Ethnic Issues

တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့က ဆွေးနွေးပွဲအပြီး ခန်းမထဲက ထွက်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင် တွေရဲ့ ခြေလှမ်းတွေဟာ လေးလေးပင်ပင် ဖြစ်နေသလို မျက်နှာတွေကလည်း အပြုံးကိုယ်စီ ကင်းမဲ့နေတာ တွေ့ရပါတယ်။

ကာကီရောင် ဆင်မြန်းထားတဲ့ ဦးဆောင်ဆွေးနွေးသူ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)က ပြည်ထောင်စု ဝန်ကြီးကလည်း သူ့ရဲ့ အဆင်မပြေတဲ့ အမူအယာမျက်နှာကို မကြာ ခဏ ဆိုသလို ချွေးသုတ်လျက် ညှိုးနွမ်းနေတဲ့ သူ့မျက်နှာကို ဖုံးကွယ်ဖို့လုပ်ဆောင်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အရာရှိရဲ့ ပုံစံကလည်း သူ့ရဲ့ အမှတ် အသား ဖြစ်တဲ့ မာန်ပါပါပြောတာ၊ နှုတ်ခမ်းစုကာ ရယ်တာ စတဲ့ ပုံစံတွေ ပျောက်ချင်းမလှ ပျောက် နေပါတယ်။

ရိုးရှင်းစွာ နေတတ်ပြီး တည်ကြည်လှတဲ့ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် ပုံစံကလည်း စိတ်ဓာတ် မာပေမယ့် လေသံတွေက တိုး ညင်း လို့ နေပါတယ်။ ဖက်ရှင် အကျဆုံးလို့ နာမည်ရသူ၊ ရယ်လိုက်ရင် မျက်လုံးမှေးအောင် ရယ်တတ်တဲ့ တိုင်းရင်းသား ခေါင်း ဆောင်ရဲ့ အပြုံးကလည်း သိပ်အသက် မပါလှတော့ပါ။

သူတို့ တတွေဟာ ကိုယ်စီ အထက်အမိန့်ကို နာခံပြီး လာရောက် ဆွေးနွေးကြရသူတွေ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အရ တွေ့ဆုံ လာ တာ ၅ ကြိမ်မက ရှိပြီဖြစ်တာမို့ အတန်ငယ် ရင်းနှီးမှုတွေရနေပြီ ဖြစ်ပေမယ့် တာဝန်တွေကြောင့် ခင်မင်မှု စိတ်ရင်းအမှန် မသိနိုင်ကြ။

တာဝန်တွေသာ မပါခဲ့ရင် ဘယ်လိုများ ပြောဆို ဆက်ဆံကြလေမလဲ။ နှစ်ဖက်က တာဝန်ဆိုတဲ့ အသိတွေက သူတို့ကို ထိန်းချုပ် ထား ပုံ ရှိပါတယ်။ နှစ်ပေါင်း ၆၀ ဝန်းကျင် တိုက်ခိုက်မှုတွေ၊ အမုန်းတရား ဓာတ်ခံတွေနဲ့ အတူ ယှဉ်တွဲ နေထိုင်လာခဲ့ရသူတွေ ဖြစ်ပြီး ဒါတွေကို ချုပ်ငြိမ်းနိုင်ဖို့ သူတို့ တတွေဟာ ကိုယ်စီ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက စပြီး ဒီလို ဆွေးနွေးညှိနှိုင်းလာတာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၆ အထိ ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ဆို ၆ ကြိမ်လောက် ရှိပြီဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ အတွက် ဆွေးနွေးနေတဲ့ နှစ်ဖက်က လူ အယောက် ၂၀ သာမက တတိုင်းတပြည်လုံး ကပါ စိတ်ဝင်စားကြ၊ မျှော်လင့်ကြတာမို့ နှစ်ဖက် ခေါင်း ဆောင်တွေ အတွက် တာဝန်အတော် ကြီးပါတယ်။

ဒီတကြိမ်မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်တွေကို အပြီးတိုင် ဆွေးနွေးနိုင်တော့မယ်လို့ သူတို့တတွေ ယုံကြည်ထားပေမယ့် တကယ့်တကယ်မှာတော့ ဘာအဖြေ၊ ဘာရလဒ်မှ ထွက်ပေါ်လာနိုင်ခဲ့ခြင်း မရှိဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ရတာမို့ လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဌာနေကို ပြန်ကြရပါတော့တယ်။

