သြဂုတ်လ ၂၆ ရက် နံနက် ၆ နာရီခန့်ကစ၍ အင်းစိန်ထောင်ဆူသဖြင့် သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းမှုသည် ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ရပ်စဲသွားခဲ့ပါသည်။ အမှတ် ၁ အဆောင်နှင့် အမျိုးသမီးဆောင်၊ ထောင်ဆေးရုံနှင့် တိုက်ခန်းများမှလွဲ၍ ကျန်အဆောင်များ မီးလောင်သွားပါသည်။ အင်းစိန်ထောင် တိုက်ဝန်း အတွင်းမှ စာရေးသူနှင့် ဆရာ မောင်သော်ကတို့ နောင်တွင် အတူနေရမည့် ၆ တိုက် ၁ လုံး ထူးထူးခြားခြား မီးရှို့ခံရပါသည်။ အမိုးပိုင်းလောင်ကျွမ်းသွားခဲ့ပါသည်။ မဆလခေတ် အတွင်း အဆိုပါ ၆ တိုက်သည် ပြစ်ဒဏ် တိုက်ဖြစ်၍ ထောင်တွင်းမှာ ဆိုးဝါးသော ပြစ်မှုထပ်ဆင့်ကျူးလွန် သူများကို အထူးနှိပ်စက်အပြစ်ပေး ရာတိုက် ဖြစ်ခဲ့ ပါသည်။ အချို့အကျဉ်းသားဟောင်းများက ၆ တိုက်နှင့် ၆ တိုက်ရှေ့ ကင်းတဲကို “ကင်ပေတိုင်” တိုက်ဟု ပင် တင်စားခေါ်သည်ဟု စာရေးသူ ယင်းတိုက်သို့ရောက်မှ သိခဲ့ရပါသည်။ ရာဇဝင်လူဆိုး များက ၆ တိုက်ကို အငြိုးအတေးဖြင့် မီးမလောင် လောင်အောင်ကို ပြုလုပ်မီးရှို့ခဲ့ခြင်း ဖြစ်ပါသည်။
ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း၌ ထောင်ထဲ တွင် ငြိမ်သက်သွားပြီး ထောင်ပျက်ကြီး အတွင်းရှိ အကျဉ်းသား အချုပ်သားများအား သောက်သုံးရန် ရေကို မီးသတ်ကားဖြင့် ရေပိုက်ထည့်၍ ပေးခဲ့သည်ဟု ပထမသတင်းရပါ သည်။ ထိုအခါတွင်မှ စာရေးသူက အင်းစိန်ထောင်ကို ၂၄ နာရီ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းရာတွင် စစ်တပ်မှ မည်သည့်တပ်ရင်း တပ်ဖွဲ့များ လာရောက်နှိမ်နင်းပါသလဲဟု စာရေးသူ ၏သတင်းပေးများအား မေးမြန်းရာ မည်သည့်စစ် တပ်၊ မည်သည့်ရဲတပ်ဖွဲ့မျှ လာရောက်သည်ကိုမတွေ့ မြင်ရကြောင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း များသာ ပစ်ခတ်နှိမ်နင်းသည်ကို တွေ့ရကြောင်း၊ လုံထိန်း တပ်ဖွဲ့ တဖွဲ့လာသော်လည်း ၎င်းလုံထိန်း တပ်သည် ထောင်ထဲဝင် နှိမ်နင်းခြင်းမရှိဘဲ ထောင်အပြင်ဘက်မှ ထောင်ကိုပတ်ဝိုင်းပြီး ထောင်အနီး၌ လူစုလူဝေး မဖြစ်ရန် စောင့်ရှောက်သည်ကို တွေ့ရကြောင်း ထူး ထူးခြားခြားသတင်းကို စာရေးသူပထမဆုံး ရရှိခဲ့ပါသည်။
စာရေးသူ၏ ငယ်စဉ်ဘဝသည် မကွေးတိုင်း၊ သရက်မြို့ အကျဉ်းထောင်ကြီးအနီးတွင် နေထိုင်ခဲ့၊ ကျောင်းတက် ခဲ့ရသူအဖြစ် ရှင်သန်ခဲ့ရသူဖြစ်ပါသည်။ ထောင်ဆူ၊ ထောင်လှန့်လုပ်တိုင်း သရက်မြို့စွန်ရှိ စစ်တပ်၊ မြို့ထဲရှိ ရဲတပ်ဖွဲ့၊ မြို့လယ်ရှိ မီးသတ်တပ်ဖွဲ့ နှင့် မြို့ကိုအုပ်ချုပ်သော အရေးပိုင်၊ နယ်ပိုင်နှင့် တရားသူကြီးများ သရက် ထောင်သို့ အပြေးအလွှား သွားကြ လာကြသည်ကို