သမ္မတဦးသိန်းစိန်က အကျဉ်းသား ၃၀၇၃ ဦးကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ယင်းပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် စစ်ထောက်လှမ်းရေးခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်းဦးသိန်းဆွေအပါအဝင် စစ်ထောက်လှမ်းရေး ၈ ဦး ပြန်လည်လွတ်မြောက်လာကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနထံမှ စုံစမ်း သိရှိရသည်။
သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော စစ်ထောက်လှမ်းရေး အရာရှိ ၈ ဦးမှာ ဗိုလ်မှူးချုပ် ဟောင်းဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းဦးတင်လှ၊ ဗိုလ်မှူးကြီးဟောင်းဦးမိုးသူ၊ ဗိုလ်မှူးကြီးဟောင်းဦးအောင်ဇော်၊ ဗိုလ်မှူးကြီးဟောင်းဦးမောင်မောင်သန်း၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းဦးမြင့်ဦး ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးဟောင်းဦးနိုင်ဌေးနှင့် ဦးခင်ညွှန့်၏ သမက်ဖြစ်သူ ဦးတင်ထွဋ်တို့ ပါဝင်သည်ဟု သိရှိရသည်။
စစ်ထောက်လှမ်းရေးအရာရှိဟောင်းတဦးက “ ကျနော် စုံစမ်းထားချက်အရတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် အမှုတွဲနဲ့ ထောင်ကျနေတဲ့သူ အကျဉ်းထောင်တွေထဲမှာ ၂၆ ယောက် ကျန်နေသေးတယ်။ ဒီနေ့ ၈ ဦး လွှတ်ပေးတယ်ဆိုတော့ နောက်ထပ် ၁၈ ဦး ထပ်လွှတ်ဖို့ ကျန်နေသေးတယ်”ဟု ဧရာဝတီသို့ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်းဦးသိန်းဆွေသည် မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်သန်းသည် ပုသိမ်ထောင်မှလည်းကောင်း၊ ဗိုလ်မှူးကြီးဟောင်းဦးမင်းသူသည် မအူပင်ထောင်မှ လည်းကောင်း အသီးသီး ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီးဟောင်းဦးမောင်မောင်သန်းက “ခံစားခဲ့ရတဲ့အနေအထားအပေါ်မှာ ဘာမှပြောချင်တာ မရှိပါဘူး။ ဝဋ်ရှိလို့ ခံရတယ် လို့ပဲ သဘောထားပါတယ်။ ဒေါ်လာရောင်းမှုနဲ့ ထောင်ဒဏ် ၂၁ နှစ်ခံခဲ့ရတာကတော့ သူ့ခေတ်သူ့အခါ သူ့ဥပဒေနဲ့ သူ လုပ်ကြတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ အကြောင်းမရှိပါဘူး။ ရှေ့ဆက်တော့ မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်ရမှာပေါ့လေ။ ဒါပဲ လုပ်စရာရှိပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောသည်။
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူများတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက် မည်မျှပါသည်ကို အတိအကျ စာရင်းကောက်ခံနိုင်ခြင်းမရှိသေးဘဲ လတ်တလော နိုင်ငံရေးအကျဉ်းသားကိုမာလသာလျှင် လွတ်မြောက်သည် ဟု သတင်းရရှိထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)မှ ဦးဘိုကြည်က ဆိုသည်။
“ကျနော်တို့ မနှစ်က နှစ်ကုန်အထိ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်စာရင်းထဲမှာ အခု တယောက်ပဲ ပါတယ်။ ဒီနှစ်မှာ ထောင်ကျခံရတဲ့ စာရင်းတွေထဲက တယောက်မှ မလွတ်သေးဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ နိုင်ငံရေး အကျဉ်း သား တွေထဲမှာ ထောက်လှမ်းရေးစာရင်းတွေတော့ မပါဘူး။ ဒီနေ့က ထောက်လှမ်းရေးတွေ လွတ်လာတာပဲ ကြားရသေး တယ်ဆိုတော့ သမ္မတရဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်ဆိုတဲ့ ကတိက အခုထိ အပြည့်အ၀ မခံစားရ သေးပါဘူး”ဟု ဦးဘိုကြည်က ပြောသည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုမာလသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက် လာခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် KIOနှင့် မတရားအသင်း ဆက်သွယ်မှု ၁၇(၁) နှင့် ဖောက်ခွဲ အမှုတို့ဖြင့် စွပ်စွဲ ဖမ်းဆီးခံခဲ့ရကာ ထောင် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
AAPP အဖွဲ့၏ လေ့လာစုံစမ်းထားချက်များ အရ ယနေ့အချိန်ထိ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၇၅ ဦး၊ လယ်ယာမြေများ သိမ်းယူမှုနှင့် ထောင်ကျခံနေရသည့် လယ်သမား ၅၆ ဦး အကျဉ်းထောင်များတွင် ရှိနေသေးကြောင်း၊ အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်နှင့် လယ်မြေသိမ်းမှုဆိုင်ရာ အမှုအခင်း များကြောင့် အမှုရင်ဆိုင်နေရသည့် လယ်သမား ၅၀၀ ကျော် ရှိနေကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်က အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှူကို အလေးပေးသောအားဖြင့် လည်းကောင်း လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်ပြီး လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများတွင် နိုင်ငံခြားသား အကျဉ်းသား ၅၈ ဦး ပါဝင်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။