ဒီဆွေးနွေးပွဲ အပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အောက် တိုဘာ လအတွင်းမှာ လက်မှတ်ထိုးနိုင်ဖို့ မလွယ်တော့သလို နောက်ထပ်လည်း ဘယ်အချိန်မှာ ထိုးနိုင်မယ်ဆိုတာကို တိတိကျကျ မပြောနိုင်တော့ဘူးလို့ ဆိုခဲ့သလို ဆွေးနွေးမှုမှာလည်း ဒီတကြိမ်က အခက်ခဲဆုံးလို့ ဆိုပါတယ်။ အစိုးရဘက်ပိုင်းကတော့ ဘယ်လို အဖြေတခုကိုမှ တရားဝင် အရင်ကလို ထုတ်ပြန်လာခဲ့တာ မရှိခဲ့ပါဘူး။

ဒီအဆင့် ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ အစိုးရဘက်က လိုက်လျောဖို့ တွန့်ဆုတ်နေတဲ့ အဓိက အချက်တွေ ရှိနေသလို ဆွေးနွေး ပွဲ မတိုင်မီ အစိုးရဘက် အတွက် သံသယတွေ ကြီးစေတဲ့ အချက်တွေကလည်း ရှိနေခဲ့တယ်လို့ နှစ်ဖက်ကဆိုကြပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲမှာ အဓိက အခန်းကဏ္ဍ ဖြစ်တဲ့ တပ်နေရာချထားရေး အပိုင်းကို အဓိကဦးတည် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးရာမှာ မူလက အစိုးရဘက်က ရေးဆွဲထားတဲ့ အခန်း ၁၄ ခန်းပါ မူကြမ်းနဲ့ တိုင်းရင်းသားဘက်က ရေးဆွဲထားတဲ့ အခန်း ၁၁ ခန်းပါ မူကြမ်း စတဲ့ ၂ စောင်ကို ပြန်လည် ပေါင်းစည်းပြီး အခန်း ၇ ခန်းပါ မူကြမ်းတစောင်ကို အချောသတ် ထုတ်နုတ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခန်း ၇ ခန်းမှာပါတဲ့ အခန်း ၁ အခြေခံမူများမှာ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ အချက်တွေနဲ့ အစိုးရဘက်က တင်ပြ တဲ့ အချက်ပေါင်း ၁၀ ချက်ကျော်ကို ဆွေးနွေးခဲ့ပါတယ်။ ပါဝင်တဲ့ အချက်တွေမှာ စစ်မှန်သော၊ တန်းတူညီတူရှိသော၊ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ရှိသော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ ဖက်ဒရယ် တပ်မတော်ထူထောင်နိုင်ရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးရေး စတဲ့ အချက်တွေကို တိုင်းရင်းသားတွေဘက်က ထည့်သွင်းထားပါတယ်။

အစိုးရဘက်ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံအား အတူတကွ ပိုင်ဆိုင်သူများဖြစ်တဲ့ အားလျှော်စွာ အချုပ်အခြာအာဏာ နယ် နိမိတ် တည်မြဲရေးနဲ့ ပတ်သက်တဲ့ တာဝန်တွေကို အတူတကွ ပူးပေါင်းရန်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ပြည်ထောင်စုကြီး တခုကို စုပေါင်း တည်ဆောက်ရန် ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အချုပ်အခြာ အာဏာ နယ်နိမိတ်တည်မြဲရေးနဲ့ ပတ်သက်တဲ့ တာဝန်တွေကို အတူတကွ ပူးပေါင်းရန် ဆိုတဲ့ အချက်ကို နှစ်ဖက် သဘောတူ လက်ခံလိုက်ပေမယ့်လည်း ဖက်ဒရယ်စနစ် ကျင့်သုံးရေးနဲ့ ဖက်ဒရယ် တပ်မတော်ကိစ္စကို အစိုးရဘက်က အရင်က လက်ခံခဲ့ပြီး ဖြစ်ပေမယ့် ဒီတကြိမ်မှာတော့ လက်ခံဖို့ကို ပြန်လည် တင်ပြမယ်လို့ နောက်ကြောင်း ပြန်သွားခဲ့ပါတယ်။

