သဘာဝ အရှိအတိုင်းနဲ့ အနုပညာကို တွဲချိတ်ပြခဲ့တာ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာပြည်က ရဟန်းသံဃာတွေရဲ့ နေထိုင်မှု၊ ဘဝရပ်တည်မှုတွေ အကြောင်းကို အမှန်အတိုင်း သရုပ်ဖော် ဖန်တီး ထားတဲ့ The Monk ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လက စလို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အများ အပြားမှာ ဆုလည်းရ၊ နိုင်ငံတကာရဲ့ အားပေးမှုတွေလည်း ရနေတာ တွေ့ရပါတယ်။

ဇဝန ဆိုတဲ့ ကိုရင်ငယ်လေးရဲ့ ဘဝဇာတ်ကြောင်းကို အရင်းတည်လို့ လက်ရှိ မြန်မာ့ ရဟန်းသံဃာတွေရဲ့ နေထိုင်မှု ဘဝပုံစံတွေကို ဖန်တီးပြသထားတဲ့ ဒီဇာတ်ကားဟာ ချက်သမ္မတနိုင်ငံမှာ ဇူလိုင် ၄ ရက်ကနေ ၁၂ ရက် အထိ ပြုလုပ်တဲ့ ဥရောပနိုင်ငံတွင်း အထင်ကရ ဖြစ်တဲ့ ၄၉ ကြိမ်မြောက် Karlovy Vary နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Forum of Independence Film အစီအစဉ်မှာ ပထမဦးဆုံး အဖွင့် ရုပ်ရှင်အဖြစ် ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် Anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Premiere Special အထူးဆု ရရှိခဲ့ကာ ရှရှားနိုင်ငံ စတာလင် ရုပ်ရှင် ပွဲတော်မှာလည်း ပါဝင်ပြသခွင့် ရခဲ့ပြန်ပါတယ်။ ဒါ့အပြင် အောက်တို ဘာ ၃ ရက်၊ ၆ ရက်၊ ၈ ရက်နေ့တွေမှာ တောင်ကိုရီးယားနိုင်ငံ ၁၉ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် A Window on Asian Cinema အစီအစဉ်မှာ ပြသဖို့ရှိပါတယ်။

လာမယ့် နိုဝင်ဘာလမှာလည်း ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ကျင်းပမယ့် ၈ ကြိမ်မြောက်  Five Flavors ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံထားရတဲ့အပြင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ ပြုလုပ်မယ့် အကြိမ် ၂၀ မြောက် ကာလကတ္တား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံထားရပါပြီ။

ဇာတ်ညွှန်း ဒေါက်တာ အောင်မင်း၊ ဒါရိုက်တာ သည်မော်နိုင်၊ ကင်မရာ တင်ဝင်းနိုင် တို့ရဲ့ The Monk ရုပ်ရှင်ဇာတ်ကား ကို မြန်မာပြည်မှာတော့ မကြာသေးခင်က ကျင်းပခဲ့တဲ့ ဝဿန် ရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ဇာတ်ကား အနေနဲ့ ပြသခဲ့တာ က လွဲလို့ အများပြည်သူ ကြည့်ရှုဖို့ ရုံတင် ပြသတာတော့ မလုပ်ရသေးပါဘူး။

၂၀၁၂ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တဲ့ The Monk ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ဖို့ အတွက် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ အခြေစိုက် Film and TV School of the Academy of Performing Arts (FAMU) ကျောင်းက အဓိက ပံ့ပိုးကူညီ ပေးခဲ့တာပါ။

ဒါကြောင့် FAMU ကျောင်းရဲ့ ကျောင်းသားလည်းဖြစ် The Monk ဇာတ်ကားရဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဒါရိုက်တာ သည်မော်နိုင်ကို မြန်မာပြည်ရဲ့ ရဟန်းသံဃာတွေ အပေါ် ထင်ဟပ်ပြသတဲ့ ဒီဇာတ်ကားတဲ့ ဘယ်လိုကြောင့် ဖန်တီးဖြစ်ရသလဲ ဆိုတာရယ်၊ မြန်မာပြည်သူတွေ အကြား ဒီဇာတ်ကားသာ မြန်မာပြည်မှာ ရုံတင်လာခဲ့မယ် ဆိုရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲ ဆိုတာတွေကို မစပ်စုက မေးမြန်းထားပါတယ်။