ဇာတ်ပွဲတခုကို စနစ်တကျ ကပြနေသည့်အလား မြင်တွေ့ ဖူးပေါင်းများသဖြင့် ရိုးအီသောဖြစ်စဉ်ဟုပင် ထင်ခဲ့ပါသည်။ ယခုထူးထူး ခြားခြား ဩဂုတ်လ ၂၆ ရက် ၂၄ နာရီ ပတ်လုံး အင်းစိန်ထောင် တထောင်လုံး မီးလောင်ဆူပူပစ်ခတ်မှု ဖြစ်ပွားရာသို့ စစ်တပ်၊ ရဲစခန်း၊ တရားရေးနှင့် အုပ်ချုပ်ရေး အာဏာပိုင်တို့ကို လုံးဝမတွေ့မြင်ရ ကြောင်း၊ ကုန်ကုန်ပြောရလျှင် အင်းစိန်ထောင်အပြင် ခြံစည်း ရိုးကို ကျောပေးအနေအထားဖြင့် ထောင် ပေါက်ဝတွင်ရှိသော အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ သည်ပင်လျှင် ဝင်ရောက်မီးငြိမ်းသတ်ခြင်း၊ ဆူပူသူ များကို ရေပိုက်နှင့် နှိမ်နင်းခြင်း အလျှင်းမလုပ်ခဲ့ ကြောင်း စာရေးသူ၏ သတင်းရင်းမြစ်များက ဆိုပါ သည်။ အင်းစိန်ထောင်ဝင်ပေါက်တွင် မြို့နယ်မီးသတ် တပ်ဖွဲ့ ရှိသကဲ့သို့ အင်းစိန် ထောင်ကို ဝိုင်းလျက် မီးသတ်ကားရှိသော ရွာမရပ်ကွက် မီးသတ်တပ်ဖွဲ့နှင့် အင်းစိန် CID ဝန်းအနီး အင်းစိန် ဆေးရုံဘက်ကို မျက်နှာပြုလျက် မီးသတ်ကားရှိသော မီးသတ်တပ်ဖွဲ့ များရှိကြသည်ကို စာရေးသူသိရှိပါသည်။ ထောင်နှင့် ကပ်လျှက် မြို့နယ်ရဲတပ်ဖွဲ့နှင့် မှုခင်းထောက်လှမ်း ရေး တပ်ဖွဲ့များလည်း ထောင်ဆူသည့်နေရာသို့ သွားလာမှု မတွေ့မြင်ရကြောင်း၊ ထောင်အနီးဝန်း ကျင် သတင်းရင်းမြစ်များ၏အဆိုအရ အလွန်ကြောက်မက် ဖွယ်ကောင်းသည့် ရာဇဝတ်မှုကြီးများကို မဆလ တန်ပြန်သပိတ်ဖြိုခွဲရေးကော်မတီ စတင်ကျူးလွန်ခဲ့ပြီကို စာရေးသူ ခန့်မှန်းသိရှိလာပါသည်။
စာရေးသူ ချင့်တွက်မိသော အချက်အလက်ကို ထိုအချိန်တွင် သတင်းအဖြစ် ထုတ်ဖော်ခဲ့ပါက မဆလ ဂိုဏ်းသည် နိုင်ငံရေး မျက်လှည့်ပြကွက်များ ဖြင့် တရားခံ အစားထိုးသွားနိုင်သည်ကို စာရေးသူ သုံးသပ်မိသဖြင့် စာရေးသူအနေဖြင့် ထုတ်ဖော်ခြင်း မပြုဘဲ အခြေအနေစောင့်ကြည့်ရန်ကိုသာ ဆုံးဖြတ် ခဲ့သည်။ စာရေးသူနှင့် အလားတူသိရှိသော ပုဂ္ဂိုလ် အဖွဲ့အစည်းများရှိပါက ゞင်းတို့၏ ထုတ်ဖော်တွေ့ရှိ ချက်ကိုသာ သတင်းအဖြစ် တင်ပြမည်ဟု ဆုံးဖြတ်ခဲ့ ပါသည်။ ၈၈ အရေးတော်ပုံကြီး ဖြစ်ပွားနေစဉ်အတွင်း အင်းစိန်ထောင်ဆူပူနှင့် ပတ် သက်၍ မဆလအစိုးရ အကြံပက်စက် ယုတ်မာစွာ ပြစ်မှုကျူးလွန်နေကြောင်း စာရေးသူ၏ ခန့်မှန်းချက် တွက်ချက်မှုအား ပထမဆုံး ခိုင်လုံသည့် သက်သေနှင့် သတင်းပေးသူမှာ စာရေး သူအား လက်ဦးပထမ ရှေ့နေပညာသင်ကြားပေးခဲ့သူ တရားရုံးချုပ် ရှေ့နေကြီး ဆရာဦးရဲထွန်းပင်ဖြစ်ပါ ကြောင်း ဤစာတမ်းဖြင့် ဂုဏ်ပြုကန်တော့အပ်ပါ သည်။
