လှိုင်သာယာ စက်မှုဇုန်ရှိ ပိတ်သိမ်းလိုက်ပြီ ဖြစ်သော Master Sports စက်ရုံမှ ပစ္စည်းများကို လေလံတင် ရောင်းချရာမှ ရရှိသော ကျပ်သိန်း ၂၈၈၀ အား အလုပ်သမား ၆၅၀ ကျော်အတွက် လစာနှင့် နစ်နာကြေးများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“နစ်နာကြေးက တနှစ်ကျော်တဲ့သူကို ၃ လစာ ပေးသွားမယ်။ ၃ လ အထက်ကို ၂ လစာ ပေးမယ်။ ၃ လနဲ့ အောက် ကိုတော့ တလစာ ပေးသွားမယ်။ လက်ရှိ လေလံအောင်တာပဲ ရှိသေးတယ်။ ပိုက်ဆံ လာမသွင်းသေးဘူး” ဟု အလုပ်သမား ဝန်ကြီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်လှိုင်က ဧရာဝတီကို ပြောသည်။
Master sports စက်ရုံမှ ပစ္စည်းများကို အောက်တိုဘာ ၉ ရက်က စတင် လေလံတင်ခဲ့ရာ ထိုရက်မှာပင် ရောင်းချ အောင်မြင် သွားပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် လေလံဝယ်ယူသူက တပတ်အတွင်း ငွေသွင်းချေပြီးမှသာ အလုပ်သမား များကို ခုံသမာဓိ ချမှတ်သည့် စည်းကမ်းအတိုင်း ပေးဆောင်သွားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုစက်ရုံမှ အလုပ်သမား ၆၅၀ ကျော်သည် ဇူလိုင်လ လစာနှင့် နစ်နာကြေးများ မရရှိသေးသဖြင့် စားဝတ်နေရေး ခက်ခဲ နေကြသည်ဟု သိရကြောင်း၊ ဝန်ကြီးဌာနမှ အလုပ်သမားများကို တခြား ဖိနပ်စက်ရုံများတွင် ခေါ်ပြီး အလုပ်ခန့်ရန် ပြောသော်လည်း အလုပ်ရှင်များက Master Sports စက်ရုံမှ အလုပ်သမားများကို အလုပ် မခန့်ချင်ကြကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူမှုအဖွဲ့အစည်းမှ အလုပ်သမားရေးရာ ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောသည်။
“အကြွေး ပြဿနာကို ရင်ဆိုင် နေကြရတယ်။ ပိုက်ဆံရမှပဲ အကြွေး ဆပ်နိုင်ကြမယ်။ တခြား စက်ရုံကလည်း Master Sports က အလုပ်သမားဆိုပြီး အလုပ်မခန့်ချင်တဲ့ ပြဿနာ ရှိနေတယ်။ တကယ်တော့ အဲဒီ ကလေးမတွေက အပြစ် လုပ်ထားတာလဲ မဟုတ်ဘူး။ ရပိုင်ခွင့်ကို တောင်းဆိုကြတာပဲ” ဟု ဒေါ်မာမာဦးက ဆိုသည်။
Master sports စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာ ပြဿနာကို အလုပ်သမား ခုံသမာဓိရုံးက ဆုံးဖြတ်ပေးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် လစာရရှိရန် ချိန်းဆိုခဲ့ရာ အလုပ်သမားများက ထိုနေ့ညနေပိုင်းတွင် စက်ရုံသို့ သွားရောက်ခဲ့စဉ် နိုဝင်ဘာလအထိ စောင့်ဆိုင်းရန် ပြောဆိုစဉ် အလုပ်သမား တချို့က စက်ရုံသို့ ကျော်ဝင်ရာ၌ ရဲများ ရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လေလံအောင်တာ ကြားရပါပြီ။ ဒါပေမယ့် ဘယ်လောက်ရမလဲ ဆိုတာ မသိရသေးဘူး။ အလုပ်သမားတွေက တော်တော်ကို အဆင်မပြေ ဖြစ်နေတယ်။ အလုပ်ပြန်ရတဲ့ အလုပ်သမား ၁၀၀ ကျော်ပဲ ရှိသေးတယ်။ အားလုံး မရကြသေးဘူး။ ဝန်ကြီးဌာနက အလုပ်သမား ၆၅၀ ကျော် အတွက် နစ်နာကြေး သိန်း ၂၁၀၀ ပေးဆောင်ရမယ်လို့ ထွက်ချက်ထားတယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေ ဦးဌေးက ဧရာဝတီကို ပြောသည်။
ကိုးရီးယား နိုင်ငံသားပိုင် Master Sports ဖိနပ် စက်ရုံသည် အလုပ်သမားများအား လုပ်အားခ တလစာ မပေးဘဲ စက်ရုံပိတ်သိမ်း လိုက်သည့် အပေါ် မကျေနပ်သဖြင့် အလုပ်သမားများက ကိုးရီးယား ဇူလိုင် ၁၇ ရက်က သံရုံးရှေ့တွင် ဆန္ဒ္ဒပြခဲ့ကြသည်။
Master Sports ဖိနပ် စက်ရုံကို ယခုနှစ် မေလတွင် စတင်ဖွင့်ခဲ့ပြီး ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ခဲ့ကာ အလုပ်သမားများအား တရားဝင် အကြောင်းကြားခြင်း မရှိဘဲ ဇွန်လ ၂၇ ရက်တွင် အပြီး ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများသည် လုပ်အားခအဖြစ် လုပ်သက် သုံးလသမားများမှာ တနာရီလျှင် ၁၅၀ ကျပ်၊ ၆ လ သမားများသည် တနာရီလျှင် ၁၆၀ ကျပ်နှင့် ၆ လနှင့် အထက် အလုပ်သမားများမှာ တနာရီလျှင် ၁၇၀ ကျပ် ရရှိကြပြီး ရှားပါးစရိတ် အဖြစ် တလ ၂ သောင်း ကျပ်ပေးကာ အချိန်ပို ဆင်းပါက တနာရီ ၃၀၀ ကျပ် ပေးသည်ဟု သိရသည်။
၂၀၁၂ ခုနှစ် ဝန်းကျင်မှ စတင်ပြီး နိုင်ငံတဝန်း၌ အလုပ်သမားများသည် လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုများကြောင့် ဆန္ဒပြခဲ့ကြပြီး၊ ၂၀၁၃ ခုနှစ် အတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။