မေး။   ။ ဒီ ဇာတ်လမ်း ရိုက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြပါဦး။

ဖြေ။   ကျနော်က ကဗျာလည်း ရေးတယ်၊ ပန်းချီလည်း ဆွဲတယ်၊ အင်စတော်လေးရှင်း တွေလည်း လုပ်တယ်။ နောက်ပိုင်း ရုပ်ရှင်တွေလည်း ရိုက်တယ် ဆိုတော့ မီဒီယာပေါင်းစုံ လုပ်နေတာပေါ့နော်။ နောက် ကျနော်တို့က ရုပ်ရှင် ရိုက်မယ် ဆိုတော့ ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်တုန်းက ဟောလီးဝုဒ် ကားတွေကတော့ ကျနော်တို့နဲ့ ရင်းနှီးခဲ့တာ ပေါ့။

နောက် အလွယ်တကူ ကြည့်လို့ရတဲ့ ဘောလီးဝုဒ်ကားတွေ၊ တရုတ်ဇာတ်ကားတွေ ပေါ့။ ဒါပေမယ့် အသက် ၂၃၊ ၂၄ လောက် ကျတော့ ပြင်သစ်သံရုံးမှာ ပြတဲ့ New Wave တို့ ဘာတို့ ကြည့်လာတော့ အဲဒါမျိုး စိတ်ဝင်စားတယ်။ အဲဒီလမ်းကြောင်းမျိုး လုပ်ချင်တယ်။

Entertainment Film လမ်းကြောင်း မဟုတ်သော Art Film မျိုးကို စိတ်ဝင်စားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ စာအုပ်တွေ ဖတ်တာရော တခြား အကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး သိလာတဲ့ အခါကျတော့ ကိုယ် ရုပ်ရှင် စရိုက်မယ် ဆိုရင်လည်း Art Film ပုံစံ ရိုက်ချင်လာတယ်။

ဒီလို ဖျော်ဖြေရေး ဇာတ်လမ်းတွေထက် စာရင် လူ့အဖွဲ့အစည်း အကြောင်းတွေကို ပိုစိတ်ဝင်းစားတယ်။ ကျနော်တို့ တခြား နိုင်ငံတွေကို ပန်းချီပွဲတို့၊ ကဗျာပွဲတို့ တက်ဖို့သွားရင် သူတို့က ပြောကြတယ်၊ နိုင်ငံအပြင်မှာပဲ နေတော့လေ၊ နိုင်ငံအထဲမှာ ဘာလို့ ပြန်နေမှာလဲ လို့ ခဏခဏ အမေးခံရတယ်။ မြန်မာနိုင်ငံ အထဲမှာနေရတာ ကြိုက်လို့တော့ မဟုတ်ဘူး၊ ဒီလို စစ်အာဏာရှင် အရူးတွေ အောက်မှာ နေနေရတာ။

ဒါပေမယ့် ကျနော်တို့ရဲ့ အလုပ်၊ ကျနော်တို့ရဲ့ ဇာစ်မြစ်က မြန်မာပြည်လေ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ပေါက်ကရ တွေ၊ တလွဲတချော်တွေက များမှများ။ အဲဒါတွေက ကျနော်တို့ အတွက် Resource တွေလေ။ အဲဒါတွေ အပေါ်မှာ တည်ပြီးတော့ ရုပ်ရှင်ရိုက်ချင်တာ၊ အလုပ်လုပ်ချင်တယ်။ နိုင်ငံတကာကို ပြချင်တာ၊ မြန်မာပြည်မှာ ဘာတွေ ဖြစ်ပျက် နေတယ် ဆိုတာ။ ကျနော်တို့က ဒီလို ဖြစ်ပျက်နေတာတွေကို မပြောရင် ဘယ်သူပြောမလဲ။ သတင်းမီဒီယာတွေက လည်း ပြောပါတယ်၊ သူတို့က အချက်အလက်ကို အဓိက ပြောတာလေ။ ကျနော်တို့ အနုပညာကျတော့ အချက် အလက် တခုတည်းကို ပြောတာ မဟုတ်တော့ဘူးလေ။