“အရင်အကြိမ်တုန်းက ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးများ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အား အကောင် အထည်ဖော် ရန် ဆိုတဲ့ အချက်ကိုသဘောတူထားတာက ကြားသလောက် အစိုးရဘက်၊ အထူးသဖြင့် တပ်ဘက်က လူကြီးပိုင်းတွေက မကျေ လည်လို့ အခုတကြိမ်မှာ ထပ်ဆွေးနွေးရတယ်။ ဖက်ဒရယ်တပ်မတော် ကိစ္စမှာဆိုလည်း ဒီလိုပဲ လက်မခံတော့ဘူး”လို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုပါတယ်။

အခန်း ၂ ဖြစ်တဲ့ ဦးတည်ချက်များနဲ့ရည်ရွယ်ချက်များ အခန်းမှာတော့ နှစ်ဖက်တင်ပြထားတဲ့ အချက်ပေါင်း ၁၀ ချက်ကျော် ပါဝင်ပြီး အဓိက အနေနဲ့ စကားလုံး အသုံးအနှုန်း အထားအသိုတွေကို အဓိကဆွေးနွေးရတယ်လို့ သိရပါတယ်။ စာချုပ် ခေါင်းစဉ်မှာ မသုံးဖို့ သဘောတူထားတဲ့ “တော်လှန်ရေး” စကားလုံးကို စာချုပ် အတွင်းပိုင်း အခန်း ၂ နဲ့ အခြားသုံးနေရာမှာ သုံးဖို့ နှစ်ဖက်က အရင်က လက်ခံထားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာ သုံးစွဲဖို့ မသင့်ဘူးလို့ တပ်မတော်ဘက်က ပြန်လည် တင်ပြလာတာမို့ ဒီအချက်က လည်း နောက်ကြောင်းပြန် ဖြစ်သွားခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များအခန်း အခန်း ၃ မှာ နှစ်ဖက်စလုံးအချက် ၃၀ နီးပါး တင်ပြထားပြီး တပ်ပိုင်း ဆိုင်ရာကို ဒီအချက်တွေထဲမှာ အဓိက ထည့်သွင်းထားတာ ဖြစ်ပါတယ်။ နယ်မြေသတ်မှတ်ခြင်း၊ လွတ်လပ်စွာသွားလာခွင့်နဲ့ ပြန်လည်နေရာချ ထားရေး အစီအစဉ်တွေကို နှစ်ဖက်တင်ပြထားပါတယ်။

နှစ်ဖက်စလုံးက နယ်မြေသတ်မှတ်ချက်ကို မြေပြင်ကွင်းဆင်း လုပ်ဆောင်ဖို့ စီစဉ်နေပေမယ့်လည်း အခုထက်ထိ အဲဒီ အဆင့်ကို ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒီအဆင့်မှာ တိုင်းရင်းသားတွေ ဘက်ကလည်း လက်နက် မစုဆောင်းရေး နှစ်ဖက်စလုံး လက်ခံဖို့ ဖြစ်ပေမယ့် အစိုးရဘက်က နိုင်ငံတော်ကာကွယ်ရေး အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆွေးနွေးမှုမှာ မအောင်မြင် သေး ဘူးလို့ ဆိုပါတယ်။

ဒီလို နောက်ကြောင်းပြန်စေတဲ့ အချက်တွေ ဖြစ်လာတာဟာ ပြီးခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီ(UNFC) ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို မြောက်ပိုင်း ဖက်ဒရယ် တပ်မတော်၊ အလယ်ပိုင်း ဖက်ဒရယ် တပ်မတော်၊ တောင် ပိုင်း ဖက်ဒရယ် တပ်မတော် ဆိုပြီး ဖွဲ့စည်းဖို့၊ ဝ နဲ့ မိုင်းလားကို ဖိတ်ခေါ် ညှိနှိုင်းနေတာတွေ ရှိတဲ့အတွက် အစိုးရဘက်က တိုင်းရင်းသားတွေအပေါ် ယုံကြည်မှုနည်းစေခဲ့တယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့သူ တဦးက ပြောပါတယ်။