စာရေးသူ၏ဆရာ ဦးရဲထွန်းသည် အာဏာရှင် ကြီး ဦးနေဝင်း မိသားစုနှင့် အလွန်ရင်းနှီးသူလည်း ဖြစ်ပါသည်။ မဆလအစိုးရ၏ မဟုတ်မတရားသော လုပ်ရပ်များကို တွေ့မြင်လျှင် ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲသူ လည်း ဖြစ်ပါသည်။ ဤသတ္တိထူး သူ့တွင်ရှိသဖြင့် လွတ်လပ်ပြီး မြန်မာနိုင်ငံ၌ ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ဆဲဘဝမှ ချက်ချင်းတရားခံအဖြစ် ထောင်ထဲရောက်သွားရသူ ပြည်ထဲရေးဝန်ကြီး ၂ ဦးသည် ၎င်းတို့တရားခံဘဝရောက် သည်နှင့် ၎င်းတို့ အမှုတွင် လိုက်ပါဆောင်ရွက်ရန် အပြေးအလွှားစုံစမ်း ရှာဖွေ ငှားရမ်းခံရသောရှေ့နေမှာ စာရေးသူဆရာ၊ ဆရာဦးရဲထွန်းပင်ဖြစ်ပါသည်။ ချက်ချင်းတရားခံဘဝ ရောက်ခဲ့ရသူ ပြည်ထဲရေးဝန်ကြီးများမှာ ဗိုလ်မှူးကြီး စိန်မြနှင့် ဗိုလ်မှူးကြီး ဘိုနီတို့ ဖြစ်ပါသည်။ ဆရာ သည်ကံအားလျှော်စွာ ခါးရိုးရှိ အာရုံကြော ထိခိုက်၍ အောက်ပိုင်းသေသွားသောကြောင့် ရှေ့နေလုပ်ငန်း ကို ဘီးတပ်ကုလားထိုင်နှင့် သွားလာလှုပ်ရှား လုပ်ကိုင် နေရသူ ဖြစ်ပါသည်။ ဩဂုတ်လ လကုန်ပိုင်းရက် တရက်တွင် ဆရာထံမှ စာရေးသူအား တယ်လီဖုန်း ဖြင့် အင်းစိန်ထောင်မှာ မဆလအစိုးရ ယုတ်ယုတ်မာ မာလုပ်နေတာ၊ မင်းသိလားဟု လှမ်းမေးပါသည်။
စာရေးသူကလည်း ဩဂုတ်လ ၂၆ ရက်ည ကတည်းက ရိပ်မိပါသည်။ အဲဒီ ထောင်သတင်းဆုံး အောင် ကျနော် လိုက်နေပါသည်ဟု ပြန်ဖြေခဲ့ပါ သည်။ ဒီလိုဆိုရင် ယခု အင်းစိန်မြို့နယ် တရားရုံးက မြို့နယ်ဦးစီးမှူးရဲ့ ဖုန်းနံ ပါတ်ကိုပေးလိုက်မယ်၊ သူ့ကို မင်းကိုယ်တိုင်မေးပါ။ သူဟာ မင်းပေးလိုက်တဲ့ အင်းစိန်ထောင်ထဲမှာ အရွယ်မ ရောက်တဲ့ကလေးတွေ ရောက်နေတယ်။ လူကြီးရာဇဝတ်ထောင်ထဲမှာ ကလေးအချုပ်သားတွေပါ ရောထည့် ထားသည့်ကိစ္စ အား၊ ထောင်ပိုင်ကြီး ဦးစိန်ဌေးက တာဝန်မယူနိုင် ကြောင်း အထက်ကိုတင်ပြထားသည်ဆိုတဲ့ ဘီဘီစီ သတင်းကြောင့် ဗဟိုတရားသူကြီးဥက္ကဋ္ဌ ဦးတင်အောင်ဟိန်းအမိန့်နဲ့ အင်းစိန်ထောင်ကို ဒီနေ့သွား ခဲ့ရတဲ့ ရန်ကုန်တိုင်းတရားသူကြီးဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး ဦးဆောင်တဲ့အဖွဲ့မှာ အင်းစိန်မြို့နယ် တရားသူကြီး ဥက္ကဋ္ဌ၊ ဗိုလ်မှူး အောင်သန်းနှင့်အတူ လိုက်ပါသွားခဲ့ ရတဲ့ အင်းစိန်မြို့နယ် တရားရေးဦးစီးမှူး ဖြစ်သည်ဟု ဆရာက ပြောပါသည်။ အဆိုပါ တရားရေး ဦးစီးမှူး ပြောသမျှ သတင်းများကိုလည်း ဆရာဦးရဲထွန်းက ပြောပါသည်။ စာရေးသူကလည်း အဆိုပါ အင်းစိန် မြို့နယ် တရားရေး ဦးစီးမှူးကို ကျနော်သိပါသည်။ သူ့ထံမှပင် ၁၉၈၈ ခုနှစ်၊ မတ်လအတွင်း ရန်ကုန်မြို့ တွင်းလူဖမ်းပွဲကို အင်းစိန်မြို့နယ်တရားရုံးက ထုတ် ပေးခဲ့သည့် လူဖမ်းဝရမ်းနှင့် ချုပ်မိန့်ရမန်များကို စာရေးသူ တရားဝင် မိတ္တူကူးယူခွင့် ရခဲ့ကြောင်း ဆရာ ဦးရဲထွန်းအား ပြန်လည် ဖြေကြားခဲ့ပါသည်။
