ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၆ ၏ တပ်စခန်းများ ဆုတ်ခွာပေးရန် အစိုးရတပ်ရင်း ၆၆ က နှုတ်မိန့်ဖြင့် ပြောကြားထားကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို ကော်မတီဝင် ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်ထံမှ သိရသည်။
“တရားဝင် စာပို့တာတော့မရှိဘူး။ နောက် သတင်းတွေ ထွက်နေသလို ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက စာနဲ့ တရားဝင် လှမ်းပြောတာလည်း မဟုတ်ပါဘူး။ တပ်မဟာ ၆၆ ရဲ့ လက်အောက်ခံ ခလရ ၁၁ က ဗိုလ်မှူးကြီး ကျော်ဇေယျ ကတော့ ရွှေ့ပေးဖို့ စကားပါးတာပဲ ရှိတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်သေးပါဘူး” ဟု ၎င်းကဧရာဝတီသို့ ပြောသည်။
KIA တပ်များကို ယနေ့ညနေ ၆ နာရီတွင် ပြောင်းရွှေ့ရန် နှုတ်မိန့်ပေးထားကြောင်း၊ အဆိုပါ နှုတ်မိန့်မှာ အတည် ဖြစ်မဖြစ်ကိုမူ KIA ဘက်က တိကျစွာ ပြောကြားနိုင်ခြင်း မရှိသကဲ့သို့ အစိုးရတပ်ပိုင်းကို မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြားနိုင်ခြင်း မရှိပေ။
ဦးလနန်ကမူ တပ်ပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အတူ ပူးတွဲ ဖွဲ့စည်းထားသည့် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့မှတဆင့် ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထားကြောင်း ပြောသည်။
ထိုသို့ စစ်အင်းအား တင်းမာလာခြင်းမှာ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ၂၀၁၄၊ စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ပြန်လည် လုပ်ကိုင်ခွင့်ပြုပြီးသည့် နောက်ပိုင်း နှစ်ဘက် အခွန်ကောက်ခံမှုမှ စတင်ကာ စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
“ဖားကန့်ဒေသမှာ ကျောက်တွင်းတွေ ပြန်တူးဖော်ပြီးနောက်မှာ KIA ဘက်က အခွန်ကောက်တာ တော်တော်လေး တိုးလာတယ်။ ဒါတွေက အစိုးရဘက်က တပ်နဲ့ ထိပ်တိုက်တွေ့လာတဲ့ သဘော ဖြစ်လာတယ်။ ဒီတော့ ဒါတွေက ပြဿနာ ဖြစ်လာတာ ပါပဲ။ KIA တပ်ရင်း ၆ ကလည်း အခွန်ကောက်တယ်၊ အစိုးရကလည်း ကောက်တယ်။ လုပ်ငန်းရှင်တွေက အကုန် ကြောက်နေရတာ” ဟု ဖားကန့်ဒေသခံ ကျောက်လုပ်ငန်းရှင် ကိုခင်မောင်က ပြောသည်။
လက်ရှိ အနေအထားအရ KIA တပ်စခန်း နေရာများဖြစ်သည့် ကံစီးဒေသတွင် ကျောက်စိမ်းအပြင် ရွှေပါ ထွက်ရှိ သောကြောင့် အဆိုပါနေရာများမှ KIA ဆုတ်ခွာပေးရန် အစိုးရတပ်က နှုတ်မိန့်ပေးထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
“KIA ဘက်ကလည်း အခွန်အနေနဲ့ သိန်းထောင်ချီ ကောက်တယ်ဆိုတာ မဟုတ်ပါဘူး။ သတ်မှတ် ဈေးတွေရှိပါတယ်။ ယန္တရားတွေနဲ့ လုပ်ငန်းတွေကိုတော့ အခွန်ကောက်တယ်။ လုပ်ကွက် ၃၀၊ ၄၀ တွေ ရှိသူတွေကတော့ အခွန်ပေးရတယ်။ ရေမဆေး ရှာသူတွေကိုတော့ အခွန်မကောက်ပါဘူး။ ဒါပေမယ့် ရေမဆေးရှာသူတွေက တန်ဖိုးကြီးတဲ့ ကျောက်ရရင်တော့ အခွန်ကောက်ပါတယ်။ ဒါက သယံဇာတကို သုံးလို့ ကောက်တာပါ” ဟု ဦးလနန်က ပြောပြသည်။
အစိုးရဘက်နှင့် နီးစပ်သူ တဦးက ပြောကြားရာတွင် KIA ဘက်မှ ကောက်ခံသည့် အခွန်များနှင့် ပတ်သက်၍ မကျေနပ်မှု များကြောင့် အစိုးရတပ်ထံ တိုင်ကြားမှုများ ရှိကြောင်း၊ ထို့အပြင် ကျောက်ရောင်းဝယ်မှု တွင်လည်း ကိုယ်စားလှယ် ရုံးခွဲ ထားကာ အခွန် ကောက်ရန် စီစဉ်မှုကြောင့် တပ်မတော်မှ ထိုသို့ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် တပ်များ ရွှေ့ပေးရန်မှာ တရားဝင် ထုတ်ပြန်ခြင်း မဟုတ်သဖြင့် တရားဝင် ရွှေ့ခိုင်းခြင်း မဖြစ်နိုင်ကြောင်း ပြောသည်။
အစိုးရဘက်မှလည်း ဂိတ် ၈ ခုဖြင့် နေ့စဉ် ဖြတ်သန်းသွားလာမှုကို အခွန်ကောက်ခြင်း၊ တရားမဝင် ကျောက်စိမ်း သယ်ယူမှုများကို ဖမ်းဆီးခြင်းမပြုဘဲ လာဘ်ယူခွင့်ပြုခြင်း၊ တနိုင်တပိုင် ကျောက်စိမ်းရှာသူများကို ဖမ်းဆီး အခွန် ကောက်ခြင်းစသဖြင့် အခွန်ငွေများ ကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
“နှစ်ဘက် ဝင်ငွေရတာ အမှန်ဆိုတော့ ဒီဒေသကို ဘယ်သူ့ကိုမှ မပေးချင်ကြဘူး။ အစိုးရ ဘက်ကလည်း လျှော့မှာ မဟုတ်သလို KIA ကလည်း လျော့မှာမဟုတ်တော့ ပစ်ကြမှာပဲ” ဟု ဖားကန့်ဒေသခံ ကျောက်လုပ်ငန်းရှင် ကိုခင်မောင်က ပြောသည်။
လက်ရှိတွင် အစိုးရဘက်မှ တရားဝင် တူးဖော်ခွင့်ပေးအပြီး ဖားကန့်ဒေသတွင် ကုမ္ပဏီ ၁၀ ခုကျော် ပြန်လည် လုပ်ကိုင်နေပြီဖြစ်ကာ အဆိုပါ ကုမ္ပဏီများတွင် အစိုးရတပ်များနှင့် အကျိုးတူ ပူးပေါင်းထားသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။
“ကျနော်တို့ဘက်က ကျူးကျော်တာမရှိဘူး။ နောက် ထိုးစစ်ဆင်တာ မရှိဘူး။ ဒါကိုလာတိုက်ရင်တော့ ကျနော်တို့က ပြန်ခုခံဖို့ လုပ်ရမှာပါ” ဟု KIA တပ်ရင်း ၆ မှတာဝန်ရှိသူ တဦးက ပြောသည်။