Film Language အနေနဲ့က ကျနော်ကတော့ ဥရောပတို့၊ အီရန်တို့ ပုံစံတွေ ကြိုက်တယ်။ ဖျော်ဖြေရေး မဆန်ဘူး။ နောက် ဇာတ်လမ်းလည်း မြန်မာပြည်ရဲ့  Issue တွေ ပါချင်တယ်။ ကျနော်တို့ ကလည်း တသက်လုံး စစ်အာဏာရှင် လက်အောက်မှာ အကြာကြီး နေလာရတော့ အဲဒီအပေါ်မှာ ဖြစ်ပျက်နေတဲ့ဟာမျိုးတွေ ပြောပြချင်တယ်။

အဓိက အဲဒီ ရည်ရွယ်ချက်ပဲ။ ကျနော့်ရဲ့ ဇာတ်လမ်းတိုလေး တွေတို့၊ နောက် ၂၀ဝ၈ မှာ ရိုက်ခဲ့ပြီး ၂၀၁၀ ကျမှ ပြသနိုင်တဲ့ Nargis When Time Stop Breathing (၉၀ မိနစ်၊ Feature Length Essay Film) Documentary ရုပ်ရှင်မှာတောင် Main Stream Documentary မျိုး ကျနော်မရိုက်ခဲ့ဘူး။ တခြား ကွဲပြားတဲ့ အရသာဖြစ်အောင် လုပ်ခဲ့တာပါ။ အဓိကက သဘာဝ အရှိအတိုင်းနဲ့ ကျနော်ပြချင်တဲ့ အနုပညာကို တွဲချိတ်ပြခဲ့တာပါ။

ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး အဓိက ပြောချင်တာတော့ ကျနော်တို့က စစ်အာဏာရှင်အောက်မှာ နေခဲ့ရတော့ အကုန်လုံးက စုတ်ပြတ်နေတာပဲလေ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစစအရာရာပေါ့။ နောက် ကျနော်တို့ရဲ့ အခွင့်အရေးတွေက အစပေါ့လေ။

ကျနော်တို့ ကိုးကွယ် အလေးအနက်ထားပါတယ် ဆိုတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့  အများစု ဘဝတွေ ကလည်း အရမ်းခက်ခဲ နေကြတယ်လေ။ နောက် လူငယ်အများစု ဟာ ကိုယ့်ဘဝမှာ ကိုယ် ဘာလုပ်ချင်တယ် ဆိုတာတောင် သေချာ မသိဘဲ ကိုယ့်ရဲ့ ဆန္ဒကို၊ ကိုယ်ဖြစ်ချင်တာကို ပြန်လည် ရှာဖွေရတဲ့ အကြောင်းပေါ့။

မေး။   ။ ဒီ The Monk ဇာတ်ကားက ကိုသည်မော်နိုင်ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားရှည်လို့ ပြောလို့ရလား။ အရင်က ရော ဘယ်လို အကြောင်းအရာတွေ ဇာတ်လမ်းမျိုးတွေ ရိုက်ဖူးခဲ့လဲ။

