ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် အနောက်မြောက် ယွန်းယွန်းသို့ ရွေ့လျားလာပြီး ပိုမိုအားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာကာ ကိုကိုးကျွန်းအနီးမှ ဖြတ်သန်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် ယနေ့ နံနက်ပိုင်း တိုင်းတာချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အနောက်နှင့် အနောက်တောင် ယွန်းယွန်းရှိ ကပ္ပလီပင်လယ် ရေပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက် ယွန်းယွန်းကို ဆက်လက် ရွေ့လျားလာကာ ကိုကိုးကျွန်း အနီးမှ ဖြတ်ကျော်ကာ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း အတွင်းသို့ ဦးတည်ရွေ့လျှားမည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် အသိပေး ကြေညာထားသည်။
ထိုမုန်တိုင်းငယ်သည် အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာရန် အလားအလာ ရှိနေသဖြင့် စောင့်ကြည့်ရန် လိုအပ်နေပြီး မုန်တိုင်းငယ် အရှိန်ကြောင့် လေတိုက်နှုန်းသည် တနာရီလျှင် အများဆုံး မိုင် ၂၅ မှ ၃၀ အတွင်း ရှိနိုင်သည်ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
“မုန်တိုင်းက ဗဟိုပြုရာနေရာကနေ အနောက်ဘက်ကို ရွေ့လျားလာတဲ့အတွက် စောင့်ကြည့်ဖို့ လိုတယ်။ ဒီမုန်တိုင်းက မိုးနှောင်း မုန်တိုင်းလည်း မဟုတ်ဘူး။ မုတ်သုံက ထွက်သွားပြီ ဖြစ်တာကြောင့် မိုးလွန်မုန်တိုင်း ဖြစ်နေတယ်” ဟု ဒေါက်တာ ထွန်းလွင်က ဧရာဝတီကို ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း သက်ရောက်မှုရှိနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး စောင့်ကြည့် တိုင်းတာနေဆဲ ဖြစ်သည်ဟု ဦးထွန်းလွင်က ဆက်ပြောသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသော ဆိုင်ကလုန်း မုန်တိုင်းများသည် ရခိုင်ကမ်းမြှောင်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ တောင်ပိုင်းတို့၌ သက်ရောက်မှု ရှိလေ့ရှိသည်ဟု မိုး/ဇလ ထုတ်ပြန်ချက်များအရ သိရသည်။
ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်လေ့ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း အရေအတွက် ၁၀၀ အနက် ၃၈ ကြိမ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့ ရှိပြီး မြန်မာနိုင်ငံကို ဝင်ရောက်သည့် မုန်တိုင်းများ၏ ၅၁ ရာခိုင်နှုန်း (သို့မဟုတ်) တဝက်ကျော်ခန့်သည် မိုးကြိုကာလတွင် ဝင်ရောက်လေ့ရှိပြီး ၄၉ ရာခိုင်နှုန်းသည် မိုးနှောင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသည်ဟု ဒေါက်တာ ထွန်းလွင်က အသိပေး ပြောဆိုထားသည်။