ဟောင်ကောင်မှာ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေ ပြုပြင် ပြောင်းလဲ ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေတဲ့သတင်းကို နိုင်ငံတကာသတင်းမီဒီယာတွေမှာ နေ့စဉ်လိုလို ဖော်ပြနေကြချိန် မြန်မာ အစိုးရသတင်းမီဒီယာတွေမှာတော့ ဟောင်ကောင်ဆန္ဒပြမှုနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ မူဝါဒ ကို မထိပါးတဲ့ ဘက်လိုက် သတင်းတွေကိုသာ ဖော်ပြလို့ အဝေဖန်ခံနေရပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာမှာ “ ဟောင်ကောင်၌ ဥပဒေနှင့် မညီညွှတ် သော ဆန္ဒပြမှု ကမ္ဘာ့နိုင်ငံများမှ သတင်းဝေဖန်သူများ ရှုတ်ချ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း အပါအဝင် ဟောင်ကောင် သတင်းတွေမှာ တရုတ်အစိုးရကို ဘက်လိုက်တဲ့ သတင်းတွေ ဖော်ပြခဲ့ပါတယ်။
ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ သတင်းမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးဖို့ Occupy Central အမည်ရှိတဲ့ လှုပ်ရှားမှု အဖွဲ့က ဥပဒေနဲ့ မညီညွှတ်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခြင်းကို ကမ္ဘာ့နိုင်ငံများမှ သတင်း ဝေဖန်သူ တွေက ရှုတ်ချပြောဆိုလျက် ရှိပြီးတော့ စုဝေးဆန္ဒပြသူတွေဟာ ဟောင်ကောင်ရဲ့ အနာဂတ်ကို မှေးမှိန်အောင် ပြုလုပ် နေတာ ဖြစ်တယ်ဆိုတဲ့ ဆင်ဟွာသတင်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ဆန္ဒပြမှုတွေကြောင့် ကားလမ်းတွေပိတ်လို့ လူသွားလာမှုတွေ ထိခိုက်ရတာ၊ စာသင်ကျောင်းတွေနဲ့ ဘဏ်တွေ ပိတ်ထားရတာ ၊ ဒီလို ကိစ္စတွေ ဖြစ်လို့ စတော့ရှယ်ယာ ဈေးကွက်မှာ ရှယ်ယာ ဈေးနှုန်းတွေ ထိုးကျပြီး ဒေသဆိုင်ရာ စီးပွားရေး တိုးတက်မှုနဲ့ လူမှုရေး တည်ငြိမ်ရေး တည်ငြိမ်မှု တို့အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိစေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီကြေးမုံသတင်းမှာပဲ တရုတ်အစိုးရကို ထောက်ခံတဲ့ ဂါးဒီယန်းသတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် မာတင် ဂျက်ရဲ့ “ တရုတ်နိုင်ငံသည် ဟောင်ကောင်၏ အနာဂတ်ဖြစ်ပြီး ရန်သူမဟုတ် ” ဆိုတဲ့ ဆောင်းပါးထဲက အကြောင်းအရာတချို့ကို ပြန်လည် ကိုးကားဖော်ပြခဲ့ပြီး ပြစ်သစ်နိုင်ငံ ပါရီတက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်သူ လို့ဆိုတဲ့ ပရဲယာပီကတ်ရဲ့ အနောက်အုပ်စု နိုင်ငံတချို့ ဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုပြီးတော့ အဆုံး သတ်ထား ပါတယ်။
အစိုးရသတင်းစာတွေကို အများပြည်သူပိုင်မီဒီယာတွေအဖြစ် အသွင်ပြောင်းမယ်လို့ ကြွေးကြော်နေတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ ရေးသားကြဖို့ မကြာခဏ တိုက်တွန်းပြောဆိုပေမယ့် အစိုးရ သတင်းစာတွေကိုယ်တိုင်က ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြမှု သတင်းမှာ ဘက်လိုက်ဖော်ပြခဲ့တဲ့အတွက် နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြပါတယ်။
ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကတော့ သတင်းခေါင်းတပ်ပုံ ၊ အတွင်း ရေးသားပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြတဲ့ အကြံပြုချက်တွေကို လည်း လက်ခံ ရရှိထားကြောင်း ၊ အဲဒီ ထောက်ပြချက်တွေဟာလည်း မှန်ကန်ပါတယ် ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ ဝန်ခံရေးသားထားပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုများဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်ပေမယ့် ဒီအခြေအနေတွေကို ပြည်တွင်းက စာဖတ်ပရိတ်သတ်တွေ စိတ်ဝင်စားနေတဲ့အတွက် သတင်းအဖြစ် ဖော်ပြဖို့ တာဝန်ရှိလာကြောင်း၊ သို့သော် သတင်းဖော်ပြချက်တွေဟာ နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ မကျအောင် စောင့်ထိန်းရမယ် ဆိုတဲ့မူဝါဒကြောင့် စာနယ်ဇင်း ကျင့်ဝတ် အတိုင်း ၂ ဘက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ချင့်ချိန် ဖော်ပြပေးရမယ် ဆိုတဲ့ မူဝါဒတခုကို အောက်တိုဘာ လ ၂ ရက်နေ့ မှာ ချပေးခဲ့တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံရေး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ မကျအောင် စောင့်ထိန်း ရမယ် ဆိုတဲ့မူဝါဒကိုပဲ လိုက်နာခဲ့ပြီး စာနယ်ဇင်း ကျင့်ဝတ်အတိုင်း နှစ်ဘက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ချင့်ချိန် ဖော်ပြပေးရမယ် ဆိုတဲ့ မူဝါဒကိုတော့ မလိုက်နာခဲ့ဘဲ တရုတ်အစိုးရကိုပဲ ဘက်လိုက် သတင်းဖော်ပြခဲ့ပါတယ်။
တကယ်တော့ ဒီဟောင်ကောင်ဆန္ဒပြမှု ပြဿနာဟာ မြန်မာအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက တဖက်သတ် ပုံဖော် ဖော်ပြနေသလိုမျိုး ကျောင်းသား တွေ ဆူပူ သောင်းကျန်းနေတာမျိုးလည်း မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်ရဲ့ အကြီးအကဲ ဖြစ်လာမယ့်သူ ရွေးချယ်တဲ့အခါ ဒီမိုကရေစီနည်းလမ်းအရ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့်ကို တရုတ် ပါလီမန်က ပယ်ချလိုက်လို့ ဟောင်ကောင် တက္ကသိုလ်ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာဖြစ်ပါတယ်။
ဟောင်ကောင်ရဲ့ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားနေတဲ့ ဟောင်ကောင်သားတွေဟာ “Occupy Central Movement” ဆိုတဲ့ ဗဟို သိမ်းပိုက်ရေး လှုပ်ရှားမှု အမည်ရှိတဲ့ လှုပ်ရှားမှုတခုကို စက်တင်ဘာလ ၂၈ ရက်နေ့လောက်မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဟောင်ကောင်အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် နောက်ပိုင်းမှာတော့ ဟောင်ကောင်မြို့ရဲ့ အရေးပါတဲ့ နေရာတော်တော်များများကိုပါ ဝန်းရံပိတ်ဆို့တဲ့ အဆင့်အထိ ရောက်ရှိသွားခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြကြနေကြတဲ့ ဟောင်ကောင်ပြည်သူတွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ သတင်းကို မဖော်ပြဘဲ အစိုးရ သတင်းမီဒီယာတွေက ဘက်လိုက်ဖော်ပြခဲ့တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် လက်ဝါးကြီးအုပ် ခြယ်လှယ်မှုကြောင့် ပြိုင်ဖက်မရှိခဲ့တဲ့ အစိုးရသတင်းမီဒီယာတွေရဲ့ ပျံ့နှံ့မှုအား အရမ်းကောင်းတာမို့ အစိုးရဖော်ပြတဲ့ ဟောင်ကောင်သတင်းတွေကို ဖတ်ပြီး အမှန်လို့ ယူဆသွားရင် ဒီပြဿနာ ရဲ့ အကျိုးဆက်ကို အစိုးရက တာဝန်ယူမလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဟောင်ကောင်ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွေ စဖြစ်ကာစမှာ မသိချင်ယောင်ဆောင်ပြီး ဘာမှ မဖော်ပြခဲ့ပါဘူး။ နောက်ပိုင်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာလို့ ကြွေးကြော်ပြီး ဒီလို လူအများစိတ်ဝင်စားတဲ့ သတင်းကို မဖော်ပြရကောင်းလားဆိုတဲ့ ဝေဖန်သံတွေကြောင့် သတင်းဖော်ပြရတဲ့ အခါမှာလည်း တရုတ်အစိုးရဘက်က လိုက်ပြီး ဖော်ပြပါတယ်။
မြန်မာအစိုးရ အနေနဲ့ တရုတ်အစိုးရဘက်ကနေ ဘက်လိုက်တဲ့ ပုံစံမျိုးနဲ့ ဟောင်ကောင်အရေးကို ပုံဖော်နေမှုဟာ ဒီမိုကရေစီ အပြောင်းအလဲကို သွားနေတဲ့ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုမှုနဲ့ ပြောင်းပြန်ဖြစ်နေလို့ နိုင်ငံတကာကပါ မြန်မာ့ အပြောင်းအလဲကို သံသယ ဖြစ်စေနိုင်တယ်လို့ ပြည်တွင်းမှာ နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီကို ပြောပါတယ်။
“ သတင်းရေးတယ်ဆိုတာ ဖြစ်စဉ်ပေါ်မှာ အမြင် အမျိုးမျိုးနဲ့ သဘောထားအမျိုးမျိုးနဲ့ ထင်ဟပ်ပြီး ရေးသင့်တယ်။ အစိုးရက လည်း အစိုးရ မီဒီယာကို ပိုပြီးတော့ လွတ်လပ် ပွင့်လင်းတဲ့ဘက်ကို ဦးတည်နေတယ်ဆိုရင် ဒီကိစ္စတွေ အပေါ်မှာ တရုတ် နိုင်ငံ ရဲ့ ပြည်တွင်းရေးပဲ ဖြစ်တယ်လို့ သုံးသပ်ပြီး ရေးတာဟာ အရင်ကျင့်သုံးနေတဲ့ လမ်းဟောင်းကြီးအတိုင်း သွားနေ တာပဲလို့ မြင်တယ် ။ ပြုပြင်ပြောင်းလဲတဲ့ ပုံစံဘက်ကို ဦးမတည်ဘူးလို့ ယူဆတယ် ” လို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါ တယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးသီဟစောက သမ္မတဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်နေပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေက ယခင်စစ်အစိုးရရဲ့မူဝါဒ လမ်းစဉ် ဟောင်း ကိုပဲ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြာင်း ဝေဖန်ပြောဆိုပါတယ်။
“လက်ရှိ အစိုးရကတော့ အရင် လုပ်ရိုးလုပ်စဉ် အတိုင်းပဲ သွားနေတာပဲ။ ၁၉၈၈ နောက်ပိုင်း ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒဆိုတာ ကြွေးကြော်ပြီးကတည်းက ဟိုနိုင်ငံမှာ ဆန္ဒပြလည်း မထည့်နဲ့။ ဒီနိုင်ငံမှာ ဆန္ဒပြလည်း မထည့်နဲ့ ဆိုပြီး လုပ်လာတာ။ ဒီကိစ္စကို ကြည့်ရင် လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မီဒီယာ ပေါ်လစီဟာ မပြောင်းလဲသေးဘူး ဆိုတာ သိသာတယ်။ အခုလည်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ပြောင်းမယ်ဆိုပေမယ့်လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒ အတိုင်းပဲ လုပ်နေတာပဲလေ။ ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုပေမယ့် အခုမှ အစပဲ ရှိသေးတဲ့အခါ ပုဂ္ဂလိက မီဒီယာတွေ လောက်တော့ လွတ်လွတ် လပ်လပ် ရေးသားလို့ရမှာ မဟုတ်သေးဘူး။ နိုင်ငံပိုင် မီဒီယာတွေက အစိုးရ ဘက်မှာပဲ ရှိနေသေးတယ်” လို့ ဦးသီဟစောက ရှင်းပြပါတယ်။
