အမျိုးသမီး နှင့် ကလေးငယ်များ ပညာသင်ကြားခွင့် လှုပ်ရှားသူ ပါကစ္စတန်နိုင်ငံမှ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် မာလာလာ ယူဆတ်ဖ်ဇိုင်(Malala Yousafzai)သည် ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ရရှိကြောင်း နိုဗဲလ် ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ထိုငြိမ်းချမ်းရေး နိုဗဲလ် ဆုကို အိန္ဒိယ နိုင်ငံမှ ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသော ကိုင်လက်ရှ်ဆက်ယာသီ (Kailash Satyarthi)ဆိုသူနှင့် မာလာလာ ပူးတွဲ ရရှိခြင်း ဖြစ်သည်။
နိုဗဲလ်ဆု သမိုင်းတလျှောက်တွင် အသက်အငယ်ဆုံး ဆုရှင်တဦးဖြစ်သည့် မာလာလာသည် အသက် ၁၇ နှစ်သာ ရှိသေးသည်။
ယမန်နှစ် ဇူလိုင်လအတွင်းက သူ၏ ၁၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကုလသမဂ္ဂတွင် မိန့်ခွန်း ပြောကြားရာ မာလာလာ က “ကလေး တယောက်၊ ဆရာ တဦး၊ စာတအုပ်နဲ့ ကလောင် တချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်”ဟု ထည့်သွင်း ပြော ကြား ခဲ့သည်။
မာလာလာ၏ ၁၆ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင် ၁၂ ရက်ကို မာလာလာနေ့ရက်(Malala Day)အဖြစ် ကုလသမဂ္ဂ က သတ်မှတ်ပေးခဲ့သည်။
ပါကစ္စတန်ဆယ်ကျော်သက် ကျောင်းသူလေး မာလာလာသည် ပညာရေး လှုပ်ရှားမှု ပြုလုပ်သောကြောင့် ၂၀၁၂ ခုနစ် အောက် တို ဘာ ၉ ရက်က ကျောင်းတက်ရန် ဘတ်စ် ကားနှင့် ထွက်လာစဉ် ပါကစ္စတန်အခြေစိုက် တာလီဘန် အဖွဲ့က ၎င်း၏ ဦးခေါင်းကို သေ နတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရပြီး ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သည်။
ထိုသို့ သေနတ်ဖြင့် ပစ်သတ်ခံရသော်လည်း အသက်မဆုံးရှုံးခဲ့ပေ။ ဒဏ်ရာပြင်းထန်သည့်အတွက် မာလာလာကို ဗြိတိန်နိုင်ငံ သို့
ပို့ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ခွဲစိတ်ကုသအပြီးတွင် ဗြိတိန်နိုင်ငံတွင်ပင် ပညာသင်ယူသည်။
မာလာလာသည် ပညာရေး လှုပ်ရှားမှုကို သတ္တိရှိရှိကြိုးစား ဆောင်ရွက်ခဲ့သည့် အတွက် ယမန်နှစ်ကလည်း ဥရောပ သမဂ္ဂ က သူ့ကို EU Sakharov လူ့အခွင့်အရေး ဆု ချီးမြှင့်ခဲ့သည်။