ဖြေ။   ။ ရုပ်ရှင်ကားရှည် အနေနဲ့က ဒါ ပထမဆုံးပေါ့။ ကျနော်က ရုပ်ရှင်ကို လေ့လာရင်း ရိုက်ရင်း စခဲ့တာ ၂၀ဝ၄၊ ၂၀ဝ၅ ကလောက်က ပေါ့။ စရိုက်တာတော့ ဇာတ်လမ်းတိုတွေ ရိုက်တယ်။ ၂၀ဝ၈ တုန်းကတော့  နာဂစ်နဲ့ ပတ်သက်ပြီးတော့ ရိုက်တယ်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့ရဲ့ ရိုက်ကူးမှုတွေက ဇာတ်လမ်းမှာ အဓိက အသုံးပြုတဲ့ ကျောရိုး ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကျနော်တို့ အကြောင်းကို ဘယ်သူမှ မသိအောင် နေခဲ့ရတယ်။ မီဒီယာကိုလည်း မပြောဘူး။ ရိုက်တာ ၂၀ဝ၈ နာဂစ်ပြီး တပတ်ကနေ နောက် ၄ လလောက်အထိ တောက်လျှောက်သွားရိုက်တာ၊ ဘိုကလေး စက်စုဘက်တွေ ပေါ့။

တည်းဖြတ်တာကတော့  ၂၀ဝ၉ ဩဂုတ်မှာ ပြီးတယ်။ တည်းဖြတ်လုပ်တာက ဂျာမန်မှာ လုပ်တယ်။ ပြည်တွင်းမှာ ပြန်လာ နေတဲ့ အချိန်ကျတော့ အခုလိုမျိုး ရွေးကောက်ပွဲလည်း မလာသေးဘူး။ အရင်တုန်းကလို အခြေအနေ ဆိုတော့ ကျနော်တို့က တိတ်တိတ်လေး နေရတယ်။ ပထမဆုံး စပြဖို့က ဇာတ်ကား အချောပြီးတဲ့ ၂၀ဝ၉ နယ်သာလန် မှာ လုပ်တဲ့  IDFA (International Documentary Film Festival) မှာ စပြဖို့ စီစဉ်ထားတာ၊ ပြည်တွင်း အခြေအနေ ကြောင့် မပြဖြစ်ဘဲ ပျက်သွားပြီး ၂၀၁၀ မှာပြတော့ Credit မှာတောင် ကျနော်တို့ နာမည်တွေ အစစ်မသုံးထားဘူး။ ကျနော်တို့ ရိုက်ကူးရေး အဖွဲ့သားတွေက ပြည်တွင်းမှာ ရှိနေတော့ ပြည်တွင်းမှာ အန္တရာယ် အရမ်းရှိတယ်လေ။ နောက် ၂၀၁၁ လောက်မှ ကျနော်တို့ နာမည်တွေ ပြန်သုံးတယ်။

အဲဒီကားက နိုင်ငံတကာ ရုပ်ရှင်ပွဲတွေမှာ ဆု ၄ ဆု ရထားပါတယ်။ ပြင်သစ်၊ ဆွစ်ဇာလန်၊ နီပေါလ်၊ အိန္ဒိယနိုင်ငံတွေ မှာပါ။ ကျနော်တို့က ရုပ်ရှင်ကို အရင်ကတည်းက Reality နဲ့ Visual ပုံစံသစ်ပြနိုင်တဲ့ လမ်းကြောင်းဘက် သွားတာကို ကြိုက်တာကိုး။

မေး။   ။ ဇာတ်လမ်း အတိုလေးတွေ ရိုက်ခဲ့တယ် ဆိုတော့ အဲဒါတွေကရော ဘယ်လို အကြောင်းအရာတွေ လဲ။

