ထိုင်းနိုင်ငံတွင် ဗြိတိသျှနိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရသော လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားစီရင်ရာတွင် ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်နှင့် မြန်မာ သံအမတ်တို့သည် ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး မစ္စတာ ဆုမ် ယွတ် ပွန်ပန်မွမ်တို့ ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ပြီးနောက် ထိုကဲ့သို့ မူအရသဘောတူခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံအမတ် ဦးဝင်းမောင်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ဆီက လေ့လာတဲ့သူတွေကို ထိုင်းဘက်က ခွင့်ပြုမယ်၊ ပြီးရင် လွတ်လပ်ပြီးတော့ တရားမျှတတဲ့ စစ်ဆေးမှု လုပ်မယ် ဆိုတာ သဘောတူညီခဲ့ကြပါတယ်” ဟု ဦးဝင်းမောင်က ဆိုသည်။
ထိုင်းနိုင်ဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ မာ့ခ်ကဲန့် ၊ မြန်မာသံအမတ် ဦးဝင်းမောင်နှင့် ထိုင်း ဘုရင့်ရဲတပ်ဖွဲ့တို့၏ ၃ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီကြာမြင့်ခဲ့ပြီး အသေးစိတ် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား မစ္စတာ ဒေဗစ်မီလာနှင့် မစ္စ ဟန်နာ ဝစ်သရစ်ချ်တို့ ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးကို လူသတ်မှု၊ မုဒိန်းကျင့်မှု၊ လုယက်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု ပုဒ်မများနှင့် တရားရုံးတင်ရန် ထိုင်းအာဏာပိုင်များက ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို တရားရုံးု ထုတ်ခဲ့ပြီး ထိုင်းအစိုးရတရား လိုပြသက်သေ မြန်မာ ၃ ဦးသည် ကော့စမွီခရိုင်တရားရုံး တရားသူကြီးရှေ့မှောက်တွင် ကြိုတင်စစ်ဆေး ထွက် ဆိုချက် ပေးခဲ့ကြကြောင်း၊ ကော့စမွီတရားရုံးသို့ ရောက်ရှိလာသော မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးသည် ကျန်းမာ ရေး ကောင်းမွန်သည့် သွင်ပြလက္ခဏာ ရှိသော်လည်း ရင်ဘတ်နာ နေသည်ဟုပြောဆိုကြောင်း ၊ ၎င်းတို့ ၂ ဦးအတွက် ရှေ့နေငှားရမ်းခြင်းကို မြန်မာသံရုံးက စီစဉ် ထားပြီးဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ထွက်ချက်တွေကို ကြည့်ရင် စွပ်စွဲ ခံရသူတွေကို ငြိစွန်းမှု မရှိပါဘူး၊ သူတို့ရဲ့ ပြောဆိုချက်က အခင်းဖြစ်တဲ့ လူ သတ်မှုနဲ့ပတ်သက်ပြီး မြင်တာ၊ တွေ့တာ၊ သိတာ မရှိဘူးလို့ ပြောခဲ့ကြတာ” ဟု တရားရုံးသို့ သွားရောက် ခဲ့ သည့် မြန်မာ သံရုံး အထူးအဖွဲ့မှ ဥပဒေရေးရာ ကူညီပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီ ကို ပြောသည်။
ထိုင်းတရားရုံးတွင် ကြိုတင် သက်သေထွက်ဆိုချက်ပေးပြီးနောက် ထိုင်းရဲ၏ထိန်းချုပ်မှုအောက်တွင် ထားရှိထားသော မောင်မောင် အပါအဝင် တရားလိုပြသက်သေ မြန်မာ ၃ ဦး တို့ကို မြန်မာသံရုံး အထူးအဖွဲ့က ထိုင်းရဲထံမှ ပြန်လည် လွှဲ ပြောင်း ရယူပြီး အဆိုပါမြန်မာ ၃ ဦးသည် မြန်မာသံရုံး အထူး အဖွဲ့နှင့်အတူရှိနေကြောင်း၊ ထိုမြန်မာ ၃ဦး၏ လုံခြုံရေးကို မြန်မာသံရုံးက စီစဉ် ပေးနေကြောင်း၊ တရားခံဟု စွပ်စွဲခံရသူ မြန်မာ ၂ ဦး၏ မိသားစုများ ထိုင်းနိုင်ငံ လာရောက်နိုင်ရေး အတွက်လည်း မြန်မာသံရုံးက စီစဉ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဗြိတိန်နိုင်ငံခြားဝန်ကြီးဌာနကလည်း ဗြိတိန်နိုင်ငံဆိုင်ရာ ထိုင်း သံရုံး ယာယီ တာဝန်ခံအား ဆင့်ခေါ်မေးမြန်းပြီး လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေးမှုအပေါ် ထိုင်းအာဏာပိုင်များက ကိုင်တွယ် နေမှုကို ဗြိတိန်က စိုးရိမ်ကြောင်း၊ လိပ်ကျွန်း လူသတ်မှုကိစ္စ စုံစမ်းစစ်ဆေးမှုများအတွက် ဗြိတိန်ရဲတပ်ဖွဲ့ အနေဖြင့် တရားဝင် အကူအညီပေးနိုင်ရေး အဆင်သင့်ရှိ သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။