၂၀၁၅ တွင် ရွေးကောက်ပွဲ ကျင်းပမှသာ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မည်
This article has been converted from Zawgyi One to Unicode
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား အပစ် အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေး ပွဲများ အောင်မြင်စွာ ဆောင်ရွက် နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာ သေချာမည် ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခြင်း သည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲရေး လုပ်ဆောင်နေ မှုများအား ငါမှ တပါး အခြား သူများ မလုပ်နိုင်ဟု အတ္တ မာနများ ရှေ့တန်းတင် လာလေ သလော ဟု သံသယ ဖြစ်ဖွယ်ပင်။
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်သည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ ငြိမ်းချမ်းရေးမရှိဘဲ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မည့် နိုင်ငံတော်ကို မတည်ဆောက်နိုင်ဆိုသည်လည်း မှန်ပါသည်။ သို့သော် နှစ်ပေါင်း ၆၀ ကြာ တွယ်ကပ်လာသော မယုံသင်္ကာမှုများကို အစိုးရတဆက်တွင်း နေ့ချင်းညချင်း ပြေလည်အောင် ဖြေရှင်းနိုင်မည်မဟုတ်ပါ။ အိမ်နီးချင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့တွင် ဖြစ်ထွန်းခဲ့သော အစိုးရနှင့် ပုန်ကန်သူများအကြား ငြိမ်းချမ်းရေးသဘောတူညီချက်များသည်လည်း အစိုးရအဆက်ဆက် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။
အကယ်၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်မည်ဆိုလျင် ဦးသိန်းစိန်အစိုးရအတွက် သက်တမ်း ၁၄ လသာကျန်တော့သည်။ ၂၀၁၁ ခုနှစ် သမ္မတဖြစ်ခါစ ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးအဖြစ် ပြည်တွင်းပြည်ပက ချီးကျူးခံလာခဲ့ရသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံစကားပြောခြင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ပေးခြင်း များကြောင့် မြန်မာပြည်သူ အများက “သမ္မတကြီးကတော့ ကောင်းပါတယ်”ဟု ပြောဆိုထောက်ခံ လာခဲ့ကြသည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲရေးကို မထောက်ခံခြင်း၊ ခြစားမှုနှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါသည့်စနစ်ကို မတိုက်ဖျက်ခြင်းတို့ကြောင့် ကတိကဝတ်ပြုခဲ့သော ပြုပြင်ပြောင်းလဲရေး အရှိန်ကျလာခဲ့သလို ခေတ်နှင့်အညီ ပြောင်းလဲပြင်ဆင်ရန် လိုနေသည့် အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားကို မပြုပြင် မပြောင်းလဲနိုင် ဖြစ်နေခြင်းအပြင် ငြိမ်းချမ်းရေးစကားဝိုင်းများမှ တနိုင်ငံလုံး အပစ်ရပ်ရေး မဆောင်ကျဉ်းနိုင်သေးဘဲ ပိုဆိုးသည်မှာ တိုက်ပွဲများပြန်ဖြစ်လာစေမည့် အရိပ်အရောင်များသာ ဖြစ်လာသောကြောင့် ယခင်ရရှိခဲ့သော ထောက်ခံမှုများ မှိန်လျော့လာခဲ့သည်။
ဦးသိန်းစိန်အနေဖြင့် နိုင်ငံပြုခေါင်းဆောင်တဦးအဖြစ် သမိုင်းတွင်ချင်သည့် ဆန္ဒကို နားလည်နိုင်ပါသည်။ သို့သော် အမှန်တကယ်မှာ နှစ်ပေါင်း ၆၀ ကျော် လွဲမှားသောစနစ်မှ ဖန်တီးထားခဲ့သော အမှားအယွင်းပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနိုင်ရန် ဦးသိန်းစိန်အစိုးရအဖို့ အစွမ်းမထက်သည့် လူသားအရင်းအမြစ်၊ ဆင်းရဲနွမ်းပါးသော ငွေကြေးနှင့် အသိ အတတ် နည်းပညာများကို သုံးစွဲနိုင်ပါသည်။ ဤသည်မှာ ဦးသိန်းစိန်မှ မဟုတ်၊ နောက်တက်လာမည့် မည်သည့်အစိုးရခေါင်းဆောင်မဆို ယင်းပြဿနာနှင့် ကြုံတွေ့ရဦးမည်သာဖြစ်သည်။
ထို့ကြောင့် မိမိသက်တမ်းအတွင်း မိမိတတ်စွမ်းသ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး မိမိသက်တမ်းအတွင်း မပြတ်ခဲ့သော ဆောင်ရွက်ချက်များကို နောင်တက်လာမည့်အစိုးရလက်သို့ ဆက်လုပ်ရန် လွှဲပြောင်းခဲ့မှသာ ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးခဲ့သော နိုင်ငံ့ခေါင်းဆောင်အဖြစ် သမိုင်းတွင်ပေမည်။ ထိုသို့မဟုတ် အာဏာကို လက်မလွှတ်ချင်၍ နည်းပေါင်းစုံသုံးပြီး နိုင်ငံကို ချုပ်ကိုင်ခဲ့သော အာဏာရှင်ဟောင်းများ၏ လမ်းကို လိုက်မည်ဆိုလျင် သူတို့လို ဦးသိန်းစိန်၏ သမိုင်းမလှ ဖြစ်ပေတော့မည်။ မြန်မာ့အပြောင်းအလဲကို လမ်းစခင်းသူအဖြစ် ရထားသော အသိအမှတ်ပြု လေးစားခံရမှုများ ပျောက်ကွယ်သွားပေလိမ့်မည်။ ပိုဆိုးမည်မှာ ခေါင်းထောင်စ မြန်မာနိုင်ငံမှာ ခေတ်ဟောင်းသို့ ပြန်လှည့်ကာ ဝမ်းနည်းဖွယ် အမှောင်ခေတ်ဆီ ပြန်ကျရောက်ပေလိမ့်မည်။
မကြာသေးမီ ဥရောပခရီးစဉ်အတွင်း မေးဖြေခန်းတခုတွင် ပြည်သူဆန္ဒရှိလျှင် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်ချင်ကြောင်း ဦးသိန်းစိန်က ပြောခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုခြင်းသည် ပြည်သူ့ဆန္ဒ မဟုတ်ပါ။ ပြည်သူ့ဆန္ဒ အစစ်အမှန်မှာ ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပသော ရွေးကောက်ပွဲများမှတဆင့် လူထုကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်လိုခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေကြောင်း တဖွဖွပြောနေသော ဦးသိန်းစိန်အနေဖြင့် ပြည်သူ့ဆန္ဒကို သိလိုလျှင် ၂၀၁၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပေးရမည်။ ၂၀၁၅ နောက်ပိုင်း ယခု လုပ်ဆောင်နေသော အပြောင်းအလဲများ ဆက်လက်ဖြစ်ထွန်းစေရေး နောက်အစိုးရသို့ လက်လွှဲပေးခြင်းဖြင့် အာမခံရမည်။