စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အတိုက် အခံနိုင်ငံရေး အင်အား စု တွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အရာထားလို့ တညီ တညွတ်တည်း တသံတည်း စုပေါင်း အင်အား နဲ့ တိုက်ပွဲဝင်ခဲ့ပြီး အသံတွေ ကျယ်လောင်ပေမယ့် စစ်အစိုးရ ကနေ အသွင်ပြောင်းလိုက်တဲ့ အရပ်သား အမည်ခံ အစိုးရသစ် လက်ထက် မှာတော့ အတိုက် အခံတွေရဲ့ အသံတွေက အရင်လောက် ကျယ်ကျယ်လောင်လောင် မကြားရ တဲ့အပြင် တကွဲတပြားနဲ့ တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။
တိတ်ဆိတ်မှုအစ
ဒီမိုကရေစီ ဆိုတဲ့ အသံတသံ တည်းအောက်မှာ ညီညွတ်စွာရပ်တည်နေခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံ ရေး အင်အား စုတွေ အားလုံးက သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ညီညွတ်မှု မရှိတော့ဘဲ အသံတိတ်လာပြီး အစိုးရကို စောင့် ကြည့် ဝေဖန် တိုက်တွန်းမှုတွေ သိပ်မလုပ် တော့တဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အတိုက်အခံတွေရဲ့ ရပ်တည်မှု ဘယ်လို လဲဆိုပြီး မေးခွန်း ထုတ်ရမယ့် အခြေအနေအထိကို ဆိုက်ရောက်လာပါတယ်။
အတိုက်အခံ နိုင်ငံရေး အင်အားစုခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်မယ် ဆိုတဲ့ ကတိပြုမှုတွေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်သွား ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ နှစ်ကျော် ကြာမြင့်လာချိန်မှာ လွှတ်တော်ထဲ ဝင်ရောက်သွားခဲ့တဲ့ NLD အနေနဲ့ သူကတိပြုထား တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တခုမှ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တာမျိုး မရှိ သေး ပါဘူး။ ဒါ့အပြင် ပြည်သူလူထုကြားမှာဖြစ် ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အပါ အဝင် လူထု နေ့စဉ်တွေ့ ကြုံ နေရတဲ့ အဆင်မပြေမှု၊ အခက်အခဲတွေနဲ့ အမှုအခင်း တွေမှာလည်း NLD က ထိထိ ရောက်ရောက် ကူညီတာမျိုး မလုပ်နိုင်ပါဘူး။
လွှတ်တော်ထဲမှာလည်း NLD က တင်သွင်းတဲ့ လူထုအကျိုးပြုနိုင်တဲ့ ဥပဒေဆိုတာမျိုး မရှိသလို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ စတဲ့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေတွေကို ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဥပဒေ တွေ ဖြစ်လာအောင် NLD က ဝေဖန်ထောက်ပြတာမျိုး မလုပ်ခဲ့ဘဲ နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကစလို့ NLD အမတ် အများစုဟာ ရေငုံနှုတ်ပိတ်လွှတ်တော် တက်ရင်း အချိန်ကုန်နေကြပါတယ်။
လွှတ်တော်ထဲ ဝင်သွားချိန်ကစလို့ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်လာပြီး လူထုနဲ့ကင်းကွာ လာပါ တယ်။ ဥပမာ တနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လိပ် ကျွန်း လူသတ်မှု၊ ဗကသ ကျောင်းသူ မဖြူနှင်းထွေး အဖမ်းခံနေရတဲ့ကိစ္စ၊ မိကျောင်းကန် မြေယာသိမ်း ဆည်းမှု၊ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခလိုမျိုး ကိစ္စ တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာမှထုတ် ပြန်ပြောဆိုတာမျိုး မလုပ်သလို NLD ပါတီကလည်း တစုံတရာ ကြေညာ ချက် ထုတ်ပြန်ပြောဆိုတာမျိုး မရှိဘဲ လျစ်လျူရှုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အသံတိတ်နေသလို ဒုတိယ အတိုက်အခံ နိုင်ငံရေး အင်အားစုလို့ဆိုနိုင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရည်မှန်း ချက်ပျောက်ပြီး အသံတိတ်နေပါတယ်။
