘက်တပ်တွေ အကြား အောက်တိုဘာ ၅ ရက် အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ အစိုးရဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေ ကျမှန်ပေါက်ကွဲ ခဲ့တာကြောင့် ကျောက်မဲမြို့နယ် ငူးလိမ်ကျေးရွာရှိ အိမ်ခြေ သုံးလုံး ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ SSPP/SSA ဘက်က ပြောပါတယ်။
နှစ်ဘက်တပ်ဖွဲ့တွေ အကြား လေးရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အစိုးရ စစ်တပ်ဘက်က စစ်ဗိုလ်တဦးနဲ့ တပ်ဖွဲ့ဝင် ၃၀ ကျော် ကျဆုံးခဲ့သလို SSPP/SSA ဘက်က ၂ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောပါတယ်။
“အခု တိုက်ပွဲဖြစ်နေတဲ့ နေရာက ကျနော်တို့ အရင်ကတည်းက ထိန်းချုပ်ထားတဲ့ နေရာပါ။ အရမ်း အချက်အခြာ ကျပြီး ဗျူဟာအရ အရေးပါတဲ့ နေရာတော့ မဟုတ်ဘူး။ တပ်မတော်က ကျနော်တို့ကို ဘာကြောင့် အတင်း ဝင်တိုက်နေတယ် ဆိုတာ ကျနော်တို့လည်း နားမလည်ဘူး ဖြစ်နေတယ်” လို့ စဝ်ခွန်ဆိုင်က ဆက်ပြောပါတယ်။
တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂ ရက်မှာပဲ SSPP/SSA ဘက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ထံ တိုက်ပွဲတွေ ရပ်တန့်ပေးရေး အတွက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
စာပို့အပြီး ၄ ရက် အကြာ (အောက်တိုဘာ ၅ ရက်) မှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ တိုက်ခိုက်မှု ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဆက်လက် ဆွေးနွေးဆောင်ရွက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ရဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က SSPP/SSA ဌာနချုပ်ထံ စာပြန်ပို့လာတယ်လို့ ဆိုပါတယ်။
စာပါ အကြောင်းအရာထဲမှာ “နိုင်ငံတော် သမ္မတမှ ဤစာပါ အကြောင်းအရာများနှင့် ပတ်သက်၍ အားလုံးအပေါ် နားလည် သဘောပေါက်ကြောင်းနှင့် တပ်မတော်ဘက်မှလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုများအား ဆက်လက် မလုပ်ဆောင်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ တည်ငြိမ် အေးချမ်းမှုများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် SSPP/SSA အနေဖြင့် တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက် နှောက်ယှက်ခြင်းမျိုး ဆောင်ရွက်ခြင်း မပြုပါရန် မေတ္တာ ရပ်ခံအပ်ပါသည်” လို့ ပါရှိကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်မှာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSPP/SSA) အပေါ် အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို အမြန်ဆုံး ရပ်တန့်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ ရှမ်းခေါင်းဆောင်တွေကလည်း စာပို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
တောင်းဆိုစာကို လက်မှတ် ထိုးကြသူတွေက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ဆင်ကျော့ဌာနေ ပြည်သူ့စစ်အဖွဲ့ ဒုဥက္ကဋ္ဌ စဝ်ကိုင်ဖ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဦးဟန်ယောင်ဝေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၅ ရက် အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အသေအပျောက်၊ ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။
အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ်တောက်နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပြီးနောက် SSPP/SSA ရဲ့ ဝမ့်ဟိုင်းဌာနချုပ် တည်ရှိရာ တဝိုက်က အရေးပါတဲ့ တပ်စခန်း အချို့ပါ လက်လွှတ် ပေးခဲ့ရတယ်လို့ SSPP/SSA က ဆိုပါတယ်။