ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကလိုထူးဘော စစ်ဌာနချုပ် (DKBA) နှင့် KNU/KNLA –PC အဖွဲ့များပူးပေါင်း၍ ကော်သူး လေတပ်မတော် (KAF) အဖြစ် ပြန်လည်ပေါင်းစည်းရန် သဘောတူလိုက်ကြောင်း စုံစမ်းသိရှိရသည်။
“ကရင်ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပြည်လည်ပေါင်းစည်းတဲ့သဘောပါ။ တခြားဘာသဘောမှ မပါပါဘူး။ KAF ကို သဘော တူတယ်ဆိုတာကလည်း လက်ရှိဖြစ်နေတဲ့ ကရင်ပြည်နယ်က ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့ပါ။ ဒီလို သဘော တူ လိုက် တာ ကလည်း ညီညွှတ်ရေးကို အဓိကထားပြီး လုပ်ဆောင်တာပါ” ဟု DKBA တပ်မဟာ ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်သက် ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဇေယျာက ဧရာဝတီသို့ အသိပေးပြောကြားခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းစည်းရာတွင် KNDO အဖွဲ့ကိုယ်စား သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ဗိုလ်မှူးကြီး နဒါးမြ ကလည်း “ အခြားပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ ကျနော်တို့ အဖွဲ့ဖွဲ့လိုက်တာပါ။ ကျနော်တို့ကရင် လက်နက် ကိုင် အဖွဲ့တွေဟာ အဖွဲ့အမျိုးမျိုး ကွဲနေကြတယ်။ ဒီအဖွဲ့တွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေပါတယ်။ ပူးပေါင်းတယ် ဆိုပေမယ့် ကိုယ့်ရဲ့ အမှတ်တံဆိပ်တွေကို မစွန့်လွတ်ချင်ကြပါဘူး။ တခြားအဖွဲ့တဖွဲ့နဲ့ လုံးလုံးလျားလျား ပူးပေါင်း ဖို့ကိုလည်း ဘယ်သူမှ သဘောမတူကြပါဘူး။ ဒါကြောင့် တပေါင်းတည်း ဖြစ်အောင် KAF ဖွဲ့ဖို့ စိတ်ကူးကို သဘော တူခဲ့ကြတယ်။ အဖွဲ့အစည်းတခုနောက်မှာ အတူရှိဖို့ သဘောတူခဲ့ကြတယ်။ ဒါကြောင့် သူတို့ သဘောတူညီချက် လက်မှတ် ထိုးခဲ့တာပါ” ဟု ဧရာဝတီသို့ပြောဆိုသည်။
ကော်သူးလေတပ်မတော် အဖြစ် ပြန်လည်ပေါင်းစည်းမိသည့်သတင်းသည် မှန်ကန်ပြီး ကရင်ပြည်သူလူထုကို ပူးပေါင်း ကာကွယ်သွားမည်ဖြစ်ကြောင်း DKBA မြဝတီ ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးစိုးမြင့်က ပြောသည်။
“လူထုအရေးကို အဓိက ထားပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စလို့ သိရတယ်။ တခြားဘယ်အကြောင်းအရာမှ မပါဘူး။ ကရင် ပြည်သူ လူထုကို ပူးပေါင်းကာကွယ်ပေးဖို့ သဘောပါ။ အဖွဲ့တွေက တဖွဲ့တည်း ပူးပေါင်းလိုက်တာ မဟုတ်ပါဘူး။
ကိုယ့်အဖွဲ့ လက်အောက်မှာပဲ ကိုယ် ရှိနေကြပါတယ်။ ကရင်ပြည်သူတွေရဲ့ အရေးကို ပူးပေါင်း ဆောင်ရွက်ဖို့ ပြန်လည် ပေါင်းစည်း တဲ့ သဘောပါ။ ဒီအဖွဲ့တွေ ပြန်လည်ပေါင်းစည်းတယ်ဆိုတာတော့ ဟုတ်ပါတယ်” ဟု ဗိုလ်ကြီးစိုးမြင့်က ရှင်းပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) က ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခု ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်အပေါ် တရားမဝင်သော သဘောတူညီချက်ဖြစ်ကြောင်း KNU ဘာအံ ဆက်ဆံရေးရုံးမှ ဗိုလ်မှူး စီးရှီက ဧရာဝတီသို့ ပြောဆိုသည်။
“ မိခင် ကေအန်ယူအနေနဲ့ ဒီကိစ္စတွေအပေါ် ကေအန်ယူရဲ့ သဘောတူညီချက် မပါဝင်ဘူးလို့ ပြောရမယ်။ ကေအန်ယူ အနေ နဲ့ တရားဝင်ဖို့ဆိုရင် ခရိုင် ၇ ခု၊ တပ်မ ၇ ခုက အစည်းအဝေး လုပ်ပြီး သဘောထား ထုတ်ပြန်မှ တရားဝင် ဖြစ်တာပါ။ ဒါကြောင့် ကေအန်ယူအနေနဲ့တော့ ဒီအပေါ် တရားမဝင်ဘူးလို့ပဲ ပြောရပါမယ်” ဟု ၎င်းက ဆိုသည်။
ကော်သူးလေတပ်မတော်(KAF) သည် ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ ၄ ချက်အပေါ် ရပ်တည် သွားမည်ဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် KAF ၏ ရည်ရွယ်ချက်များအဖြစ် ကရင်တမျိုးသားလုံးနှင့် ပြည်သူ လူထု၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ KAF အဖြစ် ပေါင်းစည်းထားသည့် KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့များသည် တခုတည်းသော ကရင်အမျိုးသား အလံတော်အောက်တွင် ရှိနေကြပြီး အဖွဲ့တခုခုအပေါ် ထိပါးလာခြင်း၊ ကျူးကျော် တိုက်ခိုက် လာခြင်းနှင့် စော်ကားလာခြင်းများ ပြုလုပ်ခံရပါက အဖွဲ့အနေနှင့် တသွေးတသံ၊ တညီတညွှတ်တည်း ခုခံ တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထား သည်။
ထို့ပြင် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသော စစ်မှန်သည့်
ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ပေါက်ရေးကို တိုင်းရင်းသားတပ်ပေါင်းစုနှင့် ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားရန်၊ KAF အဖွဲ့ကို မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ပေါ်ထွန်းရေးကို တိုင်းရင်းသား ပြည်သူလူထုများ၊ ပြည်တွင်းပြညပ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက် ရသွားမည်ဟုလည်း ဖော်ပြထားသည်။
ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကို ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဦးဆောင်ပြီး ၁၉၄၈ ခုနှစ်တွင် ဗဟိုအစိုးရကိုတိုက်ခိုက်ရန် ဖွဲ့စည်းခဲ့ကာ နောက်ပိုင်းတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) အဖြစ် ပြောင်းလဲ ခဲ့ကြောင်း၊ KNU လက်အောက်မှ သဘောထား ကွဲလွဲပြီး KNLA၊ DKBA၊ KNU/KNLA-PC အဖွဲ့များ အသီး သီး ခွဲထွက် ခဲ့ကြပြီး လက်ရှိအခြေအနေတွင် မိခင် KNU အဖွဲ့သည်လည်း သီးခြား ရပ်တည်နေကြောင်း၊ ခွဲထွက် သွားသည့် KNLA၊ DKBA၊ KNU/KNLA-PC အဖွဲ့များသည်လည်း ၎င်းတို့၏ ရပ်တည်ချက်များအတိုင်း အသီးသီး ရပ်တည် လှုပ်ရှား လျက်ရှိကြောင်း သိရှိရသည်။