ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ သံသယ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားနှစ်ဦး နဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေလို့ ရဲကပြောဆိုထားတဲ့ မြန်မာနိုင်ငံသား မောင်မောင် ဆိုသူကို မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့က တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးပါသူ အဖြစ် ယူဆထားတဲ့ မောင်မောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ ကောင်စစ်ဝန် ဦးထွန်းအေးအပါအဝင် သံရုံးအဖွဲ့တွေ၊ မြန်မာ- ထိုင်း ဥပဒေပညာရှင်တွေ၊ စုစုပေါင်း ၉ ဦး ပါဝင်မြန်မာအဖွဲ့က အောက်တိုဘာ ၆ ရက်နေ့မှာ တွေ့ဖို့ ကြိုပမ်းခဲ့ပေမယ့် ကော့စမွေကျွန်းက ရဲတွေက ခွင့်ပြုချက်မပေးခဲ့ဘဲ အောက်တိုဘာ ၈ ရက်နေ့မှ တွေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားလိုပြသက်သေလို့ ဆိုတဲ့ မောင်မောင် ကို ထိုင်းရဲ အရာရှိတဦးနဲ့ စကားပြန် တို့ရှေ့မှာပဲ တွေ့ခွင့်ရခဲ့တဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး မြန်မာအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဆရာရေ ဒီကနေ့မနက်မှာ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေဘက်ကနေ တရားလိုပြ သက်သေလို့ ဆိုထားတဲ့ မောင်မောင်နဲ့ တွေ့ခွင့်ရလိုက်တယ်လို့ သိရပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ ကော့စမွေကျွန်းက ဘိုဖွတ် ရဲစခန်းမှာ မောင်မောင်ရယ်၊ သူ့အနားမှာ ရဲမှူးကြီးနဲ့ စကားပြန်လည်း ရှိနေပါတယ်။ ကျနော်တို့ အဖွဲ့နဲ့ ထိုင်ပြီးတွေ့ကြတာပါ။
မေး။ ။ မောင်မောင်နဲ့ တွေ့တဲ့အခါမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုထူးခြားချက်မျိုးတွေ ရရှိလိုက်ပါလဲ ခင်ဗျ။
ဖြေ။ ။ ကျနော်တို့မေးမြန်းတဲ့ အထဲမှာတော့ ဒီကလေး (မောင်မောင်) ဟာ ဒီအမှုနဲ့ပတ်သက်လို့ သိတာ မြင်တာ မရှိဘူး ဆိုတာ သေချာပါတယ်။ ကျနော်တို့လည်း ဒီစကားကို ဘာသာပြန်ဖြစ်တဲ့လူကိုလည်း မေးပါတယ်။ ဘာသာပြန် ဖြစ်တဲ့ လူကလည်း သူ (မောင်မောင်) ပြောတဲ့ အတိုင်းပဲ မှတ်တမ်းတင်ပါ တယ်လို့ပြောပါတယ်။ ဒါပေမယ့် တခုရှိတာက ဒီကလေး (မောင်မောင်)က လောလောဆယ်မှာ ရဲ ရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိပါတယ်။ ရဲစခန်းမှာတော့ မဟုတ်ပါဘူးခင်ဗျ။ ရဲစခန်းနားက တည်းခိုခန်းမှာလို့ ပြောပါတယ်။
