ကချင်ပြည်နယ် ခါကာဘိုရာဇီ တောင်တက် မြန်မာ အမျိုးသား ၂ဦးပျောက်ဆုံးမှုကို လိုက်လံကူညီ ရှာဖွေသည့် ထိုင်း ရဟတ်ယာဉ် ပေါ် လိုက်ပါသွားသော မြန်မာ လေယာဉ်မှူး ဦးအောင်မြတ်တိုး ယနေ့ ကွန်လွန်သွားကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် ကယ်ဆယ်ရေး B4 ရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူ တဦးဖြစ် သည့် ဦးအောင်မြတ်တိုးသည် တောထဲ ရှိ ဂူတခုတွင် သေဆုံးသွားကြောင်း ထူး ဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကို က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ သူရှိတဲ့နေရာရောက်သွားတဲ့အချိန်မှာ သူကွန်လွန်နေပါပြီ။ သူရဲ့ ရုပ်ကလပ်ကို ရန်ကုန်သယ် လာ ဖို့ကလည်း သူရဲ့ဇနီး ၊ သူ့မိသားစုတွေ ဘယ်လိုဖြစ်ချင်လဲဆိုတာ မေးပြီးတော့ လုပ်ဆောင်သွားမှာပါ။ ထိုင်း လေယာဉ်မှူးကတော့ လက်ရှိ ရန်ကုန် ဝိတိုရီယ ဆေးရုံမှာပါ”ဟု ဦးဖြိုးကိုကိုက ဆိုသည်။
ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ကျွမ်းကျင် တောင်တက် သမားတဦး ဖြစ်သူ ဦးရွှေရင်တော်ကြီး ကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။
ထိုင်းရဟတ်ယာဉ်မှူး Mr. Chatchawal အား ယမန်နေ့က တွေ့ရှိပြီး ညနေ ၅ နာရီခန့်တွင် တပ်မတော် ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ဖြင့် လန်ဆာထုရွာမှ ပူတာအိုသို့ အောင်မြင်စွာခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ ည ၁၁နာရီကျော် ရန်ကုန်သို့ ရောက်ရှိလာပြီး ဝိတိုရီယ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ထိုင်း ရဟတ်ယာဉ်မှူး၏ လက်ရှိ ကျန်းမာရေးအခြေအနေသည် တိုးတက် လာပြီဖြစ်ကြောင်းလည်း ဦးဖြိုးကိုကိုက ထပ်မံ ပြောဆိုသည်။
“မြန်မာ ရဟတ်ယာဉ်မှူး တဦး သေဆုံးသွားတဲ့အတွက်လည်း ကျနော်တို့ အနေနဲ့ အရမ်းဝမ်းနည်းပါတယ်။ ကျန်တောင်တက် သမား နှစ်ဦးကိုလည်း တရုတ် တောင်တက်သမားအဖွဲ့နဲ့ ဂျပန် တောင်တက်သမား အဖွဲ့တွေက ပူးပေါင်း ရှာဖွေနေပါတယ်။ အမေရိကန် အဖွဲ့တွေကတော့ ပြန်သွားကြပါပြီ”ဟုလည်း ၎င်းက ပြောသည်။
ခါကာဘိုရာဇီတောင်တွင် သြဂုတ်လ ၃၁ ရက်မှ စတင်ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား အမျိုးသား ၂ ဦးကို ရှာဖွေရန် အတွက် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်တစီးတွင် မြန်မာလေယာဉ်မှူး တဦး၊ ထိုင်းလေယာဉ်းမှူး တဦးနှင့် ကျွမ်း ကျင် တောင်တက်သမား ဦးရွှေရင်တော်ကြီး သည် စက်တင်ဘာ ၂၇ ရက် တွင် ပူတာအို မှ ရှာဖွေရေး အခြေစိုက် တဟွန် ဒမ်း သို့ ရိက္ခာပို့ရန် သွားနေစဉ် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရသည်။
တောက်တက်သမား ၂ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ရာသီဥတုအခြေအနေကြောင့် ပျောက်ဆုံကာ လက်ရှိအချိန်ထိ ရှာဖွေနေကြကြောင်း သိရသည်။
ခါကာကာဘိုရာဇီတောင်ကို မြန်မာ အမျိုးသား ၈ ဦး တက်ရောက်ခဲ့ပြီး တောင်ထိပ်ကို ၂ဦးသာရောက်ခဲ့ကြောင်း၊ ကျန် ၆ ဦးသည် Base Team တွင် ကျန်ခဲ့ကြောင်း၊ Base Team တွင် ကျန်ခံသော ၆ ဦးသည် ရန်ကုန်သို့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။