“ဆွေးနွေးနေတုန်း တိုက်ပွဲတွေ ဖြစ်ရင် တပ်မတော်ကို ဆဲကြတယ်။ အခုကျနော်တို့ ဖက်ဒရယ်တပ်မတော်ကိစ္စ စဉ်းစားနေချိန်မှာ အခုလို တပ်မတော်အသီးသီးလုပ်ဖို့ တိုက်တွန်းတာက သူတို့ဘက်က စစ်ကို လိုလားနေသလား၊ ခွဲထွက်ဖို့လား ဆိုတဲ့ အတွေးရောက်တယ်။ တပ်မတော်ပဲ မှားနေတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေလည်း မှားနေတာ ရှိတယ်။ ညီညီမျှမျှပြော စေချင်တယ်”လို့ တပ်မတော် ဘက်မှ အရာရှိတဦးကလည်း ပြောဆိုပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “မကြာသေးမီက ကြေညာချက်များထုတ်ပြန်ခဲ့သည့် UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်သည်ကို သတိထားရန် လိုကြောင်း”လို့ ပြော ဆိုတဲ့ အထိရှိလာခဲ့ပြီး ဆွေးနွေးပွဲ မတိုင်ခင် အစိုးရပိုင်းမှာ ပိုပြီးစိုးရိမ်မှုတွေ ဖြစ်နေသလို တိုင်းရင်းသားတွေ ဘက်ကလည်း ဒီ မိန့်ခွန်းကြောင့် တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

UNFC အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာကတော့“ဒါက မဆိုင်ပါဘူး။ ကျနော်တို့က ခွဲထွက်ဖို့ မရှိသလို စင်ပြိုင်ထောင်ဖို့လည်း စိတ် မကူးဘူး။ ဒါကို ကျနော်တို့ အနေနဲ့ ပြောရဲတယ်။ ခွဲထွက်ပြီး ရပ်တည်လို့လည်း မရဘူး။ ဒီတပ်တွေ ကိစ္စက ဖက်ဒရယ် တပ်မတော် ကိစ္စကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမှာပါ။ တပ်ပိုင်းဆိုင်ရာ ကိစ္စက တကယ်ကို ဆွေးနွေးရမှာပါ။ ဖက်ဒရယ်တပ် ဆိုတာကို ဆွေးနွေးဖို့ပဲ။ ကျနော်တို့ UNFC က ချမှတ်တာပါ။ နောက်ပိုင်းကျမှ ဆွေးနွေးဖို့ပါ။ အခုလုပ်မှာ မဟုတ်ပါဘူး”လို့ ပြောဆိုပါ တယ်။

ဒီအခန်းမှာ တပ်ပိုင်း ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကိုပါ ထည့်သွင်းထားပြီး ဒီအချက်ကို အစိုးရဘက်က အပစ် အခတ် ရပ်စဲရေး စာချုပ်ချုပ်ပြီးမှ ဆွေးနွေးဖို့ တင်ပြထားပါတယ်။

တိုင်းရင်းသားတွေ ဘက်ကတော့ အပစ်ရပ်စာချုပ်မှာ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်း ဆိုတာကို အနည်းငယ် ထည့်သွင်းပြီး စာချုပ် လက်မှတ်ထိုးပြီးမှ အသေးစိတ်ကို ဆက်ဆွေးနွေးဖို့ တင်ပြထားပါတယ်။ ဒါကို အစိုးရဘက်က ယာယီ လက်ခံ ထားတယ်လို့ သိရပါတယ်။

“စစ်သည်တော် ကျင့်ဝတ်ဆိုတာကို အကုန်လုံး အပစ်အခတ်ရပ်စဲပြီးမှ လုပ်မှာကိုတော့ တိုင်းရင်းသားတွေဘက်က မယုံကြည်နိုင် တာကြောင့် လက်ခံဖို့ ခက်တယ်။ ဒါက အဓိကပါပဲ။ နောက်ပိုင်းမှ ဆွေးနွေးဖို့က အဆင်မပြေခဲ့ရင် အန်ကယ်တို့ဘက်က လက်မှတ် ထိုးပြီးမှဆိုခက် မယ်။ ဒီတော့ ဒီအပိုင်းကို ဆွေးနွေးရမယ်။ မူလကတော့ ကာချုပ်က ဒီမှာတဝက် ဆွေးနွေးမယ်လို့ လက်ခံထား တယ် လို့ သူတို့ဘက်က ပြောတယ်။ အခုကျတော့ ပြန်ညှိ အဆင့် ဖြစ်သွားတယ်”လို့ NCCT အဖွဲ့ဝင် ခွန်ဥက္ကာက ပြော ဆိုပါတယ်။

