တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တပ်မတော်၏ သတင်းထုတ်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဗိုလ်ချုပ် ၃ ဦးကို တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော တပ်မတော် အရာရှိ ၇ ဦးနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ
(ယာယီ) မှ အဖွဲ့ဝင် ၇ ဦးတို့ အောက်တိုဘာလ ၁၄ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ဗိုလ်ချုပ် ၃ ဦးကို သတင်းထုတ်ပြန်ရေး တာဝန်ပေးအပ်ထားသည်ဟု ကာချုပ်မင်းအောင်လှိုင်က ပြောဆိုကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသီဟစောက “ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်
အောင်သော် ၊ ဗိုလ်ချုပ် စိုးနိုင်ဦး ၊ ဗိုလ်ချုပ် အောင်ရဲဝင်း တို့ ၃ ယောက်ကို မီဒီယာနဲ့ ဆက်သွယ်ဖို့ Contact Person အဖြစ် ထားပေးလိမ့်မယ်။ အခုလို တွေ့ဆုံမှု ရလဒ်က တော်တော်ကြီးကို Positive ဖြစ်တယ်။ သူတို့ဘက်ကလည်း မီဒီ်ယာ ကို သိပ်အဆိုး မမြင်တော့ဘူးလို့ ပြောတယ် ” ဟု ပြောဆိုသည်။
တွေ့ဆုံပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံရေးအရ တပ်မတော်သည် နောက်ကြောင်းပြန်လှည့်မည်မဟုတ်ကြောင်း၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် လိုအပ်ပါက ပုံမှန် Press Conference များ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ကာချုပ်မင်းအောင်လှိုင်နှင့် စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှုနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ကြား ပူးတွဲ ကြေညာချက် ထုတ်ပြန်သွား မည်ဟု သိရသည်။
လတ်တလော လက်နက်စက်ရုံသတင်းဖော်ပြမှုဖြင့် Unity ဂျာနယ်မှ သတင်းသမား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်အရေးယူထားရာ မီဒီယာသမားများနှင့် စစ်တပ်အကြား ယုံကြည်မှု ပျောက်ဆုံးလျက်ရှိကြောင်း၊ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Unity သတင်းသမားများကိစ္စ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။
“ Unity ကိစ္စကိုတော့ သတ်သတ်ကြီး မပြောပေမယ့် နောက်ပိုင်းမှာ ဒီလိုမျိုး မဖြစ်အောင် လုပ်သွားမယ်ပေါ့။ ကျနော်တို့ဘက်က အားနည်းချက်လည်း ပြောတယ်။ သူတို့ဘက်က အားနည်းချက်ကိုလည်း ပြောတယ်။ သူတို့မှာလည်း အခက်အခဲတွေ ရှိတယ်ပေါ့ ။ အခု ဖြစ်သွားတာတွေထက် နောက်မဖြစ်အောင် ဘာလုပ်မလဲပေါ့။ ၂ ဖက်စလုံးက နားလည်မှု ရှိဖို့ ၊ ၂ ဖက် ဆက်သွယ်ဖို့ ဆက်သွယ်ရေး လမ်းကြောင်း တွေ ဖွင့်သွားဖို့ ပြောဖြစ်ကြတယ် ” ဟု ဦးသီဟစောက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အရပ်သားအစိုးရတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတလောင်းအဖြစ် တပ်တွင်း ရေပန်း စားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။