ရှမ်းပြည်နယ် တောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော်သည် ကျေးသီး မြို့နယ် ဖာဆောင် ကျေးရွာအုပ်စု ဝမ့်ဝပ်ဘုန်ကြီး ကျောင်းတွင် ခိုလှုံနေကြရပြီး စစ်ရေးတင်းမာနှင့် လုံခြုံရေး စိတ်မချရမှုတို့ကြောင်း ဒုက္ခသည်များ ကူညီရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
အစိုးရ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA ) တို့အကြား ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်၍ စစ်ရေးအခြေအနေ ပြန်လည် တင်းမာပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့် အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် သည် ဖာဆောင် ကျေးရွာအုပ်စု အနီးရှိ ဝမ့်ဝပ် ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ အချိန်တွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက် ကူညီရန် စစ်တပ်က တားဆီး ထားကြောင်း၊ ထို့ပြင် တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်သဖြင့် အကူအညီပေးရေး ဆောင်ရွက်သူများ ဒုက္ခသည်များထံ သွားရောက်ရန် လုံခြုံရေး စိုးရိမ်မှုကြောင့် မသွားရဲကြဟု သိရှိရသည်။
“ဒုက္ခသည်တွေကို သွားကူညီဖို့ အတွက် အရမ်းကို ခက်ခဲနေတယ်။ လမ်းမကြီးမှာ တိုက်ပွဲတွေ ဘယ်အချိန် ပြန်ဖြစ်မယ် ဆိုတာ မသိဘူး။ တချို့ကျေးရွာက ရွာသားတွေကို စစ်တပ်က ရွာပြင် ပေးမထွက်ဘူး။ ကျေးသီးဘက်ကို ပေးမလာတာတွေ ရှိ နေတယ် ” ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက် ကူညီပေးနေသည့် ကျေးသီးမြို့နယ် ဒေသခံဦးစိုင်းလိန်ခမ်း က ဧရာဝတီကို ပြောသည်။
အောက်တိုဘာလဆန်းပိုင်းတွင် SSPP/SSA တပ်နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ဒုက္ခသည် ဦးရေ ထပ်မံတိုးတက်လာကြောင်း၊ ဒုက္ခသည်များသည် ၎င်းတို့၏ စားဝတ်နေရေး အတွက် မိမိနေရပ်သို့ ပြန်၍ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လုပ်ကိုင်လိုကြသော်လည်း လုံခြုံရေး စိတ်မချရသဖြင့် မပြန်ရဲကြကြောင်း စစ်ရှောင် ဒုက္ခသည်များကို သွားရောက် ကူညီကြသော ကျေးသီးမြို့ ဒေသခံများက ဆိုသည်။
SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဦးစပ်ခွန်ဆိုင်ကမူ “ လောလောဆယ် ကျနော်တို့ တိုက်ပွဲတွေ ရပ်ထားပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကျနော်တို့က အမြဲတမ်း ကြိုဆိုပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံရင် တင်ပြ ပေးသွားပါမယ်” ဟု ဧရာဝတီကို ပြောသည်။
လတ်တလော စစ်ဘေးရှောင် ဒုက္ခသည်များနှင့် အဆက်အသွယ် မရရှိသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ပြီး ဒုက္ခသည်များသည် စားဝတ်နေရေး ခက်ခဲနေကြကြောင်း၊ စစ်ဘေးရှောင်သူများတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ ပိုမိုများပြားကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသည့် မူဆယ်ဒေသခံ ဦးစိုင်းမြတ်အောင်က ပြောသည်။
“စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် ရန်ပုံငွေပွဲတွေ ပြုလုပ်ပြီး သွားရောက် လှုဒါန်းဖို့ ကြိုးစားနေတယ်။ အဲဒီ ဒေသကို သွားကူညီဖို့ အတွက် အခု လမ်းကြောင်းတွေ ပိတ်ထားတယ်။ ဆောင်တွင်း ရောက်နေပြီ ဆိုတော့ သူတို့တွေ အတွက် အဝတ်တွေ လိုအပ်မယ်” ဟု ဦးစိုင်းမြတ်အောင် ဆက်ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော နေရာများတွင် အစိုးရ စစ်တပ်သည် ဒေသခံ ရွာသားများကို ရိုက်နှက်ခြင်း၊ ဒေသခံများ နေအိမ်မှ ပစ္စည်းများ လုယက်မှုနေသောကြောင့်ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရ ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ထုတ်ပြန်သော ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။