အခန်း ၄ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်မယ့် နည်းလမ်းများ အခန်းမှာတော့ နှစ်ဖက်စလုံးက တင်ပြထားတဲ့ အချက် ၁၀ ချက် ပါဝင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာ ပူးတွဲကော်မတီ ဖွဲ့စည်းရေးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒီကော်မတီရဲ့ လုပ်ဆောင်ခွင့်က မြေပြင်အဆင့် ကော်မတီ၊ တပ်ပိုင်းဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ စတာတွေက တင်ပြလာ တာ တွေကို နှစ်ဖက်က အဆုံးအဖြတ် ပေးရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီကော်မတီမှာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေလည်း ပါဝင်မှာ ဖြစ်ပြီး အစိုးရပိုင်းကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် သမ္မတ အထိ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုတောင်း ဆိုမှုကို အစိုးရဘက်က စင်ပြိုင်ထောင်နိုင်တယ် ဆိုတဲ့ အမြင်ရှိနေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေဘက် က ဆိုပါတယ်။

NCCT ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က ဒီအချက်က အလွန်အရေးပါတဲ့အတွက် သဘောတူညီမှု ရတဲ့အထိ ဆွေးနွေးရမယ့် အချက် ဖြစ်ပါတယ်လို့ ဆိုထားပေမယ့် လက်တွေ့မှာ“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲကော်မတီ” ဖွဲ့တာကို ယာယီ သဘောတူခဲ့ကြပေမယ့် ဦးဆောင်ဆိုတဲ့ စကားထပ်ဖြည့်လိုက်လို့ အစိုးရနဲ့ စင်ပြိုင်ထူထောင်မယ့် သဘောကို မှတ်ယူထားတဲ့ အတွက် ခက်ခဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“သမ္မတက နာယကပဲ၊ စင်ပြိုင်သဘော မရှိဘူး။ ပူးတွဲ လုပ်ဆောင်မှုက သူတို့အမြင်က အဲဒီလို ဖြစ်နေတာမို့ ရှင်းပြနေရတယ်။ ဒါက သူတို့ စိုးရိမ်စိတ်ပဲ”လို့ ခွန်ဥက္ကာက ဆိုပါတယ်။

ဒီစိုးရိမ်မှုက UNFC ညီလာခံ အပြီးမှာ ပိုမိုခိုင်မာလာတာ ဖြစ်ပြီး မူလက အထက်ကို တင်ပြဖို့ အတွက် လျာထား ပေမယ့် အခုချိန်မှာ တော့ လက်ခံဖို့ တော်တော်ခက်နေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆိုပါတယ်။

အစိုးရ အနေနဲ့ စင်ပြိုင်လုပ်ခွင့် ပေးလိုက်ပါက တချိန်မှာ အာဏာခွဲဝေရေးနဲ့ တိုင်းပြည် ခွဲထွက်ဖို့ လုပ်ဆောင်မယ် ဆိုတဲ့ အမြင်တွေရှိနေတယ်လို့လည်း တိုင်းရင်းသားတွေက ပြောပါတယ်။

အစိုးရ တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်တဲ့သူ တဦးက “အစိုးရဘက်က ထောက်ပြတာက အခုလက်ရှိ မြဝတီ ပြဿနာတွေကော တိုင်းရင်း သား အကွဲအပြဲတွေကော ပေါ့။ ဒီလိုတွေ ဖြစ်နေရင် သူတို့ လက်မှတ်ထိုးပြီးမှ ဖြစ်လာရင် သူတို့ မထိန်းနိုင်မှာ စိုးနေတာပဲ။ သာဓက တွေလည်း ခေတ်အဆက်ဆက် ဖြစ်ခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း ပစ်နေတာတွေ နောက် ဖက်ဒရယ်တပ် လုပ်ဖို့ကို ဝတို့ မိုင်းလား တို့ကို စည်းရုံးနေတာတွေ ရှိတော့ ဆွေးနွေးနေစဉ်မှာ ဒီလို စည်းရုံးတာက ဘာလို့လဲ၊ အမြင်ကို သူတို့ပိုမြင်တယ်”လို့ ပြော ဆို ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ အခန်းမှာတော့ နှစ်ဖက်စလုံးက တင်ပြထားတဲ့အချက် ၁၅ ချက်ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့်လူဦးရေနဲ့ ပါဝင်တဲ့ အဖွဲ့ အစည်းအချိုးလည်း ပါဝင် ပါတယ်။ အဲဒီ အခန်း ၅ မှာ အစိုးရဘက်က အစိုးရ၊ တပ် မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက် သူများ လို့ အစုအဖွဲ့ ၇ ဖွဲ့ တင်ပြပါတယ်။