အဲဒီတော့ ကျနော်ကမေးတယ်။ ဒီကလေးက အမှုနဲ့လည်း မပတ်သက်ဘူး။ ဘာဖြစ်လို့ ဒီလို အချုပ်နဲ့ထားလဲ။ ဘာဖြစ်လို့ ဒီလိုထိန်းသိမ်းမှုအောက်မှာ ထားလည်းလို့ မေးတဲ့အခါကြတော့ တရားလိုပြသက်သေဖြစ်လို့ သက်သေကို ဖျက်ဆီးမှာ စိုးလို့ ကျနော်တို့ ထိန်းသိမ်းမှုအောက်မှာ ထားပါတယ်လို့ ပြောပါတယ်ခင်ဗျ။
မေး။ ။ အစောပိုင်းတုန်းက ထိုင်းရဲတွေရဲ့ ပြောဆိုချက်အရဆိုရင် မောင်မောင်က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ လုပ်တယ်ဆိုပြီး ထွက်ဆိုထားတယ်လို့ဆိုတယ်။ ဒီကိစ္စကိုရော မေးဖြစ်သေးလားခင်ဗျ။
ဖြေ။ ။ ကျနော်တို့ မေးပါတယ်ခင်ဗျ။ မေးတဲ့ အခါ့ကျတော့ အဲလိုပြောမထားပါဘူးလို့ သူ (မောင်မောင်) ကိုယ်တိုင်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သိလည်း မသိဘူး။ မြင်လည်း မမြင်ဘူး။ ဒါပေမယ့် သူ့ရဲ့ အခန်းထဲမှာတော့ ဝင်းဇော်ထွန်းရဲ့ ဘောင်းဘီ ရေစိုရှိတာတော့ မှန်ပါတယ်တဲ့၊ ဒါပဲပြောပါတယ်။
မေး။ ။ အခင်းဖြစ်တဲ့ညက သူတို့ အတူရှိခဲ့တယ်ဆိုပြီး ပြောထားတာလည်း ရှိတော့ အဲဒီညက သူတို့ အတူရှိခဲ့ပုံနဲ့ ဘာတွေ လုပ်ဖြစ်ခဲ့ကြသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောလဲခင်ဗျ။
ဖြေ။ ။ ဒီကလေး (မောင်မောင်) ပြောတဲ့ စကားအရဆိုလို့ရှိရင် ဒီကလေးတွေ (ဝင်းဇော်ထွန်းနဲ့ ဇော်လင်း) ဆီက ဆိုင်ကယ် ခဏ ငှားပြီးတော့ သွားချင်တော့ 7 Eleven (၂၄ နာရီ စတိုးဆိုင်) မှာ ပစ္စည်းသွားဝယ်မယ်လို့ပြောပါတယ်။ ဒါပေမယ့် တကယ် တော့ သူ့ရဲ့ ရည်းစားကို သွားတွေ့တာပါ။ သွားတွေ့တာကိုတော့ သူငယ်ချင်းတွေ လွှတ်အောင်လို့ ဆိုပြီးတော့ 7 Eleven သွားပြီး ပစ္စည်းဝယ် မယ်လို့ပြောပြီး ဆိုင်ကယ်နဲ့ ထွက်သွားတာပါ။ အဲဒီနောက်ပိုင်းမှာ ပြန်လာတဲ့ အချိန်အထိလည်း ခဏထိုင်ပြီးတော့မှ သူ (မောင်မောင်) က ကလေး နှစ်ယောက် (ဝင်းဇော်ထွန်းနဲ့ ဇော်လင်း) နဲ့ ခွဲသွားပါတယ်။ ဒီအမှု ဖြစ်တဲ့ အကြောင်းတွေ ဘာမှမသိဘူးလို့ ပြောပါတယ်။
မေး။ ။ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြတဲ့ CCTV မှတ်တမ်းတွေထဲမှာတော့ ဆေး လိပ်ဝယ်တဲ့ သူနဲ့ ဖြတ်သွား ဖြတ်လာ လုပ်တဲ့လူဟာ မောင်မောင်လို့ ဆိုထားတယ်။ ဒီအပေါ်မှာရော မေးဖြစ်သေးလား ခင်ဗျ။
ဖြေ။ ။ ဒီဓာတ်ပုံထဲကဟာ ဆိုင်ကယ်နဲ့ သွားတာကိုတော့ မှန်တယ်လို့ပြောပါတယ်။ အရင် ပြဿနာမဖြစ်ခင်တုန်း ကတော့ အတူနေခဲ့ကြတာလည်း မှန်ပါတယ်။ ပြဿနာဖြစ်တဲ့ အချိန်မှာလည်း သူမရှိဘူးဆိုတာလည်း ပြောပါတယ်။ နောက်ပိုင်း ဘာမှ မသိဘူးလို့ ပြောပါတယ်။ မနက် ၅ နာရီလောက်မှာ ဝင်းဇော်ထွန်းရဲ့ ဖိနပ်နဲ့ ဂစ်တာပျောက်နေလို့ သွားရှာပေးစမ်းပါပြောလို့ မနက် ဝေလီဝေလင်းမှာ သောင်ပြင်ကို သူတခေါက်သွားပါတယ်။ ဒါပေမယ့်လည်း မှုခင်းဖြစ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့တော့ သူဘာမှ မတွေ့ခဲ့ပါဘူးလို့ပြောပါတယ်။