ဖြေ။   ။ Again and Again ဆိုတဲ့ ၁၃ မိနစ်စာ ဖန်ချက်စက်ရုံ အကြောင်း ကျနော်ရေးတဲ့ ကဗျာပေါ်မှာ အခြေတည် ရိုက်ခဲ့တယ်။ အဲဒီတုန်းကလည်း အဓိကက အပြင်မှာပဲ ပြဖြစ်သွားတယ်။ ၂၀ဝ၅ ခုနှစ် ဝန်းကျင်လောက်က စိစစ်ရေး တင်တယ်။ စိစစ်ရေးက အဲဒီတုန်းကလည်း ဇာတ်ကားလေးမှာ နိုင်ငံရေးအကြောင်း ဘာမှမပါဘူး၊ Society အကြောင်း တွေပဲ။ အဲဒါကို သူတို့လက်မခံဘူး။ လက်မခံတော့လည်း ကျနော်တို့ အပြင်က နိုင်ငံတကာပွဲတွေကိုပဲ ပေးဖြစ်ခဲ့တယ်။ ၂၀ဝ၇ မှာ အမေရိကမှာ စပြတယ်၊ ၂၀ဝ၈ ဂျာမနီမှာ ပြဖြစ်တယ်။ Zebra Poetry Film Festival မှာ အထူးဆု ရခဲ့တယ်။ အခု ၂၀၁၄ အထိ အဲဒီကားလေးက ၂ လ တကြိမ်လောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတွေမှာ ပြဖြစ်နေတယ်။ ပြပွဲပေါင်း ၄၀ ကျော်ပြီ။

မေး။   ။ လက်ရှိ မြန်မာ ရဟန်းသံဃာတွေရဲ့ ဘဝရပ်တည်မှု အရှိအတိုင်းကို ပြသထားတဲ့ အနေအထားတွေကို ပြည်တွင်းမှာ ရှိတဲ့ များများပြောမှ သိမယ့်သူတွေ သိသင့်သိထိုက်တဲ့ သူတွေ မသိရှိ၊ မကြည့်လိုက်ရဘဲ စိစစ်ရေး ကြောင့် ရှောင်လွှဲခဲ့ရမယ် ဆိုရင် ဒါတွေဟာ နှမြောဖို့ကောင်းတယ်လို့ မြင်မိလား။

ဖြေ။   ။ အဲဒါကတော့ တုံ့ပြန်မှု အမျိုးမျိုးရှိ မှာပေါ့နော်။ သူတို့ကြိုက်တယ် မကြိုက်ဘူး။ နှမြောဖို့ ကောင်းတယ်၊ မကောင်းဘူး။ အဲဒါတွေ ကတော့ အမျိုးမျိုးရှိမှာပေါ့။ ဒါပေမယ့် ကျနော်တို့ကလည်း ၂၀၁၀ ကတည်းက စပြီး ဇာတ်လမ်း ပြင်ဆင် အလုပ် လုပ်ခဲ့ရတာ။ နောက် စနစ်တကျလည်း ရိုက်ရတယ်။ ရိုက်တယ်ဆိုတာကလည်း ကျနော်တို့က အကုန်တွက်ချက်ပြီးတော့ သေချာရိုက်ရတာ။

The Monk ဇာတ်ကား ဇာတ်ဝင်ခန်း တခု (ဓာတ်ပုံ - kviff.com)
The Monk ဇာတ်ကား ဇာတ်ဝင်ခန်း တခု (ဓာတ်ပုံ – kviff.com)

ဒါက ဒီနေရာမှာ ဒီလိုမျိုးရိုက်မယ်။ အဲဒါကို နောက်တခေါက် ပြန်ရိုက်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ဘတ်ဂျက်က ကန့်သက်ချက်နဲ့လေ၊ နောက်ထပ် အပိုကုန်စရာ မရှိဘူး။ ဆိုတော့ အရမ်းပြင်ဆင်ရတယ်။ တည်းဖြတ်တော့လည်း ခက်ခဲတယ်။ အများကြီး အလုပ်လုပ်ရတော့ ကျနော်တို့ဟာကို အဆုံးအရှုံး မခံနိုင်ဘူး။

တချိန်ကျရင်တော့ ပြည်တွင်းက လူတွေ တနည်းမဟုတ်တနည်း  ကြည့်လာမှာပေါ့လေ။ ကြည့်ခွင့် ရမှာပေါ့လေ။ ဘယ်လို ပုံစံမျိုးနဲ့ ကြည့်ခွင့် ရမလဲ ဆိုတာတော့ အခုတော့ ကျနော်လည်း မသိသေးဘူး။ ကမ္ဘာကြီးမှာ မြန်မာ တနိုင်ငံတည်း ရှိတာ မဟုတ်ဘူးလေ။ ကျနော်တို့အနေနဲ့ တရားဝင် လုပ်သင့် လုပ်ထိုက်တာတွေနဲ့တော့ လုပ်မှာပဲ။ ခေါင်းဖြတ် အမြီးဖြတ် ဟိုဟာဖြုတ် ဒီဟာဖြုတ်ခိုင်းရင်တော့ ပြည်တွင်းမှာ မပြဘူး။