တိုင်းရင်းသားတွေဘက်ကလည်း အစိုးရကိုယ်စားလှယ်၊ လွှတ်တော်၊ တပ်မတော် ဆိုတဲ့ အစိုးရပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ ဒီမိုကရေစီ အင်အားစုများနဲ့ နိုင်ငံရေး ပါတီဆိုပြီး အစုအဖွဲ့ ၃ ဖွဲ့ တင်ပြရာမှာ နောက်ဆုံးမှာတော့ အစိုးရဘက်က အစိုးရ ကိုယ်စား လှယ်၊ လွှတ်တော်၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင် သင့် ပါဝင်ထိုက်သူများ စတဲ့ ၅ ပွင့်ဆိုင်ကို လျှော့ပေးလိုက်တယ်လို့ သိရပါတယ်။

“ဒါကို ကျနော်တို့ ဆွေးနွေးရဦးမယ်။ သူတို့ ပြောတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတာ ဘယ်သူလဲ။ နောက် ပါဝင်သင့် ပါဝင် ထိုက် သူ က ဘာလဲ ဘယ်လို ပါမလဲ။ ဒါတွေ မသိရတော့ ကျနော်တို့ စဉ်းစားရမယ့်အချက်ပါပဲ”လို့ NCCT မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောပါတယ်။

အခန်း ၆ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်များမှာတော့ နှစ်ဖက် တင်ပြတဲ့ အချက် ၁၀ ချက်ကျော်ပါဝင်ပြီး ဒီအခန်းကို ကြား ကာလ အစီစဉ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှု မပြီးခင် ကြားကာလ အစီစဉ်တွေမှာ အာဏာခွဲဝေမှု မပါတဲ့ လူမှုစီးပွား ရေး ဆိုင်ရာ ခွဲဝေမှုကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ကြားကာလ အစီစဉ်မှာ မည်မျှကြာရှည်မည်ကို သိရှိနိုင်ခြင်း မရှိသေး တဲ့ အတွက် အချိန် အတိုင်းအတာတခုကို သတ်မှတ် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်းနဲ့ ဒီ အစီအစဉ်မှာ ပြည်သူတွေ ပါဝင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ဖို့ လိုကြောင်း NCCT အဖွဲ့ဝင် ဖဒိုကွယ်ထူးဝင်းကလည်း ပြောဆိုပါတယ်။

“ကျနော်တို့ ပြည်သူလူထု အတွက် နိုင်ငံရေးတင် မကဘူး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးပိုင်းတွေပါ ရှိတယ်။ ဘက်ပေါင်း စုံလုပ်ရမှာ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေကို တိုင်းရင်းသားတွေက တတ်နိုင်သရွေ့ လုပ်ခဲ့တာရှိတယ်။ ဒါတွေကို ကြားကာလမှာ ကျနော်တို့ လုပ်ပိုင်ခွင့် ဆက်ထားချင်တယ်။ ဘာလို့လဲဆို ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် စစ်ပွဲ ဖြစ်တာမျိုး မလိုချင်သလို နောက်တချက်ကတော့ ကျနော်တို့ ရပ်တည်ခွင့် မပျောက်ဖို့ပါ။ ဒီမှာ ဘယ်လို အချက်တွေ အခွန် လုပ်ငန်း ကိစ္စတွေ ပါတယ် ဆိုပေမယ့် ဒါက ပြည်သူတွေ အတွက် ဘယ်လောက် အကျိုးရမလဲ ဆိုတာကို ကျနော်တို့က လုပ်ဆောင်တာပါ”လို့ သူက ဆို ပါတယ်။

ဒီအချက်က အစိုးရဘက်က ကျေလည်မှု မရှိသေးပါဘူး။ သယံဇာတနဲ့ လူမှုဘဝတွေကို တိုက်ရိုက် ထိခိုက်တာတွေ ရှိလာမှာကို မလိုလားတဲ့ အတွက် တောင်းဆိုထားတာဖြစ်တယ်လို့ တိုင်းရင်းသားတွေက ဆိုပေမယ့် အစိုးရဘက်က ဒါကို အာဏာခွဲဝေတယ် လို့ မြင်နေတယ် လို့ တိုင်းရင်းသားတွေက ပြောဆိုပါတယ်။ အစိုးရဆီက အာဏာခွဲဝေတာ မဟုတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် သာ လုပ်ဆောင်တာဖြစ်တယ်လို့ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ဆိုပါတယ်။

