ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိသျှ လူမျိုး နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လုပ်ငန်းခွင်၌ အခက် အခဲများ ဖြစ်ပေါ်လာနေခြင်းကြောင့် မိခင်နိုင်ငံသို့ ပြန်လိုကြောင်း ကျွန်းပေါ်ရှိ အလုပ်သမားများ က ပြောဆိုကြသည်။
ဗြိတိသျှ နှစ်ဦးအား သတ်သူများသည် မြန်မာ အလုပ်သမား ၂ ဦးဖြစ်ကြောင်း စွပ်စွဲ ဖမ်းဆီးခံခဲ့ရပြီးနောက် ကျွန်းပေါ်ရှိ မြန်မာ အလုပ်သမားများအား ခေါ်ယူစစ်ဆေးရာတွင် ရိုက်နှက်ခြင်း၊ ရေးနွေးပူဖြင့်လောင်း၍ စစ်ဆေးခြင်း၊ အလုပ်က ထုတ်ပစ်ခြင်း၊ မီဒီယာများနှင့်မဆက်သွယ်ရန် ခြိမ်းခြောက်ခြင်း စသည်တို့ကို ထိုင်းရဲတပ်ဖွဲ့ က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ရေနွေးပူနဲ့လောင်းပြီး စစ်ဆေးခံရတဲ့ သူတွေကလည်း လူတွေနဲ့အဆက်အသွယ် မလုပ်ရဲကြတော့ဘူး၊ သူတို့ ဖုန်းတွေလည်း ပိတ် ထားကြတယ်၊ မြန်မာ အလုပ်သမား အများစုကတော့ ကြောက်လန့်နေကြတယ်၊ လူ ၁၀၀ မှာ ၃၀၊ ၄၀ လောက်က ကိုယ့်နိုင်ငံ ပြန် ဖို့ ပြင်ဆင်နေကြတယ်၊ တချို့လည်း ပြန်သွားကြပြီ”ဟု မြန်မာ အလုပ်သမား တဦး က ပြောသည်။
အလုပ်ရှင်က အာမခံပေးသည့် အလုပ်သမားများသာ ထိုကျွန်း၌ ဆက်လက်နေထိုင်ရန် ဆန္ဒရှိကြပြီး အလုပ်ရှင် အာမမခံသည့် အလုပ်သမားများ အတွက်မူ ဆက်လက်နေထိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်း၊ ထို့အတူ ကျွန်းပေါ်ရှိ မာဖီးယား ကဲ့သို့သော လူမိုက် ဂိုဏ်းများ၏ အန္တရာယ်ကိုလည်း စိုးရိမ်နေကြရကြောင်းလည်း ပြောဆိုသည်။
လိပ်ကျွန်း၌ မြန်မာ ၄၀၀၀ ဝန်းကျင်ရှိပြီး တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိသူများလည်း ရှိကြောင်း သိရသည်။
ဗြိတိသျှ စုံတွဲအား သတ်သူများသည် မြန်မာ ၂ ဦးဟု ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုမှုအား ထိုင်းလူမှု အသိုင်းအဝိုင်း၊ မြန်မာ အသိုင်း အဝိုင်း နှင့် ကမ္ဘာကပါ မယုံကြည် ဖြစ်နေကြပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် စနစ်တကျ စုံစမ်း ဖော်ထုတ်ပေးရန်လည်း ထိုင်း ရဲတပ်ဖွဲ့ကို ဖိအားပေး တောင်းဆိုနေကြသည်။
ဗြိတိသျှ စုံတွဲသည် စက်တင်ဘာလ ၁၄ ရက် ညဘက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုမှုများသည် ရှေ့နောက် မညီ ဖြစ်နေပြီး ၎င်းတို့ နိုင်ငံသားများ သတ်သည်ဆိုပါက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ခရီးသွား လုပ်ငန်း ကျဆင်းမည်ကို စိုရိမ်နေခြင်းကြောင့် မြန်မာ နှစ်ဦးအား အစားထိုးလိုက်ခြင်း ဖြစ်ကြောင်းလည်း လူမှုကွန် ရက် စာမျက်နှာများ၌ ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လျက်ရှိသည်။
ထိုင်းနိုင်ငံ၌ အမှုအခင်းဆိုင်ရာ ပြဿနာတခုခု ပေါ်တိုင်း ဖမာ့ (မြန်မာ) လုပ်သည်ဟု စွပ်စွဲ၍ မြန်မာနိုင်ငံသားများကို အပြစ်ပေး သည့် အလေ့အထလည်းရှိ နေခြင်းကြောင့် ဖြစ်သည်။