မေး။   ။ ဘယ်နိုင်ငံတွေမှာ နောက်ထပ်ပြဖို့ ရှိသေးလဲ။

ဖြေ။   ။ ကိုရီးယားနိုင်ငံ၊ အာရှမှာ အရေးကြီးတဲ့ ဘူဆန်မှာ ပြမယ်။ ပိုလန်မှာ ပြမယ်။ အိန္ဒိယမှာ ပြမယ်၊ ကာတာက ဒိုဟာမှာ ပြမယ်။ နယူးယောက်မှာ ပြမယ်။ စင်ကာပူမှာက ဒီဇင်ဘာကို စင်ကာပူ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြဖို့ သေချာပေမယ့် သတင်းအသေးစိတ် မသိရသေးဘူး။ အဲဒီမှာက မြန်မာ အများစု ရှိတဲ့ အတွက် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စိတ်ဝင်စားတယ်။ နောက်ထပ် စီစဉ်နေတာက မြန်မာအများစုရှိတဲ့ နိုင်ငံတွေ၊ မြို့တွေမှာ ပြနိုင်ဖို့။

မေး။   ။ ဒီဇာတ်ကားအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှု ဘယ်လိုရှိခဲ့လဲ။

ဖြေ။   ။ တုံ့ပြန်မှုက  ကောင်းကြပါတယ်၊  ကင်မရာ ရိုက်ချက်တွေ လှတယ်ပေါ့၊ လှတယ် ဆိုတာ ဖွင့်ဆိုချက်တွေ ကတော့ အမျိုးမျိုး ရှိနိုင်တာပေါ့။ ကျနော်တို့က အဓိက သဘာဝ အလင်းရောင်ကို အားပြုထားတာ။ တောက်တောက် ပပကြီး ဖြစ်အောင် အလင်းတွေ မပေးထားဘူး။ နောက် လူမှုဘဝ ပြဿနာကို အလေးအနက်ထား ပြောထားတယ်။

အဲဒါတွေ သူတို့ သဘောကျ ကြတယ်။ တချို့ဆို ကျနော်တို့ အလင်းပေးစနစ်အတိုင်း သူတို့ နောက် ရုပ်ရှင်တွေမှာ လုပ်ကြည့်မယ် လို့ ပြောလာသူလည်း ရှိတယ်။ တချို့က ဝိပဿနာအကြောင်း ဆွေးနွေးကြတယ်။ တချို့က ကျနော့် လက်ကို အသေအချာ ဆုပ်ကိုင်ရင်း မင်းတို့မြန်မာပြည်က ဒီလိုရုပ်ရှင်ကား ကောင်းကောင်း ရိုက်ပြနိုင်တယ်နော် ဆိုပြီး လာနှုတ်ဆက်တဲ့သူလည်း ရှိတယ်။

အဲဒီအထဲမှာ ပြင်သစ်ရုပ်ရှင်သမား လူငယ်တွေလည်း ပါတယ်၊ ရုရှားဒါရိုက်တာတွေလည်း ပါတယ်၊ ဘရာဇီးကလည်း ပါတယ်၊ ထိုင်ဝမ်က လူငယ်ဒါရိုက် တာတွေလည်း ပါတယ်။ တချို့ဆို အသေးစိတ်မေးလိုက်တာ တခါတခါ ကျနော် စဉ်းစားနေတယ်၊ ရုပ်ရှင်ရိုက်တာတောင် အဲဒီလောက် စကားမပြောရဘူး၊ အခုဟာက ပြောလိုက်ရတာ။ ဒါပေမယ့် ကျနော် ကြည်နူးပါတယ်။ ကျနော်တို့ တဖွဲ့သားလုံး ကြိုးစားလုပ်ခဲ့ရလို့ ဒီလိုဖြစ်တယ်ဆိုတာကို။

