Ethnic Issues

သမ္မတရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရှမ်း ခေါင်းဆောင် နှစ်ဦး ဝေဖန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ် အစိုးရ စစ်တပ်က ထိုးစစ်တွေဆင် တိုက် ခိုက်မှုတွေ ပြုလုပ်နေတဲ့ အတွက် သမ္မတရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရှမ်းခေါင်းဆောင်နှစ်ဦးက ဝေဖန်ပြောဆို လိုက်ကြပါတယ်။

အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းနေကြချိန်မှာပဲ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အပေါ် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ဒီလိုစစ်ရေးလှုပ်ရှားမှုတွေ မလုပ်သင့်ဘူး။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ မဖြေရှင်းချင်ဘူးလား။ စစ်ရေးနဲ့ပဲ ဖြေရှင်းချင်တာလားဆိုတဲ့ မေးခွန်းက တော်တော်ကြီးကြီးမားမား ဖြစ်လာနေတယ်”လို့ SSPP/SSA အဖွဲ့ရဲ့ နာယက ဗိုလ်ချုပ် ဆေထင် က ဧရာဝတီကို ပြောပါတယ်။

SSPP/SSA က ဗိုလ်ချုပ် ဆေထင်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တို့ဟာ SSPP/SSA နဲ့ အစိုးရ စစ်တပ်တို့ အကြားမှာ အောက်တိုဘာ လဆန်းပိုင်းက စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လူထုရှင်းလင်းပွဲ တခု ကို အခုလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ SSPP/SSA ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတဲ့ အရပ်သား တွေအတွက် ဝပ်ကူတောဝ် ဘုန်းကြီးကျောင်းမှာ ဆုတောင်းမှုမေတ္တာပို့သပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲအပြီးမှာ ဧရာဝတီက မေးမြန်းမှုကို  ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဦးခွန်ထွန်းဦး ကလည်း“အမှန်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးစကား ပြောနေတဲ့အချိန်မှာ ဒီတိုက်ပွဲက မရှိသင့်တော့ဘူးလေ။ ရှင်းရှင်း ပြော ရ လို့ ရှိရင်တော့ ဒါဟာ တိုက်တဲ့လူရဲ့ တာဝန်ပဲ။ ငြိမ်းချမ်းရေးလည်း ပြောတယ်။ တိုက်လည်းတိုက်တယ်ဆိုတာ ကမ္ဘာပေါ်မှာ ဒီငြိမ်းချမ်းရေးမျိုးရှိလည်း မရှိခဲ့ဘူး။ ဒီလိုလုပ်တဲ့ ငြိမ်းချမ်းရေးမျိုးက တည်မြဲမယ် မထင်ဘူး”လို့ သူကလည်း သတင်းထောက် တွေကို ပြောပါတယ်။

အခုလ ၁ ရက်နေ့က သမ္မတ လစဉ်မိန့်ခွန်းပြောကြားရာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရေရာသေချာမှာ ဖြစ်တယ် လို့ သမ္မတ ဦးသိန်းစိန်က သတိပေး ပြောဆိုလိုက်ပါတယ်။

သမ္မတ မိန့်ခွန့်အပြီးနောက်တနေ့က ရှမ်းပြည်နယ်တောင်ပိုင်းက SSPP/SSA ဗဟိုဌာနချုပ် တည်ရှိရာ ကျေးသီးမြို့နယ်ထဲမှာ အင်အား ထောင်ချီတဲ့ အစိုးရတပ်တွေနဲ့ ရှမ်းတပ်ဖွဲ့တွေအကြား ၄ ရက်အကြာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ အစိုးရစစ်တပ်က ၁၂၀ မမ အဝေးပစ် အမြောက်ကြီးတွေနဲ့ SSPP/SSA ဗဟိုဌာနချုပ် တခါးဝကို ရာနဲ့ချီ ပစ်ခတ် ခဲ့ကြောင်း ဒီလိုပစ်ခတ်တဲ့ လက်နက်ကြီးတချို့ဟာ ကျေးရွာတွေအတွင်း ကျမှန်ပြီး အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး နွား ၆ ကောင် သေဆုံးကြောင်း စစ်မြေပြင်သတင်းတွေကို ကိုးကားပြီး SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဧရာဝတီကို ပြောပါတယ်။

