ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၂ ဦးအား တရားစွဲဆိုရန် အတွက် လုံလောက်သော အချက်အလက် မပြည့်စုံသဖြင့် ပြန်လည် ပြင်ဆင်တင်ပြရန် ဆူရပ်ဌာနီခရိုင် တရားစွဲဆိုရေး ဥပဒေ ကော်မရှင် က ညွှန်ကြားလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က တရားရုံး၌ စွဲချက်တင်ရန် စာမျက်နှာ ၈၅၀ ဝန်းကျင်ရှိသော စုံစမ်းစစ်ဆေး မှု အထောက်အထားများဖြင့် တင်ပြမှုသည် ပြည့်စုံခြင်းမရှိသဖြင့် တရားစွဲဆိုရေး ကော်မရှင်က အထောက်အထား ပိုမိုပြည့်စုံမှသာ ပြန်လည်တင်ပြရန် အကြောင်းပြန်ကြားခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းတပုဒ်၌ ယနေ့ ဖော်ပြထား သည်။
လိပ်ကျွန်းတွင် သတ်ဖြတ်ခံရပြီး သေဆုံးသွားသည့် ဗြိတိန်နိုင်ငံသား ၂ ဦးအပေါ် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသည့် မြန်မာ နိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားခံအဖြစ် ဖမ်းဆီးထားပြီး တရားစွဲဆိုရန် တင်ပြခြင်း ဖြစ်သည်။
ထိုမြန်မာ ၂ ဦးနှင့် တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ မစ္စတာ Parinya Sirisarakarn က မူခင်း အထောက်အထားဆိုင်ရာ သတင်း အချက်အလက်သစ်ကို ယမန်နေ့က ပေးပို့ခဲ့သည်ဟု The Nation က ဆိုသည်။
သေဆုံးသွားသည့် ဗြိတိန် အမျိုးသမီး မစ္စ ဟန်နာ ဝသ်သာရစ်ချ်အား အဆိုပါ မြန်မာလူငယ် ၂ ဦးက လိင်ပိုင်းဆိုင်ရာ ကျူးလွန် စဉ်က ကွန်ဒုံများကို အသုံးမပြုခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုထားသော်လည်း ရဲ၏ ကနဦး ဖော်ပြချက်တွင် ကွန်ဒုံ အပြင်ပိုင်း ၌ ၎င်းတို့၏ DNA ပါသည့် သုက်ရည်အား တွေ့ရှိခဲ့သည် ဆိုသည့်အချက်သည် ကွဲလွဲနေကြောင်း မစ္စတာ Parinya Sirisarakarn က ဆက်ပြောထားသည်ကို The Nation သတင်းတွင် ဖော်ပြထားသည်။
“ဒါပေမယ့် သံသယ ဖြစ်ခံရသူ ၂ ဦးလုံးက ဒီရာဇဝတ်မှုကို သူတို့ ကျူးလွန်ခဲ့တယ်လို့တော့ သူတို့က ပြောတယ်”ဟု ထိုင်း လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တဦးက ဆိုသည်။
မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးအား တွေ့ဆုံခွင့်ရခဲ့သည့် မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါ သွားခဲ့သူ ရှေ့နေ ဦးအောင်မျိုးသန့်က ဖမ်းဆီးခံထားရသူ ၂ ဦးသည် ပုံမှန် အခြေအနေ မဟုတ်ကြောင်း၊ အမှုဖြစ်စဉ် ကွဲလွဲချက်များကို ထောက်ပြ မေးမြန်းသည့်အခါ ၎င်းတို့နှင့် မပတ်သက်ဟု ဖြေကြားခဲ့ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
“ကွဲလွဲချက်လေးတွေ ကျနော်တို့ သိထားတဲ့ ဟာနဲ့ ထောက်ပြတဲ့ အခါကြတော့ ဟာ … ဒါတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒါကို ကျနော်တို့ကို ဥပဒေအရ ကာကွယ်ပေးပါ လို့ ပြောလာပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။
ထိုင်းရဲက ထိန်းသိမ်းထားသည့် အခြား မြန်မာနိုင်ငံသား တဦးဖြစ်သူ မောင်မောင် ခေါ် သန်းဆွေကိုလည်း တရားလိုပြ သက် သေ ဖြစ်၍ ထိုင်းရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိကြောင်း သိရသည်။ မြန်မာ သံရုံး အထူးကိုယ်စားလှယ်အဖွဲ့သည် ယမန် နေ့က မောင်မောင်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။
မောင်မောင်အား တွေ့ဆုံခွင့် ရပြီးနောက် ရှေ့နေ ဦးအောင်မျိုးသန့်က မြန်မာလူငယ် ၂ ဦးမှာ ပြစ်မှုကျူးလွန်သည်ဟု ကောက်ချက် ချ၍ မရနိုင်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
လိပ်ကျွန်း လူသတ်မှု ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ မှုခင်းသိပ္ပံ ဗဟိုဌာန (Central Institute of Forensic Science ) ညွှန်ကြားရေးမှူးချုပ် မစ္စ Khunying Porntip Rojanasunan က ထိုင်းရဲတပ်ဖွဲ့သည် ထိုင်း မှုခင်းရဲ၊ မှုခင်း ဆရာဝန်၊ သက်သေ လိုက်လံ သိမ်းဆည်းသူ ၃ ဖွဲ့ပေါင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း၊ သေဆုံးသူများ၏ အလောင်းကို စစ်ဆေး ရာ တွင် မူခင်းဆရာဝန် မပါဝင်ခဲ့ကြောင်း၊ မျိုးရိုးဗီဇ(DNA) စစ်ဆေးမှုသည်လည်း သတ်မှတ်ထားသည့် စည်းကမ်းနှင့် စစ်ဆေးမှုမျိုး မဟုတ်ကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ သတင်းအေဂျင်စီကို ပြောဆိုထားသည်။
“စုံစမ်းစစ်ဆေးမှု အားနည်းချက်က ဒီအမှုမှာ မူခင်းဆရာဝန် တဦး လိုအပ်တယ် ဆိုတာ ရဲတပ်ဖွဲ့က နားမလည်ဘူး”ဟု မစ္စ Khunying Porntip Rojanasunan က ဆိုသည်။
လိပ်ကျွန်း လူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ အလုပ်သမားများအား လူသတ်တရားခံ အဖြစ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား မှု အပေါ် ထိုင်းနှင့် မြန်မာ လူမှုအသိုင်းအဝိုင်းများ အပါအဝင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက လက်ခံယုံကြည်မှု နည်း နေသည်ကိုလည်း တွေ့ရသည်။
ထိုအမှုအခင်းနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနှင့် နေပြည်တော် တွင် ယနေ့ တွေ့ဆုံသည့်အခါ ဆွေးနွေးမှုများအတွင်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဧရာဝတီသို့ ပြောဆိုထားသည်။