စာရေးသူသည် ဆရာဦးရဲထွန်းပေးသော ဖုန်း နံပါတ်ဖြင့် အင်းစိန်မြို့နယ် တရားရေး ဦးစီးမှူးအား ၎င်းတို့ အင်းစိန်ထောင်ထဲ ဝင်ရောက်တွေ့မြင်ခဲ့ရ သည့်သတင်းအား မေးပါသည်။ မြို့နယ်ဦးစီးမှူးကလည်း ဆရာဦးရဲထွန်းအား ပြောပြခဲ့သည့်အတိုင်း ၎င်းကြုံတွေ့ခဲ့သည်တို့ကို စာရေးသူအား ပြောပြပါသည်။ ယင်းသတင်းကို ခြုံ၍တင်ပြရလျှင် စာရေး သူ၏ ဘီဘီစီသတင်းအရ အရွယ်မရောက်သေးသော ကလေး ငယ်များ အင်းစိန်ထောင်ထဲ ရောက်နေမှုကို ပြန်လွှတ်ရန် ဦးတင်အောင်ဟိန်း အမိန့်ပေး၍ တိုင်းတရားသူကြီး ဥက္ကဋ္ဌ ခေါင်းဆောင်သော မိမိတို့အဖွဲ့ အင်းစိန်ထောင်သို့ သွားခဲ့ကြောင်း၊ ထောင်အပြင် ဘက်၌ မိမိတို့အား လုံထိန်းတပ်ဖွဲ့က တားဆီးစစ် ဆေးနေ၍ လွယ်လွယ်ဝင်ခွင့်မရကြောင်း၊ မိမိတို့ အဖွဲ့သည် တိုင်းတရားသူကြီး ဥက္ကဋ္ဌ ဦးဆောင်သော တရားသူကြီးနှင့် တရားရေး ဝန်ထမ်းများပါသော အဖွဲ့ဖြစ်ကြောင်း၊ ထောင်ထဲ၌ အရွယ် မရောက်သေး သော ကလေးများကိစ္စ ဗဟိုတရားသူကြီးဥက္ကဋ္ဌက စစ်ဆေးခိုင်း၍ လာရကြောင်း ရှင်းပြခဲ့ရ ကြောင်း၊ ပြင်ပရှိ လုံထိန်းတပ်ဖွဲ့နှင့် ထောင်ထဲရှိ အာဏာပိုင် အဖွဲ့များ စကားပြောစက်ဖြင့် ဆက်သွယ်ပြော ကြား နေပြီး အတန်ကြာမှ ထောင်တံခါးမကြီးအတွင်း မိမိတို့ ဝင်ခွင့်ရခဲ့ကြောင်း၊ ထောင်တံခါးကြီးအတွင်း ရောက်သွားသောအခါ မိမိတို့တွေ့နေကြ အကျဉ်း ဦးစီးဌာန ဝန်ထမ်းဟောင်းများကို မတွေ့ရဘဲ စစ်ယူနီ ဖောင်းတဝက် အရပ်ဝတ်တဝက်ပုံစံ ဝတ်စား ဆင်ယင်ထားသော ထောက်လှမ်းရေး စစ်သားပုံ ပေါက်သည့် လူစိမ်းများကိုသာ ထူးထူးခြားခြားတွေ့ရ ကြောင်း၊ တရားသူကြီးများက အရွယ်မရောက်သေးသော ကလေးများ ကိစ္စ စုံစမ်းမေးမြန်းသောအခါ အဆိုပါလူစိမ်းများက ကလေးများကို လွှတ်ပေးပြီး ဖြစ်ကြောင်း၊ ထောင်ထဲ၌ မရှိတော့ကြောင်း ပြောပါသည်။
ယင်းသို့ တရားသူကြီးနှင့် တရားရေးဝန်ထမ်း များအား လူစိမ်းပုဂ္ဂိုလ်များက ဖြေကြားနေစဉ်အတွင်း၌ပင် အဝတ်ဖြူဝတ် ထောင်သားများအား အကျဉ်း ဌာန ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ အကျဉ်းသား၏ အမည်၊ အမှုအမည်၊ အကျဉ်းသား၏လိပ်စာ စသည်တို့ကို အကျဉ်းသား ဖြေကြားသမျှ ရေးမှတ်ပြီး ထောင်ထဲမှ လွယ်လွယ်ကူကူ လွှတ်ပေး နေသည့်အဖြစ်အပျက်ကို ရန်ကုန်တိုင်း တရားသူကြီး ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးနှင့် အင်းစိန်မြို့နယ် တရားသူကြီး ဥက္ကဋ္ဌ ဗိုလ်မှူးအောင်သန်းတို့လည်း တွေ့မြင်နေရ သည်ဟု ဆိုပါသည်။ အကျဉ်းသား၊ အချုပ်သားအား လွှတ်မည်ဆိုလျှင် အကျဉ်းလက်စွဲ ဥပဒေနှင့်အညီ မှတ်တမ်းမှတ်ရာများနှင့် တိုက်ဆိုင်စစ်ဆေးလွှတ် သင့်ကြောင်း၊ ယခုလို အကျဉ်းသားပြောသမျှကိုသာ ရေးမှတ်လွှတ်နေခြင်းမှာ ဥပဒေနှင့် မညီကြောင်း စုံစမ်းရေး အဖွဲ့ဝင်တဦး၏ နှုတ်မှပြောလိုက်ရာ “ဒီအချိန်မှာ ဥပဒေတွေလာမပြောနဲ့ ဘာမှတ်တမ်းမှ လည်း မရှိဘူး၊ မီးတွေလောင်သွားပြီ” ဟုပြောပြီး ဥပဒေစကားပြောသူ ပုဂ္ဂိုလ်အား ယူနီဖောင်း တပိုင်း ဝတ် အကျဉ်းဦးစီးဌာနဝန်ထမ်းမဟုတ်သော လူစိမ်း များက ရန်ပြုလိုသော အမူအရာများ ပြလာသဖြင့် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးဦးဆောင်သော တရားရေး အဖွဲ့သည် ထောင်တံခါးကြီးအတွင်းမှ အမြန်ပြန် ထွက်လာ ခဲ့ရသည်။ ထောင်မှတ်တမ်း ဌာနမှာ အကောင်းပကတိရှိပါလျက်နှင့် လိမ်ပြောခြင်း ခံခဲ့ရသည်ဟု အင်းစိန်မြို့ နယ် တရားရေးဝန်ထမ်းမှ စာရေး သူအား အင်းစိန်ထောင်တွင်း အခြေအနေကို ရှင်းပြ ခဲ့ပါသည်။
စာရေးသူက ယခုလို ဥပဒေနှင့်မညီသည့် ကိစ္စ များ အင်းစိန်ထောင်၌ ဖြစ်ပျက်နေကြောင်း ခင်ဗျား အထက်ကို မတင်ပြဘူးလားဟု မြို့နယ်တရားရေး ဦးစီးမှူးအား မေးမြန်းသောအခါ ၎င်းက စာရေးသူ အား “ခင်ဗျား ဘယ်လိုမေးလိုက်တာလဲ၊ ဒီကလေး တွေကိစ္စ စုံစမ်းစစ်ဆေးဖို့ သွားတဲ့အဖွဲ့မှာ ကျုပ်က အဆင့်အနိမ့်ဆုံးဗျ၊ တိုင်းတရားသူကြီးဥက္ကဋ္ဌ ဒုဗိုလ် မှူးကြီးက ဗဟိုတရားသူကြီးဥက္ကဋ္ဌ ဦးတင်အောင်ဟိန်းကို သူကိုယ်တိုင် တင်ပြရမည့် တာဝန်ရှိပြီးသား လေဗျာ။ အဲ ရန်ကုန်တိုင်း တရားရေး ဦးစီးမှူး ဦးအေးမောင်လည်းပါတာဖြစ်လို့ သူကလည်းတရား ရေးဦးစီးဌာန ညွှန်ချုပ် ဦးအောင်တိုးကို သူတို့မှာ တင်ပြရန် တာဝန်ရှိပြီးသားပါ။ ကျနော့် အဆင့်က ဘာမျှဝင်ပါစရာမရှိဘူး။ တချိန်မှာ ဒီအဖြစ်ကို သက် သေခံရမယ်ဆိုလျှင်တော့ သက်သေခံရမှာ ပေါ့ဗျာ ဦးရဲထွန်းနဲ့ ခင်ဗျားကို သက်သေအရာထားပြီး ဒီသတင်းကိုပေးတာ” ဟု ပြန်ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းရက်များ အတွင်း ထောင်ဝတ်ထောင်စားအဖြူဝတ် ပုဂ္ဂိုလ်များ ရန်ကုန် ဆိပ်ကမ်းနှင့် ဘူတာရုံကြီးတဝိုက်တွင်အများ အပြား တွေ့မြင်နိုင်ပါသည်။ ဥပဒေမဲ့ စည်းကမ်းမဲ့စွာ မဆလ အစိုးရက ရာဇဝတ်သား၊ အကျဉ်းသား၊ အချုပ် သားများကို အပြစ်မဲ့အရပ်သား လူ့အဖွဲ့အစည်း အတွင်းသို့ မောင်းထည့်လိုက်သူ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းမဟုတ်သူ၊ စစ်ယူနီဖောင်းတပိုင်းဝတ် လူစိမ်း များသည် မည်သူတွေဖြစ်ကြသလဲ။ အောင်ဆန်း ကွင်းအတွင်းမှ စစ်တပ်သည် ရန်ကုန်ဘူတာကြီး တဝိုက်မှ အဖြူဝတ် ထောင်သားများကို ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ၊ မြန်မာ့အသံက ဩဂုတ် လ ၂၆ ရက် ည ၈ နာရီ တွင် အင်းစိန်ထောင်ဆူနေ ပြီဟု တရားဝင် ကြေညာပါလျက် ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးသည့် စစ်တပ်ကြီး