ရန်ကုန်မြို့လယ်ခေါင်၊ သမ္မတ ရုပ်ရှင်ရုံအနီးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက လူအုပ်စု ၂ ခုအကြား အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု တခုဖြစ်ပွားခဲ့ပြီး ယင်းခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေချာစွာ သိရှိထားခြင်း မရှိသေးဘဲ စုံစမ်းနေဆဲအဆင့်တွင်သာရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က သမ္မတ ရုပ်ရှင်ရုံ အနီးရှိ အနှေးယာဉ်ဂိတ်မှ အနှေးယာဉ် လုပ်သား ၂ ဦးသည် သမ္မတ ရုပ်ရှင်ရုံဘက်သို့ ထမင်းကြော်စားရန် လမ်းကူးနေစဉ် Light Truck ကားတစီးပေါ်မှ လူတချို့က ဆဲရေး တိုင်းထွာရာမှ တဖက်နှင့်တဖက် စကားများပြီး ကားပေါ်မှ လူတချို့က အနှေးယာဉ် လုပ်သား ၂ ဦးကို အရက်ပုလင်း များ ဖြင့် ဝိုင်းရိုက်ကြကြောင်း၊ ထို့နောက် အရိုက်ခံနေရသူ ၂ ဦးကို ကူညီရန် အနှေးယာဉ်လုပ်သားများ ထပ်မံ ရောက်ရှိလာပြီး ကားပေါ်ပါသူများနှင့် အုပ်စုဖွဲ့ ရိုက်နှက်ကြသည့် ရန်ပွဲအဆင့်သို့ ရောက်ရှိသွားကြောင်း သိရှိရသည်။
ထို့နောက်Light Truck ကားမှာ မောင်းပြေးသွားပြီး ကားပေါ်မှ လူ ၂ ဦး ကျရစ်ခဲ့ကြောင်း၊ ကျန်ရစ်ခဲ့သူ ၂ ဦးကို အနှေးယာဉ် လုပ်သားတချို့က မင်္ဂလာတောင်ညွှန့် ရဲစခန်းသို့ ပို့ဆောင်သော်လည်း မင်္ဂလာတောင်ညွှန့်ရဲစခန်းက မှုခင်းဖြစ်ပွားသည့်နေရာသည် ဒဂုံမြို့နယ် အပိုင်ဖြစ်သောကြောင့် အမှုလက်မခံဟု ငြင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် အနှေးယာဉ်လုပ်သားများက အဆိုပါလူ ၂ ဦးကို ဒဂုံမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် မောင်းပြေးသွား သော Light Truck ကား ပြန်လည်ရောက်ရှိလာကြောင်း၊ ယင်း Light Truck ကားပေါ်တွင် တုတ်၊ ဓါးများ ကိုင်ဆောင်ထားသည့် လူ ၄၀ ခန့် ပါဝင်လာပြီး အနှေးယာဉ်လုပ်သားများနှင့် ရိုက်ပွဲများ ထပ်မံ ဖြစ်ပွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့လယ်ခေါင် သမ္မတရုပ်ရှင်ရုံရှေ့တွင် လူအုပ်ကြီး ၂ ခု အပြန်အလှန် ရိုက်နေကြသည်ကို သမ္မတရုပ်ရှင်ရုံ အနီး လုံခြုံရေး ယူနေသော နယ်ထိန်း ရဲအရာရှိက တွေ့ရှိသော်လည်း တစုံတရာ တားဆီးခြင်းမပြုကြောင်း မျက်မြင်တွေ့ရှိသူတချို့က ပြောဆိုသည်။
မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက “အခု စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ဘယ်ပုဒ်မနဲ့ တပ်ပြီး အမှုဖွင့် ရမလဲ၊ ဘယ်သူတွေလဲ၊ ပြစ်မှု အမှတ်က ဘယ်လောက်လဲ ဆိုတာ ကျနော်တို့ တိတိကျကျ ပြောလို့ မရသေးဘူး။ သမ္မတ ရုပ်ရှင်ရုံရှေ့မှာ စဖြစ်ကြတယ်လို့ သိထားတော့ ဒဂုံမြို့နယ် ရဲစခန်းမှာလည်း အမှုဖွင့်ထားမလား မသိဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ရန်ပွဲတွင် ပါဝင်ခဲ့သော အနှေးယာဉ် လုပ်သားတဦးက“ ကျနော်တို့က ဘာလက်နက်မှ အဆင်သင့် ယူထားတာမျိုး မရှိဘူး။ နီးစပ်ရာ အုတ်ခဲတွေ၊ တုတ်တွေ၊ ဝါးလုံးတွေနဲ့။ သူတို့မှာက အဆင်သင့် သံတုတ်တွေ၊ ဓါးတွေပါ ပါလာတာ။ ကျနော်တို့ ဘက်က တဦးတော့ လက်ကို ဓါးထိသွားတာ တော်တော်များတယ်။ ကျနော့်တူ တယောက်လည်း ခေါင်းကွဲသွားတာ ၅ ချက် ချုပ်ထားရတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
သြဂုတ်လအတွင်းကလည်း ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် လူအုပ်စု ၂ ခုအကြား အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု တခုဖြစ် ပွားခဲ့ပြီး အခင်းဖြစ်ပွားမှုကို သတင်းမီဒီယာများက အကျယ်တဝင့်သတင်းဖော်ပြမှသာ ရဲတပ်ဖွဲ့က အရေးယူမှုများ စတင် လုပ်ဆောင်လာခဲ့သည်။