ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုတွင် တရားခံများဟု စွပ်စွဲဖမ်းဆီး ခံထားရသည့် မြန်မာလူငယ် နှစ်ဦး၏ မိဘများ ခေတ္တတည်းခို နေထိုင်ရာ တောင်ဒဂုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား နယ်မြေ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာလူငယ် နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ယခုလ ၁၂ ရက်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိစဉ် တောင်ဒဂုံမြို့နယ်၊ ထန်းသင်ကျောင်းတိုက်၌ ခေတ္တတည်းခိုနေခိုက် ထိုကဲ့သို့ လာရောက် စစ်ဆေး မေးမြန်းခံရခြင်း ဖြစ်သည်ဟု ကျောင်းထိုင် ဆရာတော်က ဧရာဝတီသို့ မိန့်သည်။
“သူတို့လာတော့ ဦးဇင်းက ပုတီးစိပ်နေတယ်။ ဘာအရေးကြီးသလဲ မေးတော့ ဧည့်သည်ရောက်လို့ လာစစ်တာတဲ့။ သူတို့က မေးတယ်။ ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ၊ နိုင်ငံတော်က သိသလား၊ လူကြီးတွေက သိသလား။ အဲဒီလို မေးခွန်းမေးလာတာ” ဟု ထန်းသင်ကျောင်းတိုက်မှ ဆရာတော် အရှင်နာဂသေနက ဆိုသည်။
ထိုသို့ စစ်ဆေး မေးမြန်းရန် တောင်ဒဂုံ ရဲတပ်ဖွဲ့မှ ရဲနှစ်ဦးနှင့် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာတော်က “တကယ့်ကို အခက်အခဲရှိလို့၊ ကိုယ့်မြို့သူမြို့သား ဖြစ်နေလို့၊ ပြီးတော့ ထိုင်းနိုင်ငံမှာဖြစ်တဲ့ ပြဿနာက နိုင်ငံရဲ့ သိက္ခာလည်း ကျတယ်၊ ကျောက်ဖြူမြို့က ကလေးတွေ ဖြစ်နေလို့ အဲဒီမြို့သားကို ဘုန်းကြီးက လက်မခံရင် ဘယ်ဘုန်းကြီးက လက်ခံမှာလဲ။ ဒီတော့ ငါလက်ခံတယ်လို့ ပြောလိုက်တယ်” ဟု ဆက်မိန့်သည်။
ထန်းသင်ကျောင်းတိုက်သို့ သွားရောက် စစ်ဆေးမေးမြန်းမှုတွင် ပါဝင်ခဲ့သည့် တောင်ဒဂုံ မြို့နယ်၊ အမှတ် ၂ ရဲကင်းမှူး တပ်ကြပ်ကြီး တင်မောင်ဌေးထံသို့ ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာ “ဧည့်သည်တွေရဲ့ အသက်၊ အမည်နဲ့ မိဘ အမည်တွေ သိချင်လို့ ကျနော်ရယ်၊ နယ်ထိန်း ဒုရဲအုပ်ရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရယ် သုံးယောက် သွားတယ်။ ကျနော်တို့က လိုအပ်တာ ရှိရင် ဘာအကူအညီ ပေးရမလဲဆိုတာ မေးဖို့ သွားတာပါ။ နှောင့်ယှက်တာ၊ စစ်ဆေးတာမျိုး မဟုတ်ပါဘူး” ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
ထိုသို့ လာရောက် စစ်ဆေးသည့် အချိန်သည် ည ၁၁ နာရီကျော် အချိန် ဖြစ်ပြီး အနီးဝန်းကျင်ရှိ တခြားသော ကျောင်း၊ အဆောက်အအုံများသို့ သွားရောက် ဧည့်စာရင်း စစ်ခြင်းမျိုး မရှိဘဲ မိမိတို့ ကျောင်းသို့သာ လာရောက် စစ်ဆေးခြင်း ဖြစ်သည်ဟု ဆရာတော် အရှင်နာဂသေနက မိန့်သည်။
ဖမ်းဆီးခံထားရသူ တဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်က “ဦးလေးတို့က ပင်ပန်းလို့ အိပ်ပျော်နေတယ်။ ည ၁၁ နာရီကျော် ၁၂ နာရီလောက်မှာ ဒီလူတွေကို ဘာလို့ လက်ခံထားလဲဆိုတာ လာမေးတယ်။ ဒီလိုလုပ်တာ စိတ်မကောင်းဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ ခရိုင်၊ လိပ်ကျွန်းတွင် ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် နှစ်ဦး အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်းလုပ်သား ရခိုင် တိုင်းရင်းသား လူငယ် ၂ ဦးအား အောက်တိုဘာ ၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် နှစ်ဦးတို့၏ မိဘများ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကျောက်ဖြူမြို့ ရခိုင်လူမှုကွန်ရက်နှင့် လူမှုရေး အဖွဲ့အစည်းများ၏ ငွေကြေး ကူညီပံ့ပိုးမှုဖြင့် လိုက်သွားရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံထားရသည့် မြန်မာအလုပ်သမား နှစ်ဦး အရေးနှင့် ပတ်သက်ပြီး မနေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း ဆွေးနွေးကြောင်း၊ ယင်းအဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော် အနေဖြင့် ယင်းလူသတ်မှုနှင့် ပတ်သက်၍ တရား မျှတမှု ရှိစေရန် ထိုင်းလွှတ်တော်သို့ ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။