ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်မည်ဆိုပါက အများဆုံး ဖြစ်ပွားနေသည့် မြေယာသိမ်းဆည်းမှု ပြဿနာများကို ဦးစွာ ဖြေရှင်းမှုပြုရန် DDA က တောင်းဆိုလိုက်သည်။
စီးပွားရေး ဖွံဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာသော ထိုင်းဝန်ကြီးချူပ် သစ်၏ ခရီးစဉ်တွင် ထားဝယ် ပြည်သူများကိုယ်စား ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့(DDA) က အဆိုပါ စီမံကိန်းအား နိုင်ငံတကာ လုပ်ထုံး လုပ်နည်းနှင့် အညီ ဖြေရှင်းဆောင်ရွက်မှု ပြုရန် သက်ဆိုင်ရာ အစိုးရများထံ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“စီမံကိန်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့ မြေဧက ၅ သောင်းကျော်မှာ ဖယ်ရှားခံရမယ့် ရွာတွေလည်း အများကြီး ပါတယ်။ နောက်ပြီး ရှေ့ကဆောင်ရွက်သွားတဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ Italian-Thai Development (ITD) က မြေယာ သိမ်း ယူမှု အတွက် လျော်ကြေးပေးတဲ့ အခါမှာ ညီမျှမှု မရှိသလို ပွင့်လင်းမှုလည်း မရှိဘူး။ အဲဒီအခြေအနေကြောင့် မြေယာ ပြဿနာတွေ အများကြီး ဖြစ်နေရတယ်။ အဲဒါတွေကိုလည်း သေသေချာချာ ဖြေရှင်းပေးစေချင်တယ်”ဟု DDA အဖွဲ့ဝင် ဦးသန့်ဇင်က ပြောသည်။
ယနေ့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ပရာယုဒ် ချန်အိုချာ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ရန် မြန်မာ အစိုးရ အဖွဲ့ဝင်များနှင့် အသေးစိတ် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းဆွေးနွေးမှုတွင် ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်ရာ၌ ဒေသတွင်း ပြဿနာများကို အမြန်ဆုံး ဖြေရှင်း ထည့် သွင်း ဆွေးနွေးစေရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟုလည်း ဦးသန့်ဇင်က ဆက်ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအား ဆက်လက် အကောင်အထည် ဖော်ပါက ယနေ့ ရက်စွဲဖြင့် တောင်း ဆိုထားသည့် အချက် ၈ ချက်ကို ဦးစွာ အကောင်အထည် ဖော်ပေးစေလိုကြောင်း DDA အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။
တောင်းဆိုချက် ၈ ချက်တွင် စီမံကိန်း အကောင်အထည် ဖော်စဉ် သုံးနှစ်အတွင်း ဖြစ်ပွားခဲ့သော ပြဿနာ အားလုံးကို စီမံကိန်း မစ တင်မီ ဦးစွာ ဖြေရှင်းပေးရန်၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက် ရန် စသည့် အချက်များကို ထည့်သွင်း တောင်းဆိုထားသည်ကို တွေ့ရသည်။
ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ၂၀၀၈ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် Italian-Thai Development (ITD) ကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီးနောက် ယင်းကုမ္ပဏီ သည် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်သာ လုပ်ဆောင်ခဲ့ပြီးနောက် စီမံကိန်းကို ရပ်နားထားခဲ့သည်။
ရပ်နားထားခဲ့သည့် ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း လုပ်ကိုင်မည့် စီမံကိန်း အဖြစ်သို့ ပြောင်းလဲ အကောင်အထည်ဖော်ရန် သဘောတူခဲ့ ကြသည်။
ထိုစီမံကိန်းတွင် စက်မှုဇုန်များ၊ ဆိပ်ကမ်း၊ အဝေးပြေးလမ်း၊ ရေကာတာ၊ ပြောင်းရွှေ့ နေရာချထားမည့် ဧရိယာများ ပါဝင်သောကြောင့် ကျေးရွာပေါင်း ၂၀ မှ ၃၆ ရွာခန့် ထိခိုက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည် ခရီးစဉ်သည် ယနေ့စတင်ရောက်ရှိကာ နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး ဒေသတွင်း ကိစ္စရပ်များနှင့် စီးပွားရေး လူမှုရေး ကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မှ ကျိုင်းတုံ၊ တနင်္သာရီတိုင်းမှ မြိတ်၊ ကော့သောင်း စသည့် မြို့သုံးမြို့နှင့် ထိုင်းနိုင်ငံမှ ချင်းမိုင်၊ ပရာကျွတ်၊ ရနောင်း မြို့များကို ညီအစ်မမြို့များ အဖြစ် သတ်မှတ်ကာ စီးပွားရေး ဖွံဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လက်မှတ် ရေးထိုးမည်ဟု ဆိုသည်။