မြန်မာ အလုပ်သမားများကို အကူအညီပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က“ဗြိတိသျှ နှစ်ဦးသေတာ ဖြစ်လို့ နိုင်ငံတော် အမှုအခင်းကြီးလိုမျိုး ဖြစ်သွားတာ၊ ကျနော်တို့ နိုင်ငံသားတွေ မကြခဏ ဆို သလို အသတ်ခံရတာတွေရှိပေမယ့် ထိုင်းရဲတွေက ဘာမှ မပြောဘူး၊ အမှုမှန်လဲ ပေါ်ပေါက်လေ့ မရှိခဲ့ပါဘူး”ဟု ပြောဆိုသည်။
လူသတ်မှုဖြင့် စွပ်စွဲခံထားရသူများနှင့် သွားရောက်တွေ့ဆုံခဲ့သော ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမား အရေးဆောင်ရွက်သူများနှင့်ဥပဒေ ဆိုင်ရာ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များကလည်း ဖမ်းဆီးခံထားရသည့် မြန်မာ လူငယ် သည် ပြစ်မှု အမှန်တကယ် ကျူးလွန်မလွန် ဆိုသည်ကို ကောက်ချက်ချ မရသေးကြောင်း ဧရာဝတီ ကို ပြောဆိုကြသည်။
ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က“ကျနော်တို့ တွေ့ဆုံ မေးမြန်းမှုတွေ၊ စုံစမ်းမှုတွေ အရ ဆိုရင် ဒီကလေး နှစ်ယောက်က ပြစ်မှု ကျူးလွန်တယ်လို့ ကောက်ချက်ချ မရဘူး”ဟု ဆိုသည်။
ဗြိတိသျှ နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာများအား ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးခံရပြီးနောက် ကျွန်းပေါ်ရှိ အလုပ်သမား အများစုမှာ ကြောက်လန့်၍ အပြင် မထွက်ရဲကြကြောင်း၊ တယ်လီ ဖုန်းများလည်း ပိတ်ထားကြောင်း၊ တချို့ အလုပ်သမားများမှာလည်း ထိုဒေသမှ မကြာမီ ထွက်ခွာကြမည်ဟု အလုပ်သမားများ က ပြောသည်။
ထိုင်းရဲများ၏ စစ်ဆေး မေးမြန်းမှု ကိုယ်တိုင်ခံခဲ့ရသူ အလုပ်သမား တဦးက“ခရီးသွား ဧည့်သည်များတဲ့နေရာ ဆိုတော့ သောက်စားကြပြီး ရန်ဖြစ်တာမျိုးတွေတော့ ဒီကျွန်းပေါ်မှာ ရှိပါတယ်၊ ဒါပေမယ့် အခု ပြဿနာက ကျနော်တို့ မြန်မာတွေကိုပဲ အဓိက ပစ်မှတ် ထား ဖမ်းဆီး စစ်ဆေးတော့ ကျနော်တို့အတွက် ရေရှည်မှာ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားရတယ်၊ ဒီလိုမျိုး အရင်က တခါမှမကြုံဖူး ဘူး”ဟု ဧရာဝတီ ကို ပြောသည်။
လိပ်ကျွန်း ပေါ်ရှိ မြန်မာ အလုပ်သမား ၄၀၀၀ ဝန်းကျင် ရှိသည့်အနက် အများစုမှာ ရခိုင်လူမျိုးများ ဖြစ်ပြီး ဗမာ၊ ထားဝယ်၊ မွန် စသည့် မြန် မာနိုင်ငံသားများ ဖြစ်ကြသည်။ ၎င်းတို့အနက် ရခိုင်နှင့်ဗမာ လူမျိုးများမှာ အဓိက ပစ်မှတ်ထားခံနေရကြောင်း သိရ သည်။
လူသတ်မှုနှင့် စပ်လျဉ်း၍ မြန်မာများ အပေါ် အမြင်မကြည်လင်မှုကြောင့် အလုပ်ထုတ်ခံရသူများလည်း ရှိကြောင်း၊ ထို့ကြောင့် တခြား တနေရာတွင် အလုပ်သွားရှာပါက ရခိုင်လူမျိုးလား၊ ဗမာလူမျိုးလားဟု မေးမြန်းပြီး ရခိုင် သို့မဟုတ် ဗမာ လူမျိုး ဆိုပါက အလုပ် ခန့်လိုသည့် ဆန္ဒ မရှိကြဟု အလုပ်သမားများ က ရှင်းပြကြသည်။
လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် လူငယ် နှစ်ဦးသည် ရခိုင်လူမျိုးများဖြစ်ကြပြီး ၎င်းတို့နှင့်ဆက်စပ်၍ ဖမ်းဆီး စစ်ဆေးခံခဲ့ရ သူ အများစုမှာလည်း ရခိုင်လူမျိုးများ ဖြစ်ကြသည်။ ထို့ကြောင့် ရခိုင်လူမျိုး အများစုမှာ ထိုကျွန်း၌ ဆက်လက်နေထိုင်ရန် ကြောက် လန့်နေကြ၍ မိခင် နိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေကြသည်။
