စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲ သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁ လ ကျော် ဖမ်းဆီးတရားရင်ဆိုင်နေရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ သမဂ္ဂ အဖွဲ့ချုပ်မှ ကျောင်းသူ မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးက အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ် ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုဖြင့် တရားလို ပြုလုပ်တိုင်ကြားသူ မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ဦးလှစိန်က မဖြူနှင်းထွေး အပေါ် စွဲဆိုထားသော တရားစွဲမှုအပေါ် အမှု ပြန်လည်ရုပ်သိမ်းလိုကြောင်း ယင်းမာပင်ခရိုင်တရားရုံးသို့ ယနေ့ လျှောက်ထားခဲ့ရာ ကန့်ကွက်မည့်သူမရှိသည့်အတွက် အမှုရုပ်သိမ်းပြီး တရားရုံးက ချက်ချင်း လွှတ်ပေးလိုက်ခြင်း ဖြစ် ကြောင်း မဖြူနှင်းထွေး၏ ရှေ့နေဦးသိန်းသန်းဦးက ဧရာဝတီသို့ပြောသည်။
“ဦးလှစိန် က အမှုပြန်လည်ရုပ်သိမ်းလိုကြောင်းတင်ပြတဲ့အပေါ် တရားစွဲအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတွေဘက်ကလည်း မကန့်ကွက်ဘူး၊ ရှေ့နေချုပ်ရုံးဘက်ကလည်း ထောက်ခံတာကြောင့် ပုဒ်မ ၄၉၄ (က) အရ မဖြူနှင်းထွေးကို တရားရှင် လွှတ်ပေးလိုက်ပါပြီ”ဟု ဦးသိန်းသန်းဦးက ဆိုသည်။
မဖြူနှင်းထွေးသည် လတ်တလော ကျန်းမာရေးကောင်းမွန်ပြီး ဗကသက မဖြူနှင်းထွေးလွတ်မြောက်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပရန် ရှိကြောင်း သိရှိရသည်။
ရတနာပုံတက္ကသိုလ်မှ မြန်မာစာ ဒုတိယနှစ်ကျောင်းသူဖြစ်သော မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရာတွင် ပါဝင်ပတ်သက် မှုရှိသည် ဟုဆိုကာ ပုဒ်မ ၃၆၄၊ ၃၆၈ တို့ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းဖြစ်သည်။