မေး။ ။ ဒါဆိုရင် ရဲတွေက ပြောထားတယ်ဆိုတဲ့ မောင်မောင် ထွက်ဆိုချက်တွေနဲ့ အခု ဆရာတို့ ကိုပြောဆိုထားတဲ့ ထွက်ဆိုချက်တွေဟာ လူတယောက်တည်းကပြောတာ ပုံစံနှစ်မျိုးထွက်နေတာက ဘယ်လိုကြောင့်လဲခင်ဗျ။
ဖြေ။ ။ အဲဒါပြောတာပေါ့ခင်ဗျ။ ကျနော်တို့ အခု ဒါတရားခံမဟုတ်ဘဲနဲ့ တရားလိုပြသက်သေကို ကျနော်တို့ မေးတဲ့ အထဲမှာကို ဘာမှ အမှုနဲ့ ပတ်သက်တာကို သိတာမရှိသလိုဘဲ မြင်တာလည်းမရှိဘူး။ အဲဒိတော့ မြင်တာမရှိတာကိုဘဲ စကားပြန်ရှေ့မှာ မေးပါတယ်။ မင်းစကားပြန်ပေးတုန်းက ဒီလိုပဲလားလို့ မေးတော့ စကားပြန်ကလည်း ဒီလိုပဲလို့ ပြောပါတယ်။
အဲဒီတော့ အမှုတွဲထဲမှာ ဘယ်လိုဖြစ်နေလည်းဆိုတာကို ကျနော်တို့က အခုအချိန်အထိ အမှုတွဲကြည့်ခွင့်မရသေးတဲ့ အတွက်ကြောင့် ကျနော်တို့ ပြောလို့မရပါဘူး။ လက်ရှိဒါ ကတော့ သက်သေရဲ့ ထွက်ချက်ပါ။
မေး။ ။ ဆရာတို့ မြန်မာအဖွဲ့ ကော့စမွေကျွန်းကို ရောက်တဲ့နေ့က မောင်မောင်နဲ့ တွေ့ဖို့ ကြိုးစား ခဲ့သေးတယ်။ ထိုင်းရဲက တွေ့ခွင့်မပေးဘူး။ ဒီနေ့ကျမှ တွေ့ခွင့်ပေးတာက ဘာကြောင့်လည်းခင်ဗျ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့က နိုင်ငံတော်ကနေပြီးတော့ စေလွှတ်တဲ့ အထူးအဖွဲ့ဖြစ်နေပါတယ်။ ကျနော်တို့ကို ပေးမတွေ့တဲ့ အတွက်ကြောင့်မို့ အထက်ကို တင်ပြပါတယ်။ အထက်ကလည်း ဒီအတွက်ကို အပူတပြင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကို ပေးပြီးတွေ့တယ်လို့ ထင်ပါတယ်။
မေး။ ။ တရားလိုပြ သက်သေလို့ ဆိုတဲ့ မောင်မောင်ကို ရဲကထိန်းသိမ်းထားတဲ့ အပေါ် ရှေ့နေတယောက် အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အမှန်ကတော့ မောင်မောင်ဆိုတာ သူငယ်ချင်းဖြစ်ရုံမှ အပ၊ အမှုနဲ့ မပတ်သက်လို့ ဒီလို ထိမ်းသိမ်းစရာတော့ မလိုပါဘူး ခင်ဗျ။ သက်သေအဖြစ်နဲ့ ထည့်ကောင်းထည့်မယ်။ သို့သော် အခုလို ထိန်းသိမ်းထားတယ်ဆိုတာကြီးကတော့ တမျိုး ဖြစ်နေပါတယ်။ သက်သေအနေနဲ့ မထင်ရှားတဲ့ မမြင်ပါဘူးတို့ မတွေ့ပါဘူးတို့ ပြောနေတဲ့လူတယောက်ကို ထိန်းသိမ်းထား လည်း ဘယ်လိုမှ ထူးခြားချက်ရှိမှာမဟုတ်ပါဘူး။ ဒါကို သက်သေ ပျက်စီးမှာစိုးလို့ ထိန်းသိမ်းထားတယ်လို့ ပြောတာကတော့ ကျနော်လည်း စိတ်မကောင်း ပါဘူးခင်ဗျ။