နောက် သူတို့ မသိတဲ့ အကြောင်းအရာတခုကို ကြည့်ရတဲ့ အပြင်၊ မြန်မာပြည်က ဇာတ်ကားဖြစ်တဲ့ အတွက် စိတ် ဝင်စားကြတယ်။ ကျနော်တို့ အချိတ်အဆက်တွေ အများကြီး ပိုရလာတယ်။ နောက်ထပ် ရုပ်ရှင်တွေ အတွက် ကျနော်တို့ ကို သူတို့တတွေ ဇာတ်လမ်းတွေ စမေးတယ်။ ဘာအကြောင်းတွေ ရိုက်နေလဲ၊ ဘာတွေ ထပ်လုပ်မလဲ ပေါ့။

မေး။   ။ မြန်မာပရိသတ်တွေ အနေနဲ့ မြန်မာ ရဟန်း သံဃာတွေရဲ့ အခြေအနေက ဒီလောက်ထိတောင် ဖြစ်နေပါလား ဆိုတဲ့ အနေအထားဟာ သူတို့အတွက် တမျိုးဖြစ်နေမယ်လို့ ထင်လား။ ဝေဖန်မှုတွေရော ဘယ်လိုရှိနိုင်မလဲ။

ဖြေ။   ။ ဝေဖန်မှုကတော့ ဖြစ်မှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ – ကဗျာရေးတယ် ပေါ့၊ ကျနော်ရေးထားတာ ဒီအကြောင်း ဆိုပေမယ့် ဖတ်တဲ့သူက တမျိုးတွေးရင်လည်း တွေးမှာပဲလေ။ ဒါ သူတို့ရဲ့ အခွင့်အရေးပဲ လေ။ ပန်းချီမှာလည်း ဒီလိုပဲ။ ကျနော်ကတော့ ဒီလိုရေးထားတယ်။ ဒါပေမယ့် နောက်တယောက်က နောက်တမျိုး ခံစားရင်လည်း ခံစားမယ်။ အဲဒါက မျိုးစုံရှိမှာပဲ။

မြန်မာပြည်မှာ ဒီလိုအခြေအနေ မျိုးတွေ ဖြစ်နေပါပြီ ဆိုတာကို လူတိုင်းသိတာ မဟုတ်ဘူးလေ။ အမျိုးစုံတော့ လူတွေ တုံ့ပြန်မှာပေါ့လေ။ အနုပညာ ပစ္စည်းတခု ဖြစ်သွားပြီ ဆိုတော့ ကျနော်တို့က ဖန်တီးလိုက်တယ်၊ ဒါကို အကုန်လုံးက ကြိုက်တာ ဝေဖန်လို့ ရတယ်။

ကျနော်တို့က အပိတ်စနစ်မှာ နေခဲ့ကြတာ လေ။ အဲဒီမှာ နေခဲ့ရတဲ့သူက အပွင့်စနစ်မှာ နေရတဲ့သူနဲ့ မတူဘူး။ နည်းနည်းလေးတော့ ပုံမှန် ဖြစ်မနေဘူး။ ကျနော်တို့ ကိုယ်တိုင်ပါပဲ။ တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်း မရှိဘူး။ မှန်နေတယ် ဆိုရင်လည်း မပြောရဲဘူး။ အဲဒီပေါ်မှာလည်း မပြောတာ များလာတော့ တယောက်နဲ့ တယောက် နားလည်မှုလွဲတယ်။ မနာလိုဝန်တိုမှုတွေဖြစ်တယ်။ နောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတယ်။ တခုခုဆိုတာ Express အရမ်းလုပ်ကြတယ်။