အထွေထွေအခန်း ဖြစ်တဲ့ အခန်း ၇ မှာတော့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို တရားဝင်လုပ်ဆောင်ရေးနဲ့ အခန်း ၅ ပါ အချက် တွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်တဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီအခန်းက အခန်း ၅ အဆက်ဖြစ်ပြီး ဒီအခန်းမှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ အချက်တွေ၊ ဆွေးနွေးရမယ့် အချက်တွေ၊ တရားဝင် ဖြစ်စေရေး ကိစ္စတွေ ပါဝင်ပြီး နှစ်ဖက် တင်ပြ ထား တဲ့ အချက် ၁၀ ချက် နီးပါး ပါဝင်ပါတယ်။

ဒီအခန်းမှာ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ထိုးမယ့် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အချက် ပါဝင် ပါတယ်။ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမယ့် တိုင်းရင်းသား အဖွဲ့စာရင်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား ညှိနှိုင်းမှုက လက်ရှိ အချိန်အထိ အဖြေ မရသေးပါဘူး။

လက်ရှိမှာ အစိုးရဘက်က လက်မှတ်ထိုးနိုင်မယ့် အရေအတွက်ကို ၁၆ ဖွဲ့လို့သာ လက်ခံထားပြီး တိုင်းရင်းသားတွေ ဘက်ကတော့ လက်မှတ်ထိုးရမယ့်အဖွဲ့ အရေအတွက် ၂၀ ကျော် ရှိနေတာကြောင့် ညှိရခက်နေဆဲ လို့ သိရပါတယ်။

“တိုင်းရင်းသားတွေ လက်မှတ်ထိုးမယ် ဆိုရင် ပါဝင်မယ့်အဖွဲ့အစည်းတွေ ဘယ်လိုလဲ ဆိုတာ သတ်မှတ်တာတွေ ပါတယ်။ ဒါပေမယ့် အခြေခံရမယ့် လက်မှတ်ထိုးသင့်တဲ့ အဖွဲ့အစည်းက ဘယ်လို အဖွဲ့အစည်း ဆိုတဲ့ စံနှုန်းတော့ ထားတယ်။ စံတွေဆိုတာ တကယ့် အစိုးရနဲ့ လက်မှတ် ရေးထိုးထားပြီးသား အဖွဲ့အစည်း ဖြစ်ရမယ်။ ဒါမှမဟုတ် နောက်ပြီးတော့ တကယ် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ဖြစ်တဲ့ အစိုးရကို နိုင်ငံရေး အရ တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ နိုင်ငံခြားတွေကို တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း မဖြစ်ရဘူးတို့ ။ အချို့အဖွဲ့အစည်းတွေက မြန်မာပြည် အခြေချတယ်။ အခြားနိုင်ငံနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့ အပေါ်မှာ ဒါတွေ ကျတော့ ကျနော်တို့ အနေနဲ့ လက်မှတ်ထိုးတဲ့ အထဲမှာ မပါသင့်ဘူး ပေါ့။ အဲဒီလိုတွေ ဆုံးဖြတ်ညှိနှိုင်းသတ်မှတ်မယ် လျားထားတယ်” လို့ ဖဒိုကွယ်ထူးဝင်းက ဆိုပါတယ်။

ခွန်ဥက္ကာကလည်း“အစိုးရဘက်က WNO (ဝ အမျိုးသား အစည်းအရုံး)၊ LDU (လားဟူ ဒီမိုကရက်တစ် အစည်းအရုံး)၊ နောက် ANC ရခိုင် အမျိုးသား ညီညွှတ်ရေး ပါတီ၊ MNDAA မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(ကိုးကန့်)၊ ZRO (ဇိုမီး) ပြန်လည် ပေါင်းစည်းရေး အစည်းအရုံး တို့ကို လက်မခံဘူး။ ဒီတော့ ဒီတိုင်းရင်းသားတွေ ပါအောင် လုပ်ထားတယ်။ သူတို့ ဘယ်လိုပါမလဲ ဆို တာကို ကြည့်ရမယ်။ ပါအောင်တော့ လုပ်မယ်။ ဒါမှ စစ်တွေ မဖြစ်မှာ”လို့ ပြောဆိုပါတယ်။