မေး။ ။ ကော့စမွေ ကျွန်းပေါ်က မြန်မာအလုပ်သမားတွေ ပြောနေကြတာကတော့ မောင်မောင်ဟာ ဖမ်းဆီးခံရပြီးတဲ့နောက်မှာ ရဲတွေရဲ့ ရိုက်နှက်စစ်ဆေးမှုတွေခံရတယ်ဆိုပြီး အသံတွေ ပျံ့လာပါတယ်။ အဲဒိအကြောင်းကိုရော မေးကြည့်ဖြစ်သေးလားခင်ဗျ။
ဖြေ။ ။ မေးပါတယ်ခင်ဗျ။ ဒါပေမယ့် ကျနော်အစကပြောသလိုပါပဲ။ သူ့နားမှာ ရဲကလည်း ထိုင်နေ တယ်။ ဘာသာပြန်ကလည်း ထိုင်နေတယ်ဆိုတော့ အဖြစ်မှန်ကို ပြောမပြော ကျနော်တို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ကျနော်တို့ရှေ့မှာ ပြောတာကတော့ ရိုက်နှက်တာမရှိဘူးလို့ပြောပါတယ်။ အဲဒီလိုပြောချိန်မှာလည်း ရဲနဲ့ စကားပြန်ရှိနေပါတယ်။
မေး။ ။ ဆရာတို့တွေ့ဆုံမေးမြန်းနေစဉ် မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတပုံကို ကြည့်ခွင့်ရခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို စစ်ဆေးစဉ်တုန်းက ရိုက်နှက်ခဲ့တယ်ဆိုတဲ့ စကားပြန်ကိုလည်း တွေ့ပါတယ်၊ စကားပြန်ကိုရော အဲဒီအကြောင်း မေးကြည့်သေးလား။
ဖြေ။ ။ မေးကြည့်ပါတယ်။ စကားပြန်ကတော့ သူမရိုက်ဘူးလို့ပြောပါတယ်။ ကျနော့်ကိုတောင်မှ သူ(စကားပြန်)က ပြန်မေးသေးတယ်။ ကျနော့်ကို ရိုက်တယ်လို့ ပြောတယ်ဆိုတဲ့ ရှေ့နေကြီးဦးအောင်မျိုး သန့်ဆိုတာပါလားတဲ့။ ကျနော်ကလည်း ဟုတ်ပါတယ်။ သို့သော် ဒီစကားကို ကျနော်ပြောတာမဟုတ်ဘူး။ ဝင်းဇော်ထွန်းတို့ကို ထောင်ထဲမှာတွေ့မေးတုန်း သူတို့ပြောတဲ့ စကားကို ပြန်ပြောပြတာ။ ငါကိုယ်တိုင်ကလည်း အမှန်အတိုင်းဖြစ်စေချင်လို့ အမှန်အတိုင်းပြောလိုက်တာလို့ ပြောလိုက်ပါတယ်။
မေး။ ။ သူက ဘာလို့ အဲဒီလိုမေးတာလဲ
ဖြေ။ ။ အဲဒါကို ကျနော်လည်း သံသယဖြစ်တာပေါ့။ ရဲ နားမှာ စကားပြန်က ကျနော်တို့ကို မေးပါတယ်။ ကျနော်လည်း အရှိအတိုင်းပဲ ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အမှုရဲ့ အမှန်အတိုင်းဖြစ်ဖို့ပဲလိုပါတယ်။ ပြောတဲ့ စကားက ကျနော်က ပြောတဲ့ စကားလည်း မဟုတ်ပါဘူး။ ဒီကလေးတွေကိုယ်တိုင် ထောင်ထဲမှာတွေ့တုန်းကပြောတဲ့ စကားပါ။ ကျနော်တို့ ၉ ဦးရဲ့ရှေ့မှာ ပြောတဲ့ စကားဖြစ်ပါတယ်။
မေး။ ။ ဆရာတို့ အဖွဲ့နဲ့တွေ့တုန်းက မောင်မောင်ရဲ့ မျက်နှာအနေအထားနဲ့ သူ့ အခြေအနေကို ဘယ်လိုအကဲခတ်မိလဲ။
ဖြေ။ ။ ကျနော်ထင်တာတော့ ပုံမှန်တော့ မဟုတ်ဘူးဗျ။ တခုခု လွတ်လွတ်လပ်လပ် မနေရတဲ့ သဘောမျိုးဖြစ်နေပါ တယ်။ သူလည်း ပြောပါတယ်။ ကျနော်က လွတ်လွတ်လပ်လပ်နေချင်တယ်၊ အခုဟာက တခါတလေကျရင် အနားမှာ ဘာသာပြန် မရှိတဲ့ အတွက်ကြောင့် အိမ်သာသွားချင်တယ်။ ဆီးသွားချင်တယ် ပြောဖို့တောင်မှ အခက်အခဲရှိတယ်ဆိုတယ်၊ ဒါကြောင့် ကျနော်တို့ လည်း အဲဒီအတွက်ကို ရဲမှူးကို ပြောပြီးတော့ တယ်လီဖုန်းတလုံး ဖြစ်အောင်စီစဉ်ပေးဖို့ ပြောခဲ့ပါတယ်။
