ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် အဓိက တရားလိုပြ ကိုမောင်မောင်ကို မနေ့က မနက် ၁၀နာရီခွဲခန့်မှာ ကော့စမွေ တရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေထွက်ချက် ရယူပါတယ်။
အခုအခါမှာတော့ ကိုမောင်မောင်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ ကစီစဉ်နေပါတယ်။
လိပ်ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့က အဓိကသက်သေအဖြစ် တင်ပြခဲ့တဲ့ ကိုမောင်မောင်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ကိုမောင်မောင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဘယ်လိုရှိပါလဲ
ဖြေ။ ။ ပုံမှန်ပါပဲ၊ အခုလောလောဆယ်တော့ မြန်မာသံရုံးက ဆရာကြီးတွေနဲ့ နေပါတယ်။
မေး။ ။ မနေ့က တရားရုံးမှာ ကိုမောင်မောင်တို့ကို ကြိုတင်သက်သေ ထွက်ချက်ယူတော့ ဘာတွေ မေးလဲ။
ဖြေ။ ။ ကျနော်ကို အမှုနဲ့ပတ်သက်လို့ မေးတာကတော့ အများကြီးပဲ၊ ကျနော်လည်း စဉ်းစားပြီး ဖြေတယ်၊ လုံးဝတိကျမှပဲ ဖြေတယ်၊ မတိကျရင် လုံးဝမဖြေဘူး၊ တရားရုံးမှာ အတိအကျပဲ ထွက်ချက်ပေးခဲ့ တယ်။
မေး။ ။ ကိုမောင်မောင်ကို ထိုင်းတရားရုံးက မေးတယ်၊ အခု အသစ်ခန့်ပေးထားတဲ့ စကားပြန်က ဘာသာပြန်ပေးတာဆိုတော့ စကားပြန်အသစ်ရဲ့ ဘာသာပြန်မှု အပေါ်မှာရော စိတ်ကျေနပ်မှုရှိလား။
ဖြေ။ ။ စကားပြန်အသစ်ကို ပြောထားပါတယ်၊ ကျနော်လည်း မဟုတ်တာမပြောဘူး၊ ခင်ဗျားလည်း မှန်မှန်ကန်ကန် ပြန်ပါလို့ ပြောထားတယ်၊ သူကလည်း ပြောတယ်၊ ငါက တရားရုံးမှာမို့လို့ စကားပြန်လာ လုပ် တာပါ၊ တခြားနေရာမှာတော့ ငါ ပြဿနာတက်မှာစိုးလို့ ဘာသာပြန်မလုပ်ရဲဘူးလို့ပြောတယ်။
မေး။ ။ ထိုင်းရဲတပ်ဖွဲ့က ကော့စမွေကျွန်းမှာ ကိုမောင်မောင်ကို ထိန်းသိမ်းထားတဲ့ အချိန်တုန်း ကရော၊ ဘယ်လိုခံစားရလဲ
ဖြေ။ ။ စိတ်ကျဉ်းကျပ်တာပေါ့၊ လူတယောက်မှာ အဓိကက စိတ်ချမ်းသာမှုဆိုတော့ အဲဒီအချိန်တုန်း က တော်တော်ခံစားခဲ့ရပါတယ်၊ ကျနော်ဖာသာတယောက်ထဲ တီဗွီကြည့်ချင်ကြည့် ၊ အိပ်ချင်ရင်အိပ် အဲဒီလို ပဲ နေတော့တယ်၊ ကျွေးတာမွေးတာကတော့ ပုံမှန်ပါပဲ၊ စားချိန်တန် စားတာပါပဲ။
မေး။ ။ ထိန်းသိမ်းခံရတုန်းက ကိုမောင်မောင်နဲ့ ထိုင်းရဲတွေအကြားမှာရော ဘယ်လိုအခြေအနေလဲ၊ ခြိမ်းခြောက်တာတွေ ရှိပါသလား။
ဖြေ။ ။ ကော့စမွေမှာတော့ သူတို့ မလုပ်ပါဘူး၊ ပုလိပ်က သုံးယောက်ရှိတဲ့အခါလည်း ရှိတယ်၊ လေးယောက်ရှိတဲ့အခါလည်း ရှိတယ်၊ အများကြီး ရှိတဲ့အခါလည်း ရှိတယ်၊ သူတို့ဖာသာသူတို့နေပါတယ်။