အပစ်အခတ် ရပ်စဲမယ့် တိုင်းရင်းသား အဖွဲ့တွေရဲ့ စံနှုန်း သတ်မှတ်ရေး အတွက် တိကျစွာညှိနှိုင်းလို့ မရသေးသလို နှစ်ဖက်စလုံးက ထုတ်ပြောတာ မရှိသေးပါဘူး။

အစိုးရဘက်က စာရင်းမပေါက်ထားတဲ့အဖွဲ့တွေအတွက် တပ်ပေါင်းစု တခုအနေနဲ့ UNFC ကနေ လက်မှတ်ထိုးဖို့ တင်ပြထားတယ်လို့ ခွန်ဥက္ကာက ဆိုပါတယ်။ ဒါပေမယ့် UNFC ကို အစိုးရဘက်က လက်မခံတာက တကြောင်း၊ လက်နက်ကိုင် အဖွဲ့လို့ လက်ခံလိုက်ပါက နယ်မြေ သတ်မှတ်မှုတွေလည်း ပါနိုင်တာကြောင့် တကြောင်း ဒီကိစ္စကို အစိုးရက လက်ခံဖို့ ခက်ခဲပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် ဆိုပြီး ခွဲထွက်ပြီး လက်မှတ်ထိုးတယ်။ ကရင်ဆို ၃ ခု – ၄ ခု၊ ဝ အဖွဲ့၊ ကိုးကန့်အဖွဲ့တွေလည်း ရှိနေ တယ်။ ဒီ လူတွေကို ဘယ်လို နေရာပေးမလဲ။ ဒါဆို အစိတ်စိတ်အမွှာမွှာ ဖြစ်မယ်၊ နောက်ပိုင်း ပြည်နယ်တိုင်း သတ်မှတ်မှုတွေ ခက် လာမယ်။ ဒီလို ပြဿနာတွေ ရှိနေတယ်။ အခုထိသူတို့ ဘက်ကလည်း ဘယ်လို လက်မှတ်ထိုးမလဲ ဆိုတာ မပြောနိုင်ဘူး”လို့ အစိုးရ ဘက်က တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

တိုင်းရင်းသားတွေဘက်ကလည်း အခုချိန်ထိ စည်းလုံးမှုတခုကိုခိုင်မာအောင် မချပြနိုင်သေးပါဘူး။

တိုင်းရင်းသားတိုင်း ပါဝင်ဖို့လုပ်ဆောင် နေတယ်ဆိုပေမယ့် အခုချိန်ထိ ဝ၊ မိုင်းလားနဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့က တိုင်းရင်းသားတွေဦးဆောင်နေတဲ့ NCCT အဖွဲ့မှာ ပါဝင်ခြင်းမရှိသလို ဒီအဖွဲ့တွေ ဘယ်လိုပါဝင်မလဲ ဆိုတာကိုကလည်း အခုချိန်ထိ မရေရာသေးပါဘူး။

လက်ရှိ ကရင်၊ ရှမ်း နဲ့ ကချင်ဒေသတွေမှာ စစ်ရေးအရှိန်မြင့်နေတာကလည်း အပစ်အခတ်ရပ်စဲရေးမှာ နှစ်ဖက်စိုးရိမ်မှုတွေပိုများ လျက်ရှိပြီး တိုင်းရင်းသားတွေဘက်က အစိုးရနဲ့ဆွေးနွေးမှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆိုပါတယ်။

သမ္မတ ဦးသိန်စိန်ကလည်း ရေဒီယိုမိန့်ခွန်းမှာ ၂၀၁၅ အထိ အပစ်အခတ်ရပ်စဲမှု မရှိခဲ့ရင် အပစ်အခတ်ရပ်စဲရေးက အောင်မြင်မှာမဟုတ်ဘူး လို့ ဆိုထားပါတယ်။

ဒီအချိန်ထိ ဆွေးနွေးမှုမပြေလည်သေးတာက တဖက်နဲ့တဖက် စိုးရိမ်မှုတွေများနေတာကြောင့်ပါဝင် သလို နှစ်ဖက် မရေရာမှုတွေသာ များနေတာကြောင့်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီအခြေအနေတွေကို ကျော်လွန်နိုင်မှသာ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်နိုင်မှာ ဖြစ်ပြီး အခုချိန်အထိကတော့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်ချုပ် ဆိုဖို့က ခက်ခဲနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။    ။

Loading