ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်နှင့် လှိုင်းဘွဲ့ မြို့နယ် အတွင်းမှာ အစိုးရ စစ်တပ်၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) တို့ အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကော့ကရိတ် မြို့နယ်မှာ DKBA က ဗိုလ်မှူးကြီး စောကျော်သက်ရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဒေသ အခြေစိုက် အစိုးရ စစ်တပ် တွေ အကြား အောက်တိုဘာ ၉ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မဲသဝေါ ဒေသမှာ DKBA ဗိုလ်မှူးကြီး စောဘိရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ BGF တပ်ဖွဲ့ဝင်တွေ အကြား ဒီနေ့မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မြဝတီ အခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က “တိုက်ပွဲတွေ ဖြစ်ရတဲ့ အကြောင်းအရင်း အလုံးစုံကို ကျနော် တို့ဆီကို ရောက်မလာသေးဘူး။ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်၊ ကျနော်တို့ အသေအချာ မသိရသေးဘူး။ ကျနော်တို့ဘက် က သတင်းပို့တာက BGF တပ်က ကျနော်တို့ စခန်းရှိတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့က အရင်မပစ်ဘူးနော် အဲဒီလိုတော့ ပြောလာတယ်”လို့ ဧရာဝတီကို ပြောဆိုပါတယ်။
မြဝတီမြို့ အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဆက်ဆံရေးရုံး တာဝန်ခံက တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အတည်ပြု ပြောဆိုခဲ့ပြီး မြဝတီ-ကော့ကရိတ် လမ်းကြောင်းကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
DKBA နဲ့ အစိုးရ စစ်တပ်တို့ဟာ ကော့ကရိတ် မြို့နယ်ထဲမှာ အောက်တိုဘာ ၉ ရက် ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရ ပါတယ်။
လှိုင်းဘွဲ့ မြို့နယ်ထဲက ဒေသခံ ကျေးရွာသားတွေက တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံ နေရတာတွေ ရှိနေတယ်လို့လည်း သီးခြား ကရင်လက်နက်ကိုင် တပ်ဖွဲ့ တာဝန်ရှိသူ တချို့က ပြောပါတယ်။
စက်တင်ဘာ လကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်က သိမ်းဆည်းထားတဲ့ လက်နက်တွေကို စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ တာဝန်ရှိသူတွေထံ DKBA တာဝန်ရှိသူတွေက မကြာခင်ရက်ပိုင်းက ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားပြီး နှစ်ဖက် တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ အခုလဆန်းပိုင်းက DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလားပွယ်က ပြောဆိုထားပေမယ့် အောက်ခြေတပ်တွေ အကြားမှာ ရှောင်လွှဲမရတဲ့ အခြေအနေတွေ ကြုံတွေ့နေပြီး ပစ်ခတ် မှု တွေ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ DKBA ဆက်ဆံရေးရုံး တာဝန်ခံက ဆိုပါတယ်။
“အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အောက်ခြေ အချင်းချင်း နားလည်မှုမရှိလို့ ဖြစ်နေကြတာ။ အပေါ်က ပြောနေတဲ့ဟာတွေကို အောက် ခြေ တပ်တွေကလည်း လိုက်နာရမယ်လေ။ အစိုးရ စစ်တပ်က ငြိမ်းချမ်းရေး လိုချင်သလို ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လိုချင်တာပဲ။ ဒါကို အောက်ခြေတပ်တွေ အထိ လိုက်နာနိုင်အောင် လုပ်ရမယ်လေ”လို့ DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အတွက် DKBA ဗဟို ဌာနချုပ်မှာ ဗိုလ်ချုပ်ကြီး စောလားပွယ် နဲ့ တာဝန်ရှိသူတွေ ဒီကနေ့ ညနေပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ DKBA က ပြောပါတယ်။
DKBA အဖွဲ့က ၁၉၉၅ ခုနှစ်မှာ KNU ကနေ ခွဲထွက်လာတဲ့ အဖွဲ့တခု ဖြစ်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို တခြားခေါင်းဆောင်တွေက လက်ခံခဲ့ကြပေမယ့် ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်တဲ့ အဖွဲ့က လက်မခံခဲ့ဘဲ အစိုးရ စစ်တပ်ကို ပြန်လည် ခုခံတိုက်ခိုက် ခဲ့ပါတယ်။
ရွေးကောက်ပွဲ ပြုလုပ်ချိန်မှာ ဗိုလ်ချုပ် စောလားပွယ် ရဲ့ DKBA တပ်ဖွဲ့တွေဟာ ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့ကို ဝင်ရောက် ထိန်းချုပ်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ လှုပ်ရှားနယ်မြေတွေမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။