Crime

လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ နိုင်ငံမှာ ရောက်ရှိနေသည့် ထိုင်း ဒု ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးကို ယမန်နေ့က တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်သည်။

“လက်ရှိဖြစ်ပွားနေသော လိပ်ကျွန်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါ ရန် နှင့် မြန်မာသံရုံးမှ အထူးအဖွဲ့ဖြင့် လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မေတ္တာ ရပ် ခံပါကြောင်း၊ အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်ဟူသော ဥပဒေ စကား အတိုင်း သေချာစွာ စိစစ်လုပ်ဆောင်ပေးစေလိုကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက် တွန်း ချက်ကို ယနေ့ ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်၌ အတူပါလာသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Tanasak Patimapragorn နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာ ၂ဦးအား သံသယရှိသူများအဖြစ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းကို ကမ္ဘာ တဝှမ်းလုံးသာမက ထိုင်း- မြန်မာပြည်သူများကပါ ဝေဖန်လျှက်ရှိပြီး၊ ထိုင်းမီဒီယာများ၊ မြန်မာမီဒီယာများက ဖော်ထုတ် ရေးသားပြီးနောက် မြန်မာအစိုးရနှင့် တာဝန်ရှိသူများက ထိုသို့ ပွင့်ပွင့်လင်းလင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း လိပ်ကျွန်း လူသတ်မှုကိစ္စနှင့် ပတ်သက် ၍ ပွင့်လင်းမြင်သာပြီး မျှတသည့် တရားစီရင်မှုကို လိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်

ဗြိတိန် သံအမတ်ကြီး မစ္စတာ မာ့ခ်ကဲန့်က လိပ်ကျွန်း လူသတ်မှု နှင့် ပတ်သက်၍ လွတ်လပ်စွာ သတင်းအချက် ရယူစု ဆောင်းခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ (MWRN)၊ လူ့အခွင့် အရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ (HRDF) နဲ့ ထိုင်းလူမှု အဖွဲ့အစည်း Cross Cultural Foundation (CCF) အဖွဲ့ က ကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံကာ ပြောဆိုလိုက်ခြင်းဖြစ် သည်။

ဗြိတိန်သံအမတ်ကြီးနှင့်တွေ့ဆုံခဲ့သူ HRDF ဒါရိုက်တာ မစ္စတာ အန်ဒီဟောက “ကျနော်တို့ အဖွဲ့တွေက လိပ်ကျွန်း လူသတ်မှုကိစ္စ ကွင်းဆင်းစစ်ဆေးမှု လုပ်ခဲ့တာသိလို့ သံအမတ်ကြီးက ခေါ်ယူတွေ့ ဆုံခဲ့တာပါ။ ကျနော်တို့ရဲ့ ကွင်း ဆင်း လေ့လာမှုကရတဲ့အချက်အလက်တွေကို သူလည်း အတော် သဘောကျတယ်၊ သူ့အနေနဲ့လည်း ဒီအမှုနဲ့ပတ် သက်ပြီး တရားဥပဒေအရ လွတ်လပ်ပြီး တရားမျှတမှု ရှိရှိနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ပဲ လိုလားတယ်ဆိုတာ ပြောပါ တယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ အဖွဲ့ ၃ ဖွဲ့သည် အခင်းဖြစ်ပွားပြီးနောက် အမှုမှန်ပေါ်ပေါက်ရေးအတွက် လိပ်ကျွန်းသို့ ၂ ကြိမ်တိုင် သွားရောက် ကာ သံသယဖြစ်ခံရသူများ၊ အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်မေးခံရသူတချို့၊ ထိုင်းရဲများ၊ ကျွန်းပေါ်ရှိ လူတချို့ဟာ စုံ စမ်း မေးမြန်း လေ့လာကာ အချက် အလက်များစုဆောင်းလာခဲ့ပြီး ဗြိတိန်သံအမတ်ကြီးအား ပြန်လည်လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်များအား အများပြည်သူထံ ထုတ်ဖော်ပြောဆိုရန် အချိန်စောလွန်းသေးသည့်အတွက် ထုတ်ပြန်ခြင်း မပြုသေးသကဲ့သို့၊ လိပ်ကျွန်းလူသတ်မှုကိစ္စ မလိုအပ်ပဲ ထုတ်ဖော်ပြောဆိုမှုများကြောင့် တရားစီရင်ရေး တွင် လွတ်လပ်ပြီး မျှတမှုမရှိ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း အန်ဒီဟောကဆိုသည်။