ဟောင်ကောင်ဆန္ဒပြမှုဟာ နိုင်ငံတကာ အလယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုအဖြစ် ပြောဆို ထင်ရှားပေမယ့် မြန်မာ့ အတိုက်အခံ အင်အားစုတွေဘက်အနေနဲ့ ဟောင်ကောင်ကျောင်းသားတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အားပေး ထောက်ခံတာမျိုး မလုပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူအဖြစ် နာမည်ကျော်ကြားတဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တစုံတရာ မှတ်ချက် မပေးခဲ့ပါဘူး။
ဒါပေမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသား တချို့ကတော့ ဟောင်ကောင် ဆန္ဒပြ ကျောင်းသားတွေကို ထောက်ခံတယ်ဆိုပြီး ဆူးလေး မြို့တော် ခန်းမရှေ့က မဟာ ဗန္ဓုလပန်းခြံထဲမှာ ထောက်ခံ အားပေးတဲ့ ပွဲလေးတခုပဲ လုပ်ပါတယ်။
“ ဒီကိစ္စကို အပြင် မထုတ်သေးပေမယ့် ကျနော်တို့ ကျောင်းသားတွေကြားမှာ တိုင်ပင် ဆွေးနွေးမှုတွေ ရှိပါတယ်။ ကျနော် တို့ ပုံစံအရတော့ အားပေး ထောက်ခံတယ်ဆိုတာကို ပြောချင်တယ်။ တရားဝင်တော့ ထုတ်မပြောကြဘူး ” လို့ ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောပါတယ်။
ဟောင်ကောင် ကျောင်းသားတွေ ဒီမိုကရေစီရေး အတွက် စုပေါင်း တိုက်ပွဲဝင်နေကြတာကို အရမ်းအားကျပြီးတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တောင်းဆိုမှု ခရီးလမ်း မဆုံးသေးခင်မှာ ဟောင်ကောင် ကိစ္စပေါ်လာတာဟာ မြန်မာပြည် အတွက်လည်း အားတခုဖြစ်စေတယ်လို့ ကိုဒီငြိမ်းလင်းက ဆိုပါတယ်။
၁၉၈၉ ခုနှစ်မှာ တရုတ် တီယန်နန်မင် ဒီမိုကရေစီ လှုပ်ရှားမှုကို တရုတ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့မှု ဖြစ်ပွားခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် (ဗကသ) က တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး တရုတ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံခဲ့ပါတယ်။ တီယန်နန်မင် လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဗကသက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါမှာလည်း ဗကသရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောဆိုခဲ့ ဗကသများ အဖွဲ့ချုပ်ဦးဆောင်ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
“ တရုတ် အစိုးရကနေ တရုတ် တက္ကသိုလ် ကျောင်းသားတွေကို ကိုင်တွယ်ပုံကို ကန့်ကွက်တယ် ။ ရှုတ်ချခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ လက်ရှိ အခြေအနေမှာတော့ အဲဒီတုန်းကနဲ့စာရင်း အားနည်းနေတယ် ” လို့ သူက သုံးသပ်ပါတယ်။