မြန်မာနိုင်ငံသား နှစ်ဦးကို လူသတ် တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပေမယ့် သတင်းရင်းမြစ် တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းကို အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး မူလက တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ဖို့ ချိန်းဆိုထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ဟာ စိုးရိမ်မှုတွေကြောင့် မတွေ့ရဲကြသလို ဖုန်းအသိမ်းခံထားရမှုကြောင့် မတွေ့ဖြစ်ခဲ့သူတွေလည်း ရှိကြောင်း မြန်မာ အဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ရောက်သွားတဲ့အခါ မြင်ရတာက သမာရိုးကျမဟုတ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တချို့ကလေးတွေက အရင်ဖုန်းဆက်လို့ ရတယ်။ ကျနော်တို့ ရောက်လာတဲ့ အခါကြတော့ ဖုန်းဆက်လို့ မရဘူးဖြစ်သွားတယ်။ ကျနော်တို့ လိုက်စုံစမ်းတဲ့ အခါကြတော့ အဲဒီကလေးတွေရဲ့ ဖုန်းတွေကို ရဲတွေက သိမ်းထားတယ်လို့ ပြောပါတယ်” လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောပါတယ်။
မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့မှာ ရှေ့နေ ဦးအောင်မျိုးသန့် အပါအဝင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ ကောင်စစ်ဝန် ဦးထွန်းအေးနဲ့ ထိုင်း ဥပဒေပညာရှင်တွေ၊ အလုပ်သမားရေး လုပ်ဆောင်သူတွေ စုစုပေါင်း ၉ ဦး ပါဝင်ကြောင်း သိရပါတယ်။
မြန်မာအဖွဲ့ဟာ လိပ်ကျွန်းပေါ်က အခင်းဖြစ်ပွားရာနေရာကို သွားရောက်လေ့လာမှတ်တမ်းယူခဲ့သလို လူသတ်တရားခံလို့ ထိုင်းရဲတွေက စွပ်စွဲခံထားရသူ နှစ်ဦးနဲ့ နီးစပ်သူ အချို့အပါအဝင် အမှုဖြစ်စဉ်ရဲ့ ကွဲလွဲချက်တချို့နဲ့ပတ်သက်ပြီး အထောက်အထား ရရှိနိုင်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့နဲ့လည်း တွေ့ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့တဲ့ ကလေးတွေကတော့ စွပ်စွဲခံထားရတဲ့ ကလေးတွေ ပြစ်မှုကျူးလွန်တယ်ဆိုတာကို မယုံ မကြည်ဖြစ်နေကြတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လိပ်ကျွန်းပေါ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့တွေကတော့ မြန်မာအဖွဲ့တွေ သွားရောက်မှတ်တမ်းယူလိုတဲ့ နေရာတွေနဲ့ တွေ့ဆုံလိုသူတွေ ရှိရာကို လုံခြုံရေး တာဝန်ယူပေးသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကျွန်းပေါ်မှာတွေ့ရှိခဲ့ရတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီးလည်း “ကလေးတွေရဲ့ အနေအထားကတော့ အားလုံးက အကြောက်တရား လွှမ်းမိုးခံနေရတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ကြီးစိုးတဲ့ ထိုင်းလူကြီးတွေရှိနေတဲ့အပြင် ရဲကလည်းရှိနေတယ်ဆိုတော့ တော်ရုံ မပြောရဲ၊ မဆိုရဲပဲ ခိုင်းတာလုပ်ဆိုတဲ့ ပုံစံတွေ့ခဲ့ရတယ်” လို့ ဦးအောင်မျိုးသန့်က သူ့အမြင် ကိုပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းပေါ်မှာ စုံစမ်း မှတ်တမ်းယူမှုတွေပြုလုပ်ပြီး ဒီကျွန်းကနေ သုံးနာရီလောက် ရေလမ်းခရီးနဲ့သွားရတဲ့ ကော့စမွေကျွန်း ကို ညနေပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
မနေ့ကလည်း ကော့စမွေ အကျဉ်းထောင်မှာ တရားခံ အဖြစ်စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကိုလည်း တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ်တဲ့ မောင်မောင်နဲ့တော့တွေ့ခွင့်မရခဲ့ပါဘူး။
ခရီးစဉ်မှာရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ အခက်အခဲ ရှိနေမှုအချို့ကို ပြုစုပြီး ခရီးစဉ်ကို ညွှန်ကြားခဲ့တဲ့ နေပြည်တော်က တာဝန် ရှိသူတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတဆင့် ပို့ဆောင် တင်ပြမှာဖြစ်ကြောင်း ဒိမတိုင်မီမှာ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ တရာလိုပြ သက်သေ မောင်မောင်နဲ့ တွေ့ဆုံဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။