အခုဆို မီဒီယာတွေ စဖွင့်လိုက်တယ်။ တခုခုဆို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား သိပ်မစဉ်းစားတော့ဘူး။ ပြောကြ ဝေဖန်ကြ တယ်၊ အရမ်းကို။ အဲဒါကလည်း သဘာဝပါပဲ လို့ ပြောရမယ်။ အင်း ကျနော်တို့က နောက်ထပ် မျိုးဆက်တခုလောက် ဖြတ်သန်းရ မှာပဲ။ လွတ်လွတ်လပ်လပ် စဉ်းစားခွင့်ရတဲ့ အကျင့်စရိုက် မရှိခဲ့တဲ့အတွက် တခုခုဆို ကြောက်ကြတယ်။ ငါတို့ လက်ခံလိုက်ရင် ငါတို့ကို ထိခိုက်မလားပေါ့။ ဇာတ်ကား တကားလုံး ကြည့်ပြီးတဲ့သူတွေကတော့ သဘောကျကြ တာ များတယ်။ ဇာတ်ကားက ဘာဆိုလိုတယ် ဆိုတာ သူတို့ သေချာသိသွားကြတယ်။

မေး။   ။ မြန်မာပြည် ရဟန်းသံဃာဘဝတွေရဲ့ အဆင်မပြေတဲ့ ဘဝရပ်တည်မှုတွေကို ဘယ်လိုကနေ စပြောင်းလဲ သင့်တယ် လို့ သုံးသပ်ချင်လဲ။ The Monk ဇာတ်ကားရဲ့ ဒါရိုက်တာ တယောက်အနေနဲ့ မဟုတ်ဘဲ သာမန်ပြည်သူ တယောက် အနေနဲ့ သုံးသပ်ပေးပါ။

ဖြေ။   ။ ဒါက ရှင်းပါတယ်။ ဒီလိုဖြစ်တာ စစ်အာဏာရှင်ကြောင့် လေ။ စစ်အာဏာရှင် မရှိတော့ဘူး ဆိုရင် တဖြည်းဖြည်း ကောင်းလာမှာ ပေါ့။ စစ်အာဏာရှင်လည်း မရှိတော့ဘူး၊ အားလုံးကလည်း fair ဖြစ်လာမယ် ဆိုရင်တော့ ကောင်းလာမှာ ပါ။ ချက်ချင်းတော့ ဘယ်ရမလဲ။ အခုလည်း အားလုံးသိနေတာပဲလေ။ ပြဿနာတွေက အများကြီး ဖြေရှင်းလို့မှ မရသေးတာ။

မေး။   ။ လက်ရှိ လူမှုဘဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ နောက်ထပ် ဘယ်လို ဇာတ်ကားမျိုးတွေ ရိုက်ဖို့ ရှိဦးမလဲ။

ဖြေ။   ။ အခု ဇာတ်ညွှန်း ရေးနေတုန်း မပြီးသေးဘူး။ နိုဝင်ဘာလလောက် ပြီးမယ်။ ရိုက်ဖြစ်ရင်တော့ နောက်နှစ် အောက်တိုဘာ လောက်မှပဲ ရိုက်ဖြစ်မယ်။ Society နဲ့ ပတ်သက်တာပဲ။ နောက် အဓိက ဇာတ်ကောင်က အမျိုးသမီး ဖြစ်မယ်။ လမ်းကြောင်း အမှန်သွားချင်တာ သူသွားလို့မရဘူး။ အတိုက်အခိုက်တွေနဲ့ ကျဆုံးရတယ်။ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်တော့ မဟုတ်ဘူး။ အမှန်တရား လုပ်ချင်တဲ့ အမျိုးသမီးဖြစ်ပေမယ့် ကျဆုံးခဲ့ရတယ်။ ဒါပေမယ့် သူ မျိုးစေ့ချပေးခဲ့မယ်။ နောက်လိုက်တွေက ဖြည်းဖြည်းချင်း လိုက်လာမယ်။ ဒီဇာတ်ကားက ပိုပြီး စိန်ခေါ်မှုများမယ်။

Loading