မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အနမ်းပင်ကျေးရွာတွင် စက်မှုဝန်ကြီးဌာနက သိမ်းဆည်းထားသော ဥယျာဉ်ခြံမြေများတွင် ဝင်ရောက်သော မူလပိုင်ရှင် မြေသိမ်းဆည်းခံ တောင်သူ ၉ ဦးကို သထုံခရိုင်တရားရုံးက ပိုင်နက် ကျူးလွန်မှု ၊ ဖျက်ဆီးမှု များဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်၊ မတ်လတွင် မြေသိမ်းဆည်းခံ တောင်သူ ၉ ဦး သည် စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့သော
ရော်ဘာခြံ မြေများအတွင်း ဝင်ရောက်၍ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခဲ့သည့်အတွက် စက်မှုဝန်ကြီးဌာနက ယင်း တောင်သူ ၉ ဦးကို ပုဒ်မ ၄၁၇ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၇၇ သူတပါးအကျိုးစီးပွားဖျက်ဆီးမှု များဖြင့် တရားစွဲဆို ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် သထုံခရိုင်တရားရုံးက ယင်းတောင်သူ ၉ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရသော ဒေသခံတောင်သူများမှာ ဦးတမာလေး၊ ဦးသောကြာ၊ ဦးစောအောင်အေး၊ ဦးစောညိုဦး၊ ဦးအုန်းမြင့်၊ ဦးခင်အောင်မြင့် အပါအဝင် ဒေသခံ တောင်သူ ၉ ဖြစ်ကြောင်း သိရှိရသည်။
“သိမ်းဆည်းခံရတုန်းကဆိုရင် သူတို့မှာ ထင်းတိုတချောင်းတောင် မရခဲ့ဘူး၊ အခုလို ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတာ အရမ်းကို နစ်နာပါတယ်၊ ဒါကြောင့် သူတို့တွေအတွက် ကျနော်တို့တွေ အယူခံ ဝင်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ်၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဦးသန်းမြင့်က ဧရာဝတီသို့ ရှင်းပြသည်။
အနမ်းပင်ကျေးရွာအတွင်းရှိ ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေများကို ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ၁၉၈၄ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်မှူးမျိုးခင် ဆိုသူက သိမ်းဆည်းခဲ့ကြောင်း၊ ထို့နောက်၂၀၀၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန က ရော်ဘာခြံ များစိုက်ပျိုးရန်ဟုဆိုကာ ဆက်လက်သိမ်းဆည်းခဲ့ကြောင်း၊ သို့သော် ရော်ဘာခြံစီမံကိန်းမှာလည်း မအောင်မြင် သည့် အတွက် မူလပိုင်ရှင် ဒေသခံ တောင်သူ ၉ ဦး က သိမ်းဆည်းခံထားရသည့်မြေပေါ်တွင် လယ်ယာမြေလုပ်ကိုင်ရန် ကြိုးစား စဉ် ယခုကဲ့သို့ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဝန်ကြီးဌာန က သိမ်းထားတဲ့မြေတွေလို့ပြောပြောနေကြပြီး တဧက ၅ သိန်းနဲ့ ရောင်းစားနေတာတွေရှိတယ်။ အစိုးရ က လယ်ယာမြေတွေ ပြန်ပေးမယ်လို့ ပြောနေပေမယ့် အခုချိန်မှာတော့ ကျနော်တို့ မြေတွေကို တလက်မ တောင် ပြန်မပေး နိုင်ကြဘူး”ဟု ဦးသန်းမြင့်က ဆက်လက်ရှင်းပြသည်။
အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ဒေသခံတောင်သူ ၅ ဦးသည် သိမ်းဆည်းခံ မြေများ ပြန်လည်ရရှိရေး ကြိုးစားစဉ်
ကျူးကျော်ဝင်ရောက်မှု၊ တရားမဝင် ဆန္ဒထုတ်ဖော်မှု စသော ပုဒ်မမျိုးစုံတပ်၍ တရားစွဲဆို ဖမ်းဆီးအရေးယူများ အာဏာပိုင် များက လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အစိုးရက နိုင်ငံတဝန်း လယ်မြေသိမ်းဆည်းမှုများကို ဖြေရှင်းနိုင်ရေး ကော်မတီတရပ်ဖွဲ့စည်းဆောင်ရွက်နေသော်လည်း အမှန်တကယ်လက်တွေ့တွင် မြေယာပြဿနာများ ဖြေရှင်းပေးနိုင်ခြင်းမရှိသဖြင့် နိုင်ငံတဝန်း ဆန္ဒထုတ်ဖော်မှုများ၊ တင်းမာ မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။