ထိုင်း လူမှု အဖွဲ့အစည်း CCF အဖွဲ့ကလည်း သံသယဖြစ်ခံရသူများအား ညှင်းပန်းနှိပ်စက်မှု ရှိမရှိ စုံစမ်းလေ့လာမှုများ လုပ်ခဲ့ကြောင်းလည်း သိရသည်။

MWRN က ဦးအောင်ကျော်ကလည်း သူတို့အဖွဲ့ လိပ်ကျွန်းပေါ်မှာမြင်တွေ့ရမှုနှင့် လက်ရှိ တရားဥပဒေကြောင်းအရ ဆောင်ရွက်မှုတွင် ကွာဟချက် တချို့ ရှိနေ ပြီး၊ တရားဥပဒေအရ ဘောင်မဝင်ဖြစ်နေမှုများတွေ့ရှိရသည့်အတွက်  မှန်ကန်စွာ စစ်ဆေးဖော်ထုတ်ကာ အမှုမှန်ပေါ်ရေးအတွက် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ကျနော်တို့လူမျိုးကို ထိလို့လုပ်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့က အမှန်တရား ပေါ်ပေါက်ရေးအတွက် လုပ်ဆောင် နေ ခြင်းဖြစ်ပါတယ်။ အဲဒါကိုလည်း သံအမတ်ကြီးကို နားလည်အောင် ပြောပြတဲ့အခါ သံအမတ်ကြီးကလည်း အမှန် တရား ကို သူလည်း မြတ်နိုးတယ်ဆိုတဲ့အကြောင်း၊ အမှန်အတိုင်းဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြပါစို့လို့ ပြောပါတယ်” ဟု ဦးအောင်ကျော်က ရှင်းပြသည်။

MWRN၊ HRDF နှင့် ထိုင်းလူမှု အဖွဲ့ CCF တို့က ထိုင်း ဝန်ကြီးချုပ်ကိုလည်း အိပ်ဖွင့်ပေးစာပို့ကာ မှန်ကန်သော တရား စီရင်ရေး၊ ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးတို့ကို တောင်းဆိုထားကြောင်းလည်း သူက ဆက်ပြော သည်။

ထိုင်းရဲ၏ လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေအဖြစ် သတ်မှတ်ထားသူ မောင်မောင်(ခ) သန်းဆွေ နှင့်လည်း ၎င်းတို့ ၃ ဖွဲ့မှ တွေ့ဆုံ မေးမြန်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

“သူ့ ( မောင်မောင်) အနေနဲ့တော့ ဒီအခင်းဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူ ဘာတခုမှ မသိဘူးဆိုတဲ့အကြောင်း ကိုပဲ သူက ပြောပါတယ်” ဟု ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။

ထို့အပြင် လိပ်ကျွန်းလူသတ်မှုအား ကျူးလွန်ကြောင်း ဝန်ခံ၍ တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသူ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်းတို့နှင့်ပတ်သက်၍လည်း ဦးအောင်ကျော်က တရားခံ အစစ် မဖြစ်နိုင်ကြောင်း သူ၏ ထင်မြင်ယူဆချက်ကို ပြောသည်။

“ကျနော်သိရသလောက်ကတော့ ကလေးတွေကိုယ်တိုင် ဒီလူသတ်တဲ့ တရားခံတော့ ဖြစ်ဟန် မတူပါဘူး” ဟု သူက ဆိုသည်။

Loading