သည်တုတ်တုတ်မျှ မလှုပ် ကျောက်ရုပ်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ဖေမြိုင် ဦးစီးသည့် ရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့သည် တုတ်တုတ်မျှမလှုပ် သစ်ငုတ်၊ ဥပဒေပညာရှင် သမ္မတကြီး ဒေါက်တာမောင်မောင်သည် သူသမ္မတ ဖြစ်ပြီး တပတ်အတွင်း အင်းစိန်ထောင်နှင့် နိုင်ငံအနှံ့ အပြားမှအကျဉ်းထောင်များစွာ ဆူပူထောင်ဖောက် ထွက်ပြေးသည့် အမှုကိစ္စများ၊ ဥပဒေနှင့်ဆန့်ကျင်၍ လွှတ်ပေးခဲ့မှုများနှင့် ပတ်သက်၍ သမ္မတသက်တမ်း တလခန့် ၃၁ ရက်အတွင်း မိန့်ခွန်း ၅ ကြိမ်ပြော ရာတွင် တလုံးတပါဒမျှ ရှင်းချက်၊ သတိပေးချက် အလျှင်း မထုတ် ရေငုံနှုတ်ပိတ် လုပ်နေခဲ့သည်။
ဩဂုတ်လ ၂၆ ရက်၊ နံနက် ၆ နာရီခန့်မှ စတင် သည့် ထောင်ဆူပူမှုသည် ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ် ရေး ရုပ်သိမ်းကြောင်း ကြေညာသည့် ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီမှ ၄၁ နာရီ အကြာတွင် စတင်ဖြစ် ပွားခဲ့ခြင်း ဖြစ်ပါသည်။ ဒေါက်တာမောင်မောင် ရေးသည်ဆိုသော ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်ထဲတွင် အင်းစိန်ထောင် နှင့် အခြားထောင်များ ဆူပူသည့်သတင်းကို ဖော်ပြ ရာတွင် ထောင်ဆူပူသည့် နေ့ရက်အချိန် ကာလကို အစီအစဉ်တကျ ထည့်သွင်းမဖော်ပြဘဲ ပညာသား ပါပါ ထိန်ချန်ရေးသားထားပါသည်။ ၁၉၈၈ အရေး တော်ပုံနှင့် သက်ဆိုင်ခြင်းမရှိသော အတိတ်-သမိုင်း အဖြစ်အပျက်များကို လိုသလိုထည့်သွင်းရေးသား၍ ၈၈ ကာလအတွင်း ဆူပူအကြမ်းဖက်မှုများ၏ မူလ အစကို စနစ်တကျ၊ အချိန်အတိအကျ စာဖတ်သူ များသတိမပြုမိ အောင် ခြယ်မှုန်းဖော်ကျူးထားသည် ကိုတွေ့ရပါသည်။ စာဖတ်သူများသည် ပညာ၊ သတိ ကြီးစွာဖြင့် ဒေါက်တာ မောင်မောင်၏ စာအုပ်ကို ဖတ်ရှုပါရန် အသိပေးလိုပါသည်။
စာရေးသူသည် မဆလအစိုးရ၏သတင်းဦး သတင်းထူး ထောင်သတင်းကို မျက်ခြည်မပြတ်စုံစမ်း ခဲ့ပါသည်။ ဩဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် အင်းစိန်မီးသတ်က စတင်ဝင်ရောက် ရေပေးကြောင်း သိရပါသည်။ ထို့နောက် ဘုန်းကြီးနှင့် ကျောင်းသား တချို့ကို ထောင်ဝန်ထမ်းဟုယူဆရသူများက ထောင်ထဲသို့ခေါ် သွားသည်ကို မြင်ရသည်ဟူသော သတင်း ရရှိပါသည်။ အဆိုပါ ဘုန်းကြီးနှင့် ကျောင်းသား ဆိုသူများသည် ထောက်လှမ်းရေး ဘုန်းကြီးလား၊ ထောက်လှမ်းရေး ကျောင်းသားလား၊ အမှန်တကယ် ဘုန်းကြီး အစစ်၊ ကျောင်းသား အစစ်လားအထိ စာရေးသူ၏ သတင်းရင်းမြစ်များက ခွဲခြားနိုင်ခြင်း မရှိခဲ့ပါ။ စာရေးသူ စိုးရိမ်သည်မှာ မဆလအစိုးရ၏ ထောင်ချောက်အတွင်း တန်ဆာခံ သမိုင်းတရားခံ အဖြစ် ဘုန်းကြီးအစစ်၊ ကျောင်းသားအစစ်များ၊ တရားခံ အစားထိုးခံရမည်ကို အလွန်စိုးရိမ်ခဲ့ပါသည်။ တရားခံ အစစ်အမှန်ကို ဖော်ထုတ်ရာတွင် ထောင် ဝန်ထမ်းခေါ်၍ ထောင်ထဲ ဝင်သွားသည်ဆိုသော ဘုန်းကြီးနှင့် ကျောင်းသား ဟုထင်ရသော လူငယ်များ ကြောင့် စာရေးသူတွင်များစွာ အခက်ကြုံခဲ့ပါသည်။ မကြာမီနေ့လယ်ပိုင်းတွင် ဒဏ်ရာရ အကျဉ်းသား၊ အချုပ်သား၊ အချို့ထောင်ထဲမှ မိမိအစီအစဉ်ဖြင့် ထွက်လာသည်ကို တွေ့ရသလို၊ ထောင်မှ ကားဖြင့် အင်းစိန်ဘူတာအနီး ဘောလုံးကွင်း တဝိုက်တွင် တာဝန်မဲ့စွာ လာရောက်လွှတ်ပေးနေ ကြောင်းသတင်း များ ဆက်တိုက်ရရှိလာပါသည်။
အင်းစိန်မြို့ခံလူထုနှင့် အင်းစိန်ရှေ့နေအသင်းမှ ပုဂ္ဂိုလ်များက မိမိတို့မြို့နယ်အတွင်း ရာဇဝတ်သားများ စုဝေး နေမည်ကို မလိုလား၍ အကျဉ်းသား အချုပ်သားများ ၎င်းတို့ဇာတိနေရပ် အမြန်ရောက် သွားစေရန် ရိက္ခာ ခရီးစရိတ်ထောက်ပံ့မှုများ ပြုပေး နေရသည်ဟု ဆိုပါသည်။ ဒေါက်တာမောင်မောင် သမ္မတဖြစ်ပြီး တပတ် အတွင်း စတင်ဖြစ်ပွားသော နိုင်ငံတော်သစ္စာဖောက်မှုကြီးဖြစ်ပါသည်။ အရပ်သား လူ့အဖွဲ့အစည်းအတွင်း ရာဇဝတ်သားများကို တာ ဝန်မဲ့စွာ မောင်းထည့်ခဲ့မှုသည် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝင်မှုနှင့် အကျုံးဝင် သောပြစ်မှုကို ဒေါက်တာ မောင်မောင်အစိုးရ ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူသည် ဥပဒေပညာရှင် သမ္မတဒေါက်တာ မောင်မောင်၏ ၁၉၈၈ စက်တင်ဘာလ ၁ ရက်နေ့ မိန့်ခွန်းကို ဂရုတစိုက်နားထောင်ခဲ့ပါသည်။ အင်းစိန် ထောင်မှ အကျဉ်းသားများကို ဥပဒေလုပ်ထုံးလုပ် နည်းဖြင့် ဆန့်ကျင်လွှတ်ပေးနေမှု ၆ ရက်အကြာ တွင် ဖြစ်ပါသည်။
စာရေးသူသည် ဩဂုတ်လ ၂၆ ရက် ညပိုင်း ဘီဘီစီသတင်းတွင် ထောင်ဆူသည့် သတင်းကို ထည့်ပြီးသည့် နောက် ထောင်ဆူသည့် သတင်းများကို ဆက်မထည့်ပဲ ငြိမ်နေလိုက်သည့်အတွက် တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီနှင့် ဒေါက်တာမောင်မောင် အစိုးရသည် သူတို့ကျူးလွန်ခဲ့သည့် ထောင်ဆူပူမှုကို စာရေးသူတို့ ပြည်သူဘက်က စောဒကတက်သူ မရှိသဖြင့် သူတို့လုပ်ကွက်ပိုင်ပြီယူဆပြီး မဆလဂိုဏ်းဘက်မှ ထောင်ဆူ သည့်ကိစ္စ တခွန်းမျှမဟဘဲ ဒေါက် တာ မောင်မောင်သည် ပြည်သူသို့ အရေးကြီးသော အချက် ၈ ချက်ဆိုသည် ကိုသာ ၎င်း၏ မိန့်ခွန်းတွင် ပြောသွားခဲ့ပါသည်။
၎င်းတို့မှာ –
၁။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁ ပါ တပါတီစနစ်ကို ပြင်ဆင်နိုင်ရန် အခြေခံဥပဒေ ပုဒ်မ ၁၉၄ အရ ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးခွင့်ရှိသူ အားလုံး၏ တဝက်ကျော်ကထောက်ခံမှ တပါတီစနစ် ကို ပြင်နိုင်မည်ဖြစ်၍ ယင်းကိစ္စ ဆောင်ရွက်နိုင်ရန် ပါတီညီလာခံနှင့် လွှတ်တော်ခေါ်ရေးကိစ္စ လူထုမှ ဝိုင်းဝန်းကူညီရန်။