“အတိုက်အခံ ပုံစံဆိုတာ တိတ်ဆိတ်နေတာ ထက် ပြောသင့်ပြောထိုက်တာ၊ ရှင်းလင်းသင့် ရှင်းလင်းထိုက်တာတွေကို ပြောဆို ရှင်းလင်းသင့်တယ်။ အတိုက်အခံတွေက အဲဒီအပိုင်းမှာ အားနည်းတယ်။ ပြီးတော့ အတိုက်အခံ အဖွဲ့တွေရဲ့ ဖွဲ့စည်းမှုတည် ဆောက်မှုပိုင်းတွေမှာလည်း ပိုပြီး စနစ်ကျသင့်တယ်လို့ မြင်တယ်။ အဲဒီလို မလုပ်နိုင်တာဟာ အားနည်း ချက်ပဲ၊ အဲဒီအားနည်းချက်တွေကို မပြင်နိုင်ရင် ရေရှည်မှာ လူထုထောက်ခံမှု လျော့ကျလာနိုင်တယ်”လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး
NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အသံ တိတ်နေချိန်မှာ အာဏာရပါတီမှာရှိတဲ့ ဗိုလ်ချုပ် ဟောင်းတွေ ၊ လက်ရှိ တပ်မတော် မှာရှိတဲ့ အရာရှိကြီး တွေဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ထိုးထိုး ဖောက် ဖောက် လုပ်လာနေ ကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးရာမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာရဲ့ အခန်း ကဏ္ဍက ရှေ့တန်းရောက်လာပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်လို့ ကြွေး ကြော်ခဲ့တဲ့ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ MPC က ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့ကို တက်ရောက်ရုံ ကလွဲလို့ ဒီထက်ပို ဘာမှမလုပ်နိုင်ပါဘူး။
ငြိမ်းချမ်းရေးကိစ္စမှာ NLD ရဲ့ ဆောင်ရွက်မှုက အတော်အားနည်းနေပြီး NLD မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီမံချက်၊ နိုင်ငံရေး စီမံချက်မျိုး သီးသန့်ရှိနေတာမတွေ့ရပါဘူး။ အလား တူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့မှာ ချီတက်ပွဲလုပ်တာ၊ ဖျော်ဖြေပွဲလုပ်တာ လောက်ပဲ လုပ်နိုင် ပါတယ်။
၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၈၈၈၈ (ရှစ်လေးလုံး) ဒီမိုကရေစီ ငွေရတုအရေးတော်ပုံ အခမ်းအနားမှာ ဆုံးဖြတ်ချက်အဖြစ် တန်းတူညီမျှတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်ထွန်းရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး၊ အမျိုးသား ညီလာခံတရပ် ပေါ်ထွန်းလာရေး အကောင် အထည်ဖော်ရေး လုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထုတ်ပြန်ချက်တွေက ရေပေါ်မှာ အရုပ်ရေးသလို ဖြစ်နေဆဲပါပဲ။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကိုယ်တိုင် နိုင်ငံရေး အဖွဲ့အစည်းအဖြစ် အသွင်မပြောင်းဘဲ သာမန် အရပ်ဘက် လူ့အဖွဲ့ အစည်းပုံစံနဲ့ ဆက်လက်ရပ်တည်နေတာမို့ ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
“၈၈ အဖွဲ့အစည်းနဲ့ တခြားအဖွဲ့အစည်းတွေ ထိတွေ့ဆက်ဆံမှု အပိုင်းတွေမှာလည်း အတော်လေး ကို အားနည်း တယ်လို့ မြင်တယ်။ အဲလိုအကြောင်း တွေကြောင့် ၈၈ မျိုးဆက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဟာ ထင်သလောက် ခရီးမပေါက် တာ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းပူးပေါင်းပြီး ဟောပြောပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် လက်မှတ် ကောက်ယူ ခဲ့ရာမှာ လက်မှတ် ၅ သန်းနီးပါး ရရှိခဲ့ပါတယ်။ ဒီလက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်ကိုပေးပို့ ခဲ့ပြီး ပြည်သူ့လက်မှတ်တွေကို လျစ်လျူမရှုဘဲ အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကြီးစိုးနေတဲ့ လွှတ်တော် မှာပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ အလားအလာက လက်ရှိအချိန်မှာ အတော်ကိုနည်းပါးနေပါပြီ။
NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လွှတ် တော်ဘက်က ပုဒ်မ ၄၃၆ မပြင်ဆင်ဘူးဆိုရင် အနာဂတ်မှာ ဘာဆက်လုပ်မလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ထားတာမျိုးမရှိသလို လက်မှတ် ၅ သန်းကျော် တင်ပြီးချိန်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် တစုံတရာ ထပ်မံတောင်းဆိုတာမျိုး တွေ မလုပ်တော့ပါဘူး။ ”ပွဲပြီးမီးသေ”ဆိုတဲ့ ပုံစံနဲ့ ၂ ဖက်စလုံးက ငြိမ်သက်သွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် အဲဒီတောင်းဆိုချက်က သိသာထင်ရှားတဲ့ တုံ့ပြန်ချက် တစုံတရာ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမရရင် ဘာမှဆက်မလုပ်ဘူး ဆိုတဲ့ပုံစံ ပေါက်နေပါတယ်။
တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး အတွက် လွှတ်တော်တွင်း မှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကို စည်းရုံးတာမျိုးတွေ လုပ်သင့် တယ် လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်နဲ့ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံ တောင်းဆိုရင်ပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်တွေ့ ဖြစ်လာမယ့်ပုံစံမျိုး ပြောနေတယ်။ ကျန်တဲ့ လွှတ် တော်ကိုယ်စားလှယ်တွေက အရေးမပါတဲ့ ပုံစံမျိုးပဲ။ သူတကယ်လုပ်ရမှာက ၄ ပွင့်ဆိုင် တွေ့ဆုံရေးထက် လွှတ်တော်တွင်းမှာ လွှတ်တော် ကိုယ်စား လှယ် တဦး ချင်းစီနဲ့ စကားပြောဖို့။ နောက်ဆုံး တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်ဖွဲ့တာမျိုး တွေ လုပ်ရမှာ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တဦးက သုံးသပ်ပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့မှာ တိကျတဲ့ မဟာဗျူဟာဆိုတာမျိုး မရှိဘဲ စိတ်ကူးပေါက်ရာ ထလုပ်သလိုမျိုး ဖြစ်နေတဲ့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်ဖို့ မလွယ်လှ ဘူး လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေး ကိစ္စမှာလည်း ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက အစီရင်ခံစာ ထုတ်ပြန်နိုင်တဲ့ အနေအ ထားသာရှိပြီး အစိုးရပိုင်းနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပျောက်ဆုံးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးမှုစင်တာ ၂ ခုကို မန္တလေးမြို့နဲ့ လားရှိုးမြို့မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားဖို့ရှိပါတယ်။
မူလက တရားဥပဒေ စိုးမိုးရေး စင်တာတွေ ဖွင့်လှစ်ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကိုယ်စားလှယ် အဖွဲ့ဝင်တွေ စေလွှတ် ပေးမယ်လို့ အစိုးရက ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းသွားပါတယ်။ တရား ဥပဒေ စိုးမိုးရေး စင်တာတွေ ဥပဒေသင်တန်းတွေနဲ့ ပြည်သူတွေကို ဥပဒေပိုင်းဆိုင်ရာ သိသင့်သမျှ သင် တန်းပေး သွားဖို့ ရှိတယ် လို့ သိရပါတယ်။
တရား ဥပဒေ စိုးမိုးရေး စင်တာတွေက တရား ဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုပေမယ့် ယိုယွင်းနေတဲ့ တရား ရေး မဏ္ဍိုင်ကို ပြန်လည်တည့် မတ်နိုင်မှာ မဟုတ်ပါဘူး။ ဥပဒေပညာရှင် အသိုင်း အဝိုင်းကတော့ NLD အနေနဲ့ တရား ဥပဒေ စိုးမိုးရေး လို့သာ ဟစ်ကြွေးနေပေမယ့် တကယ် ဥပဒေစိုးမိုးရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ နေရာ မှာ ထင်သာ မြင်သာတဲ့ အောင်မြင်မှုတွေ မရဘူးလို့ ဆိုကြပါတယ်။
တရားဥပဒေ စိုးမိုးရေးအတွက် နည်းလမ်း ၂ သွယ်လုပ်ဆောင်ဖို့ လိုအပ်ပြီး ပထမနည်းလမ်းအနေနဲ့ ဒီမိုကရေစီမဆန်တဲ့ ဥပဒေ ကို ဖျက်သိမ်းဖို့၊ လူထုအခွင့်အရေးတွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေ ပညာရှင်တွေ ထောက်ပြပါတယ်။ ဒုတိယနည်းလမ်း ကတော့ တရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ လာဘ် စားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ၊ ဥပဒေကြောင်း အရမတရားခံနေရတဲ့ အမှုတွေကို စောင့်ကြည့် သုံးသပ်တာ၊ ကြေညာချက် ထုတ်ပြန် တာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တွေ က ဆိုကြပါတယ်။
”ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေ စိုးမိုးရေးကော်မတီက ဘာမှမလုပ်နိုင်ဘူး။ ကော်မတီက အစီရင်ခံစာကို လွှတ်တော်က အစိုးရအဖွဲ့ကို တင်ပေမယ့် အစိုးရက အရေးမလုပ်ဘူး။ ရဲအင်အား မလုံလောက်တာတွေ တရားသူကြီး မလုံလောက်တာ တွေစတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေပေးတယ်။ ပြည်သူပါဝင်ဖို့ လိုတယ်ဆိုပြီးတော့ ပြောလာ တယ်။ ဒါတွေက အကြောင်းပြချက်သက်သက်တွေပဲ။ ဟိုဘက်အစိုးရရဲ့ အမွေဆိုးကြောင့် တရားစီရင်ရေး မဏ္ဍိုင်က ထူကို မထူနိုင်သေးဘူး”လို့ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်ပါတယ်။
အလားတူပဲ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့လည်းတရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ မကြာခဏ ပြောဆိုနေ ပေမယ့် တရားဥပဒေစိုးမိုးရေး တစုံတရာ ကူညီဆောင်ရွက်တာမျိုး မလုပ်ဆောင်နိုင်ပါဘူး။
လတ်တလော နိုင်ငံတွင်းမှာ ပုဒ်မ ၁၈ နဲ့ ထောင်ချခံနေရတဲ့ အမှုတွေ၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ လယ်ယာ မြေသိမ်းဆည်းခံ လယ်သမားတွေရဲ့ အမှုတွေ၊ မဖြူနှင်းထွေးလို ကျောင်းသူတဦးကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီး တရားစွဲ ဆိုနေတဲ့ အမှုတွေ၊ မီဒီယာသမားတွေကို ပုဒ်မအမျိုး မျိုးတပ် ဖမ်းဆီးအရေးယူနေတဲ့ တရားနည်းလမ်း မကျတဲ့ အမှုတွေ တော်တော်များများမှာ NLD နဲ့ ၈၈ မျိုးဆက်ရဲ့ ဝေဖန်ထောက်ပြသံတွေ ပျောက်ဆုံးနေပါတယ်။
အစိုးရက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပေး ဖို့ စိတ်မဝင်စားသလို အတိုက်အခံအင်အားစုတွေ ဘက်ကလည်း တရား ဥပဒေ စိုးမိုးဖို့ အပြောသာရှိပြီး လက်တွေ့မပါတဲ့ မဟာဗျူဟာမပါတဲ့ ဆောင်ရွက်မှု တွေကြောင့် မှန်ကန် ဖြောင့်မတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ပေါ်ထွန်းလာဖို့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။
တိတ်ဆိတ်မှု၏ ရလဒ်
ယခင် စစ်အစိုးရ လက်ထက်မှာ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေက ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိခဲ့ ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ သူတို့ရဲ့ တိတ်ဆိတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ ယုံကြည် ထောက်ခံမှု ကျဆင်းနေတာ အသေအချာပါပဲ။ တိုင်းရင်းသားတွေ ကြားမှာလည်း ဘယ်နိုင်ငံရေး အင်အားစုကို ယုံကြည် ရမလဲ ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။
ပြည်သူတချို့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကလည်း လူထုအကျိုးပြုမှုတွေ လုပ်ဆောင်မပေးနိုင်သလို NLD နဲ့ အတိုက်အခံ အင်အားစုတွေကလည်း လူထုအသံကို နားမထောင် ဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် ပြည်သူ လူထု ရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဆင်မပြေမှု ပြဿနာတွေကို ထောက်ပြတဲ့ အတိုက်အခံ အင်အားစု တွေရဲ့အသံ ပျောက်ဆုံး လာတာက ပြည်သူလူထုကို ပိုပြီးမျှော်လင့်ချက်မဲ့စေတယ်လို့ နိုင်ငံရေးသမားတချို့က သုံးသပ် ပါတယ်။
အတိုက်အခံတွေရဲ့ တိတ်ဆိတ်သွားတဲ့ အသံ တွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ မယုံကြည်မှု ရလဒ် တွေ ထွက်ပေါ်လာနိုင်တယ်ဆို ပြီးလည်း သုံးသပ်ပြောဆိုကြပါတယ်။
ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတဦးဖြစ် တဲ့ ဦးဦးလှစောက “အလုပ်လုပ်ပေမယ့် အကျိုးသက် ရောက် မှု မမြင်ရ ဘူးဆိုရင် မထိရောက်လို့ပေါ့။ ကျနော်တို့ လုပ်နေပါတယ် ပြောပေမယ့် လုပ်ဆောင် ချက်တွေရဲ့ အသီးအပွင့်ကို ပြည်သူ တွေ တိုက်ရိုက် မခံစားရဘူးဆိုရင် မအောင်မြင်လို့ပဲ ။ လုပ်တယ်လို့ ဘယ်လောက်ပဲပြောပြော ပြည်သူက ဘယ်ယုံတော့ မလဲ”လို့ သုံးသပ်ပြောဆိုပါတယ်။
(ထက်နိုင်ဇော်နှင့် သာလွန်ဇောင်းထက် ပူးပေါင်းရေးသားသည်)