ကိုယ့်ဇာတိ ဒေသ၌ အလုပ်အကိုင်ရှားပါးခြင်း၊ လုံခြုံရေး စိတ်မချရခြင်း၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည့် အဘက်ဘက်မှ နိမ့်ပါးနေခြင်းတို့ကြောင့် ကိုယ့်ဒေသကို စွန့်ခွာ၍ တခြားဒေသ၊ တခြားနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေကြရကြောင်း၊ သို့သော် တခြားနေရာ ဒေသများတွင်လည်း အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း လိပ်ကျွန်းပေါ်ရှိ ရခိုင် အလုပ်သမားများ က ပြောပြသည်။
“ရခိုင်မှာ အရေး အခင်းတွေ ဖြစ်ပြီး ကတည်းက ဒီကျွန်းကို ရောက်နေတာ ၂ နှစ်ကျော်ပါပြီ၊ ကျနော့်လိုပဲ ရောက်လာသူတွေလည်း အများကြီးပါ၊ ကျနော်ကတော့ ဒီလကုန်ရင် ပြန်တော့မယ်၊ ကျနော့် သူဌေးကတော့ မပြန်နဲ့လို့ ပြောပါတယ်၊ ပိုက်ဆံ ဘယ်လောက် ပေးပေး ကျနော် မလိုချင်တော့ဘူး၊ ဆက်လဲ မနေချင်တော့ဘူး”ဟု ဟိုတယ် တခုတွင် လုပ်ကိုင်နေသူ တဦး က ပြောသည်။
ယခုအခါ ကျွန်းပေါ်ရှိ မြန်မာများသည် အလုပ်ရှင်များ၏ စောင့်ကြည့်မှုကိုလည်း ခံနေကြရကြောင်း၊ ထို့အတူ ကျွန်းပေါ်ရှိ လူမိုက် ဂိုဏ်းများ၏ အန္တရာယ်ကိုလည်း ကြောက်လန့်နေရကြောင်း၊ ထိုင်းလူမျိုးများက မြန်မာများအပေါ် တစုံတခု မကျေနပ်ပါက ထိုကျွန်း ၌ပင် အချိန်မရွေး အသတ်ခံရနိုင်ကြောင်းလည်း ပြောဆိုသည်။
လိပ်ကျွန်းသည် သီးသန့်ကျွန်း ဖြစ်နေခြင်းကြောင့် ပြဿနာတစုံတခု ဖြစ်ပေါ်က ထိုကျွန်းမှ အလွယ်တကူ ထွက်သွားရန် ခက်ခဲ သည့် နေရာဖြစ်ပြီး ဖူးခက်ဒေသရှိ ခရီးသွား အများဆုံး လာရောက်လည်ပတ်သည့် ကျွန်းတခုလည်း ဖြစ်သည်။ ဖူးခက်၌ ကျွန်းငယ် အများအပြားရှိပြီး လိပ်ကျွန်း နှင့် ဂျိမ်းစ်ဘွန်း ကျွန်းတို့သည် ပေါ်ပြူလာအဖြစ်ဆုံး နေရာများ ဖြစ်သည်။
ထိုကျွန်းပေါ်၌ မြန်မာနိုင်ငံသား တချို့အား ခိုးမှုဖြင့် စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ ထောင်ချပစ်ခြင်း စသည်တို့ ရှိသည့်အပြင် အသတ် ခံခဲ့ရ သူများလည်းရှိခဲ့ကြောင်း၊ သို့သော် အမှုမှန် ဖော်ထုတ်ပေးမှု မရှိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် မြန်မာ နိုင်ငံသားများ အပေါ် ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု များစွာလည်း ရှိခဲ့ကြောင်း အလုပ်သမားများ က ပြောဆိုကြသည်။
လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် ကိုဝင်းဇော်ထွန်း၏ အစ်ကိုဖြစ်သူနှင့် ဇနီးတို့ကိုလည်း ကိုဝင်းဇော်ထွန်း အမှုနှင့် ဆက်စပ်၍ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း ၎င်းတို့နှင့်နီးစပ်သူများ က ဧရာဝတီ ကို ပြောသည်။
ထိုလူသတ်မှုနှင့်ပတ်သက်၍ ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများသည် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်ပြီး အမှု၏ နောက်ဆက်တွဲ ထွက်ပေါ်လာမည့် အဖြေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု အလုပ်သမားများ က ပြောသည်။