၂။ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများတွင် လွတ်လပ်တဲ့ ပြည်သူလေးစားတဲ့ ပုဂ္ဂိုလ်၊ သံဃာ တော်များ၊ ဘာသာရေးခေါင်းဆောင်များကကြီးကြပ် ပေးရန်။
၃။ ကျောင်းသားများကလည်း ပါဝင်ကူညီ လုပ်အားပေး စည်းရုံးကူညီရန်။
၄။ ၁၉၆၂ ခုနှစ်ကဖြိုခွင်းခြင်းခံရတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည် တည်ဆောက်ပေးရန်။
၅။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ ယခုအခါမှာ အုပ်ချုပ်မှုကင်းမဲ့၊ လူတွေမလုံခြုံ၊ စိုးရိမ် ပူပန်နေကြပါ သည်။ သံဃာတော်များ၊ ရပ်မိရပ်ဖ များ၊ ကျောင်းသားလူငယ်တွေပေါင်းပြီး မိမိမြို့နယ် ရပ်ရွာ အေးချမ်းသာယာ ဖို့ ပြည်သူ့ဆန္ဒနဲ့ ထိန်းသိမ်း ဆောင်ရွက်နေတာကို မိမိသမ္မတအနေဖြင့် ကျေးဇူး တင်ကြောင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက လည်း ကူညီကြရန်။
၆။ ဆန္ဒပြဝန်ထမ်းများကို အလုပ်ခွင်ပြန်ဝင် ကြရန်၊ အရေးယူမည် မဟုတ်ကြောင်းနှင့် ပြည်သူ များကလည်း ဝန်ထမ်းနှင့် ရဲများကို ကူညီကြရန်။
၇။ ပါတီစုံစနစ်နဲ့ ပတ်သက်ပြီး ဇူလိုင်လ အရေးပေါ် ပါတီညီလာခံမှာ တပ်မတော် ကိုယ်စားလှယ်က ညီလာခံ က ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်သည့်အတိုင်း ပေးသည့်တာဝန်ကို ကျေကျေ ပွန်ပွန် ထမ်းဆောင် ပါမယ်ဆိုတဲ့ကတိကို ပြည်သူတွေက ယုံကြည်ကြပါရန်။
၈။ အပိုဒ် ၂ တွင် ဖော်ပြပါရှိသည့် သံဃာတော် များနှင့် ဘာသာရေး ခေါင်းဆောင်များအား ဆန္ဒခံယူပွဲ၊ ရွေး ကောက်ပွဲများ၌ ပါဝင်ကြီးကြပ်ပေးရန် မေတ္တာရပ်ခံသည်မှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးစေချင်၍ မဟုတ်ဘဲ၊ ပြည်သူများ နေ့စဉ် ကြုံတွေ့နေသည့် ပြဿနာအရပ်ရပ် ပြေလည်သွား စေရေး၊ နိုင်ငံ့အရေးအတွက် မေတ္တာ၊ ဂရုဏာ ရှေ့ထားပြီး ကူညီစောင့်ရှောက်ကြပါရန် အလို့ငှာ ပန်ကြားရခြင်းဖြစ်ပါကြောင်းဟု ဒေါက်တာ မောင် မောင်၏ မိန့်ခွန်း၌ ဖော်ပြပါရှိပါသည်။
အထက်ပါ စက်တင်ဘာ ၁ ရက် မိန့်ခွန်းရှိ အချက် ၈ ချက်တွင် အချက် ၅ ၌ မြို့နယ်၊ ရပ်ရွာ များ၌ အုပ်ချုပ်မှု ကင်းမဲ့၍ မလုံမခြုံဖြစ်နေကြာင်းပါရှိ ပြီး ယင်းသို့ဖြစ်လာရသည့် အကြောင်းရင်းနှင့် အသေးစိတ် အချက် အလက်ကို ဒေါက်တာမောင် မောင်က ရှင်းမပြပါ။ ဩဂုတ်လ ၂၆ ရက် ထောင်ဆူ ပူမှုများကို မြန်မာ့အသံက ထိပ်ဆုံးသတင်းအဖြစ် ကြေညာသွားပါလျက် ထောင်ဆူပူမှု အခြေအနေကို လုံးဝသတိပေး ရှင်းလင်းဖော်ပြခြင်း မပြုသည်ကို စာဖတ်သူများ သတိပြုစေလိုပါသည်။
ဆက်လက်ဖော်ပြပါမည်။