မေး။ ။ ကိုမောင်မောင်တို့ကို ပထမ စကားပြန်လုပ်ပေးတဲ့ ရိုတီရောင်းတဲ့သူ ကိုကမာ ကရော ကိုမောင်မောင် ကို ဘာတွေပြောလဲ။
ဖြေ။ ။ အဲဒီစကားပြန် ကိုကမာကိုတော့ ကျနော် အစကတည်းက စကားအကုန်ပြောထားတယ်၊ ကျနော့်ကို ရိုက်ချင်ရိုက်၊ လုပ်ချင်လုပ် ကျနော်မှန်တာကိုပဲ ပြောမယ်လို့ အဆုံးအထိပြောထားတဲ့အတွက် စကားပြန်က လာပြီး စကားလည်း မပြောရဲဘူး၊ လာရင်လည်း နေကောင်းလားမေးရင်၊ နေကောင်းတယ် အဲဒီလောက်ပဲ ပြောတယ်။
မေး။ ။ ကိုမောင်မောင်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဝင်းဇော်ထွန်းတို့ ဇော်လင်းတို့ အကြောင်းကိုရော တွေးမိလား၊ အခုအဖြစ်အပျက်တွေက သူတို့အတွက် ဘယ်လိုဖြစ်သွားမယ်ဆိုတာ သိလား။
ဖြေ။ ။သူတို့နဲ့ မဆိုင်ဘူးဆိုတာတော့ သိတယ်၊ ဒါပေမယ့် အခုအချိန်အထိ တခုခုခံစားနေရသလိုပဲ၊ ဝမ်းမသာနိုင်ဘူး ဖြစ်နေတယ်။
မေး။ ။ ကိုမောင်မောင်ရဲ့ ဇာတိက ရခိုင်ပြည်နယ် ဘယ်မြို့ကလဲ၊ မိဘတွေရှိသေးလား၊ မိဘတွေက လိုက်လာဖို့ အစီအစဉ်ရှိလား
ဖြေ။ ။ ရသေ့တောင်မြို့နယ် လှိုင်းကွင်းကျေးရွာ ကပါ၊ ကျနော် မိဘတွေက အသက်ကြီးပြီ ဒါကြောင့် သွားရလာရတာ အဆင်မပြေဘူး၊ ကျနော့်အတွက်လည်း စိတ်ဒုက္ခရောက်နေရတယ်ကြားတယ်၊ ဒါကြောင့် လိုက်မလာဖို့ ပြောပြီးပြီ။
မေး။ ။ ထိုင်းနိုင်ငံမှာ မိသားစု အတွက် အလုပ်လာလုပ်ပေမယ့်၊ အခု မြန်မာပြည်ပြန် တော့မယ် ဆိုတော့ တော်တော် စိတ်ပျက် စိတ်ကုန်သွားပြီလား
ဖြေ။ ။ ကျနော့်စိတ်ထဲမှာ ဘယ်လိုဆိုရမလဲ၊ အဲဒီပြဿနာ ဖြစ်တဲ့နေ့ကစပြီးတော့ လုံး၀ စိတ်ပျက် သွားပြီ၊ ကိုယ်က ဘာမှမသိတဲ့လူ၊ ဘာမှမဟုတ်တဲ့လူ၊ ကိုယ့်ကို ဖမ်းချုပ်လာတဲ့ နေ့ကစပြီး ပြန်ချင်တာ တခုပဲ ဦးတည်ထားတော့တယ်။
မေး။ ။ ကိုမောင်မောင် အခုပြဿနာတက်နေတဲ့ လိပ်ကျွန်းမှာ ဘာအလုပ်လုပ်ပါသလဲ
ဖြေ။ ။ ကျနော်စားသောက်ဆိုင်မှာ လုပ်တယ်၊ AC Bar(2) မှာလုပ်ပါတယ်၊ AC Bar တွေက ကျွန်းမှာ ဆိုင်ခွဲတွေများတယ်၊ အခုဆိုင်က သူဌေးအမေဆိုင်၊ ဟိုဘက်တွေမှာ သမီးရဲ့ဆိုင်၊ ဟိုးဘက်မှာက သူ့ သားရဲ့ ဆိုင်ရှိပါတယ်။
မေး။ ။ ဆိုင်ရှင်နဲ့ ကိုမောင်မောင်တို့ ဆက်ဆံရေး ပြောပြပါအုံး
ဖြေ။ ။ သူဌေးနဲ့ အလုပ်သမားဆိုတော့ ထမင်းစားရင်တောင် သူဌေးရှေ့မှာ စားရတာ မကောင်းဘူး၊ ကိုယ့်နားလည်မှုနဲ့ ကိုယ် နေရတယ်၊ ကိုယ်က အလုပ်သမားတယောက်ဖြစ်တော့ ကိုယ့်ဖာသာကိုယ်ချက်စား ရင်တောင် သူတို့ ရှေ့မှာတော့ သိပ်လုပ်လို့ မရဘူး၊ ကွယ်ရာမှာ တခါတလေ ချက်စားရတယ်။