ကျွန်းပေါ်ရှိ မြန်မာများ သာမက ထိုင်းလူမျိုးများကပါ လက်ရှိ စွပ်စွဲခံထားရသူများ သတ်သည်ဟု မယုံကြည်ကြကြောင်း၊ သို့သော် မည်သူကမျှ ပေါ်ပေါ်တင်တင် မပြောဆိုရဲကြကြောင်း မြန်မာ အမျိုးသမီး တဦးကလည်း ပြောသည်။
၎င်းက “ကျမကတော့ လောလောဆယ် မပြန်သေးပါဘူး၊ အလုပ်လည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် စိုးရိမ်မှု ရှိတာတော့ အမှန်ပဲ၊ ကျမတို့ဆီကို ကိုယ့်နိုင်ငံက အကြီးအကဲတွေ လာမယ်လို့လည်း သတင်းတွေထွက်ခဲ့တယ်၊ ကျမတို့ကလည်း လာကြည့် စေချင်တာ ပေါ့ ကိုယ့်နိုင်ငံသားတွေကို”ဟု ဆိုသည်။
လိပ်ကျွန်း လူသတ်မှုသည် ကမ္ဘာကျော်သည့် မှုခင်းသတင်းကြီး ဖြစ်နေသော်လည်း လူသတ်မှု၏ အဓိက လက်သည် တရားခံအား ထင်မြင်ချက် အမျိုးမျိုး ပေးနေကြရုံမှတပါး တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ လူသတ်မှုနှင့်ဆက်စပ်၍ သံသယ ဖြစ်ဖွယ် ကွင်းဆက်များမှာလည်း တနေ့ တမျိုး ထွက်ပေါ်နေဆဲ ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က လက်ရှိ ဖမ်းဆီးထားသည့် မြန်မာလူငယ်နှစ်ဦးအား အထောက်အထားအရ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ပြောဆို ထား သည်။
သို့သော် ၎င်းတို့၏ စာမျက်နှာ ၈၀၀ ကျော်ပါ စုံစမ်းတွေ့ရှိချက်များ အစီရင်ခံစာသည် ပြည့်စုံသည့် အထောက်အထား မရှိသေးဟု ဆိုကာ ဒေသဆိုင်ရာ တရားရုံး က ပြန်လည်တင်ပြရန် လမ်းညွှန်ထားသည်။
ထိုအမှုနှင့်ပတ်သက်၍ ဗြိတိသျှ သံရုံးနှင့်ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တို့ကလည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် စနစ် တကျ စုံစမ်းဖော်ထုတ်ရန် တောင်းဆိုထားကြသည်။
အလားတူ ဘန်ကောက်ရှိ မြန်မာ သံရုံးနှင့်ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကလည်း အနီးကပ် စုံစမ်းဆောင်ရွက်လျက် ရှိသည်။
ပြည်ပ နိုင်ငံများရှိ ထိုင်းနိုင်ငံ ဆိုင်ရာ သံရုံး တချို့ရှေ့တွင်လည်း ဆန္ဒထုတ်ဖော်၍ တရားမျှတစွာ ဆောင်ရွက်ရန် တောင်းဆိုပွဲများ လုပ်ဆောင်နေကြပြီ ဖြစ်ပြီး ရန်ကုန် မြို့တော် ခန်းမ ရှေ့တွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့အတူ မြန်မာသမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း မြန်မာနိုင်ငံ သို့ အလည်အပတ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အား ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးအမှုကို တရားမျှတစွာ ဆောင်ရွက် ရန် တိုက်တွန်းခဲ့ကြသည်။
ကမ္ဘာကျော်သည့် ထိုလူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို မည်သို့ ဆုံးဖြတ် ချက် ချမည်ဆိုသည်ကိုလည်း ကမ္ဘာတဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဖမ်းဆီးခံထားရသူများသည် လူသတ်မှု အမှန်တကယ် ကျူးလွန်သည် ဖြစ်စေ၊ မလွန်သည် ဖြစ်စေ၊ မည်သို့ပင် အဖြေထွက် စေကာ မူ ကျွန်းပေါ်ရှိ မြန်မာပြည်သား ၄၀၀၀ ခန့်၏ လုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အန္တရာယ်ကင်းစွာ ရှေ့ဆက် နေထိုင်သွားရန်တို့ အတွက် စိုးရိမ်သောက ဖြစ်နေမှုများသည် ပယ်ပျောက်နိုင်ဦးမည် မဟုတ်ပေ။ ။