မေး။ ။ မောင်မောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရော ဒဏ်ရာ ဒဏ်ချက်အချို့တွေ့ခဲ့ရတာမျိုးရော ရှိလား။
ဖြေ။ ။ လူမြင်ကွင်းမှာတော့ ကျနော်တို့ မတွေ့ခဲ့ရဘူးခင်ဗျ။ ဒါပေမဲ့ မေးတဲ့ အခါမှာ မရှိဘူးလို့ ပြောတဲ့ အခါ ကျနော်တို့လည်း ဒါထက် ထပ်ပြီးမေးလို့မကောင်းပါဘူး။ အနားမှာ ရဲလည်း ရှိနေသလို စကားပြန်လည်းရှိနေတဲ့ အတွက်ပါ။
မေး။ ။ မောင်မောင်က ဒီအခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ဖြစ်နေတယ်ဆိုပြီး ဆရာတို့အဖွဲ့လည်း သူ့ကို တွေ့ဖို့ ကြိုးစားခဲ့ကြတယ်။ အခုတွေ့လိုက်ရတဲ့ အချိန်မှာ ကွဲလွဲချက်တွေလည်း တွေ့နေရတယ်ဆိုတော့ ဖြစ်စဉ်အပေါ် လက်ရှိ သိထားသလောက်နဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ ကျနော်တို့ မောင်မောင် ကိုတွေ့တဲ့ အခါမှာတော့ မောင်မောင်သည် တရားခံလို့ စွပ်စွဲခံ ထားရသူတွေနဲ့ သူငယ်ချင်းလည်း ဖြစ်တယ်။ တကျွန်းတည်းနေ အလုပ်လုပ်ကြတဲ့ လူတွေလည်း ဖြစ်တဲ့ အတွက်ကြောင့်မို့ ပထမတော့ မောင်မောင် ကိုတွေ့ခဲ့လို့ရှိရင်၊ ဒီကလေးတွေနဲ့ ပတ်သက်လို့ ပြစ်မှု ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ သုံးသပ်ဖို့ပါ။ အခုဟာက မောင်မောင်ကိုယ်တိုင် ပြောပြတဲ့ အချက်အလက်အပေါ်မှာတော့ ဒီကလေးနှစ်ယောက်ဟာ ပြစ်မှုကျူးလွန်တယ်လို့ ကောက်ချက်ချလို့ မရဘူးဆိုတာ ရှင်းသွားပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်မြင်တာလည်း မရှိဘူး။ သိတာလည်း မရှိဘူး။ သူ့အခန်းထဲမှာ ဝင်းဇော်ထွန်းရဲ့ ဘောင်းဘီ ရေစိုတွေ့တာကြောင့် အမှုတွဲမှာ ပါလာတဲ့ သဘောလောက်ပဲရှိပါတယ်။
မေး။ ။ ဆရာတို့ အဖွဲ့မှတ်တမ်းယူမှုတွေကရော ပြီးသွားပြီလား။ ဘာဆက်လုပ်ဖို့ရှိသေးလဲ။
ဖြေ။ ။ ကျနော်တို့ကလောလောဆယ်မှာ အမှုတွဲအတွက်ပြောတဲ့ အခါမှာတော့ အမှုတွဲကတော့ မရပါဘူး။ မရဘူးဆိုတာက သူတို့ အစိုးရရှေ့နေဆီပို့ထားပါတယ်။ အမှုတွဲတင်ဖို့ ကြိုးစားနေတယ်လို့ ပြော ပါတယ်။ ကျနော်တို့က ဒီနေ့ ပြန်မှာဖြစ်ပြီး၊ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ဖို့ အတွက်ကို နိုင်ငံတော်က အကြီးအကဲတွေဆီတင်ပြဖို့ကို သံမှူးကြီး ဦးထွန်းအေးနဲ့ ညှိပြီးတော့ ဆက်လက်ဆောင်ရွက်ပါမယ်ခင်ဗျ။