နှစ်ဖက်တပ်တွေအကြား ၄ ရက်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ အစိုးရ စစ်တပ်ဘက်က အရာရှိ တဦးအပါအဝင် ၃၀ ကျော်ကျဆုံးပြီး SSPP/SSA ဘက်မှာလည်း ကျဆုံး၊ ဒဏ်ရာရရှိမှုတွေ ရှိကြောင်းလည်း ပြောပါတယ်။

ဗိုလ်ချုပ် ဆေထင် က“နောက်ဆုံး အခြေအနေကတော့ဗျာ (အစိုးရစစ်တပ်နဲ့) ကျနော်တို့ ပြောကြ ဆိုကြတာကတော့ ရှိတာပေါ့။ ဒါပေမယ်လို့ ကျနော်တို့ကို ချေမှုန်းဖို့ ဆိုတဲ့ စစ်ရေးရည်မှန်းချက်ကတော့ မပျောက်သေးဘူးနဲ့ တူတယ်။ အဲဒီရည်မှန်းချက် ဆက်ရှိနေ ပုံရတယ်”လို့ သူ့အမြင်ကို ပြောဆိုပါတယ်။

အစိုးရ စစ်တပ် အနေနဲ့ SSPP/SSA အပေါ် လက်နက် အင်အား၊ လူအင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှု အပါအဝင် တခြား အပစ်ရပ်ပြီးသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ အပေါ် ငြိမ်းချမ်းရေးကို ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် တိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချကြောင်း SSPP/SSA ရဲ့ မဟာမိတ်ဖြစ်တဲ့ “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) နဲ့ မိုင်းလားအဖွဲ့တို့က အခုလ ၅ ရက်နေ့က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ ရန်လိုမှုများကို ရပ်ဆိုင်းပြီး သိမ်းထားတဲ့ တပ်စခန်းတွေကို ပြန်ပေးဖို့နဲ့ ငြိမ်းချမ်း ရေး ကို အလေးထားပြီး အဆိုပါအခြေအနေများ ထပ်မံမဖြစ်ပွားရေး ပြတ်ပြတ်သားသား တားဆီးဆောင်ရွက်ဖို့ တိုက်တွန်း ထားတာ ကို တွေ့ရှိရပါတယ်။

အလားတူပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ဆင်ကျော့ဌာနေ ပြည်သူ့စစ်အဖွဲ့ ဒုဥက္ကဋ္ဌ စဝ်ကိုင်ဖ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဦးဟန်ယောင်ဝေတို့ ကလည်း SSPP/SSA အပေါ် အစိုးရ စစ်တပ်အနေနဲ့ ထိုးစစ်တွေရပ်တန့်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို အခုလ ၃ ရက်နေ့က စာပို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။

“ဒီပြဿနာတွေကို သူတို့(အစိုးရ) နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင် NCCT(တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေး အဖွဲ့)နဲ့ UPWC တို့ ဆွေးနွေးနေတယ်ဗျာ။ ဒီလို စစ်ရေး လှုပ်ရှားမှုတွေ မလုပ်သင့်ဘူးလို့ ကျနော်တို့ ထင်တယ်လေ။ သူတို့ရဲ့ လက်တွေ့ဖော်ပြမှုတွေအရ နောက်ကြောင်း ပြန်နေတယ် လို့ပဲ ပြောမယ်ဗျာ”လို့ ဗိုလ်ချုပ် ဆေထင် က ပြောပါတယ်။

SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့(UPWC)တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲ ရေး သဘောတူညီမှု ရရှိထားပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက် အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အသေအပျောက်၊ ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။

အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ် တောက်နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပြီးနောက် SSPP/SSA ရဲ့ ဝမ့်ဟိုင်း ဌာနချုပ် တည်ရှိရာ တဝိုက်က အရေးပါတဲ့ တပ်စခန်းတချို့ပါ လက်လွှတ် ပေးခဲ့ရတယ်လို့ SSPP/SSA က ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading